ဇွန် ၄ ရက်(ယနေ့)တွင် ယှဉ်ပြိုင်ကစား မည့် မြန်မာ ယူ-၂၃ အသင်းနှင့် အိမ်ရှင် စင်ကာပူ ယူ-၂၃ အသင်းတို့၏ အုပ်စုပွဲစဉ်ကို မြန်မာဘောလုံးပရိသတ် ရာဂဏန်းသာ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အိမ်ရှင်စင်ကာပူအသင်းသည် မြန်မာအသင်းနှင့်ပွဲတွင် မြန်မာပရိသတ်၏ အားပေးမှုကို လျှော့ချရန်အတွက် လက်မှတ်ခွဲတမ်းကို နည်းပါးစွာသာ ရောင်းချပေးခြင်းဖြစ်သည်။
မြန်မာပရိသတ်များသည် ဇွန် ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်ဒိုနီးရှားအသင်းနှင့် အုပ်စုအဖွင့်ပွဲတွင် တစ်ခဲနက် လာရောက်အားပေးခဲ့ပြီး ပရိသတ် ၈၀၀၀ ဆံ့ ဂျလန်းဘီဆာကွင်းတွင် လေးထောင်ကျော် လာရောက် အားပေးခဲ့ကြသည်။
“ဒီပွဲကို လက်မှတ်ခွဲတမ်းက ၅၀၀ ကျော်လောက်ပဲ ရပါတယ်။ စင်ကာပူပရိသတ်ဘက်မှာ ၃၀၀ လောက် ဝယ်ထားပေမယ့် ဝင်ခွင့်ရ၊ မရတော့ မသိသေးပါဘူး။ အိမ်ရှင်အသင်းနဲ့ ကစားရတာကြောင့် လက်မှတ်ခွဲတမ်းက လိုသလို မရနိုင်ပါဘူး။ တတ်နိုင်သလောက်တော့ များများရအောင်လုပ်ပြီး အားပေးသွားမှာပါ။ တခြားပွဲတွေကတော့ ပြဿနာမရှိပါဘူး။ အိမ်ရှင်အသင်းနဲ့ပွဲသာ ခက်တာပါ။ ကျွန်တော်တို့ကလည်း ရတဲ့အင်အားနဲ့ မြန်မာအသင်း အနိုင်ရဖို့ အားပေးသွားမှာပါ” ဟု စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာဘောလုံး ပရိသတ်တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာဘောလုံး ပရိသတ်များသည် စည်းကမ်းတကျ အားပေးမှုကြောင့် နာမည်ကောင်း ရရှိထားပြီး အင်ဒိုနီးရှားအသင်းနှင့် ပွဲအပြီးတွင်လည်း ပရိသတ်များမှာ အမှိုက်များကို အိတ်များဖြင့် ပြန်လည်သိမ်းဆည်း ပေးခဲ့ကြောင်း သိရသည်။
မြန်မာဘောလုံး ပရိသတ်များသည် ပြီးခဲ့သည့် ၂၀၁၄ ဆူဇူကီးဖလား ပြိုင်ပွဲတွင်လည်း မြန်မာ့လက်ရွေးစင် အသင်းကို တစ်ခဲနက်အားပေးခဲ့ပြီး စင်ကာပူအသင်းကို ရှုံးနိမ့်ခဲ့သောပွဲအပြီးတွင် စင်ကာပူအမျိုးသား အားကစားကွင်း၌ အမှိုက်များကို ပြန်လည်သိမ်းဆည်း ပေးခဲ့သောကြောင့် နိုင်ငံတကာမီဒီယာများ၏ ချီးကျူးမှုကို ခံခဲ့ရပြီး ယခုဆီးဂိမ်းစ် ပြိုင်ပွဲတွင်လည်း စည်းကမ်းတကျ အားပေးရန် လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာပရိသတ်များ အိမ်ရှင် စင်ကာပူနှင့်ပွဲတွင် ရာဂဏန်းသာ ကြည့်ရှုခွင့် ရရှိမည်၊ အိမ်ရှင် စင်ကာပူက လက်မှတ်အများစုကို မိမိပရိသတ်များကိုသာ ရောင်းချထား