မိုးရွာတိုင်း အစဉ်အလာမပျက် ရေနစ်နေတဲ့ မြို့တော်ရန်ကုန်

မိုးရွာတိုင်း အစဉ်အလာမပျက် ရေနစ်နေတဲ့ မြို့တော်ရန်ကုန်
Published 2 June 2015
မင်းချစ်နိုင်

 ယခုနှစ် အယ်လ်နီညိုရာသီဥတုရဲ့ အစပျိုးနိမိတ်ကြောင့်များလား မသိ။ ရန်ကုန်မှာ တော်တော်ပူသည်။ မြန်မာပြည်အနှံ့မှာလည်း တော်တော်ပူသည်။ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုကလည်း အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ စံချိန်ကိုတောင် ကျော်လွန်ခဲ့သည်။  အပူဒဏ်ကြောင့် ကျွန်တော်တို့အားလုံး မိုးကို မျှော်ခဲ့ကြသည်။ သို့ပေမဲ့ မိုးက သင်္ကြန်လက်ဆေးမိုးတောင် မရွာခဲ့။ တန်ခူး ကဆုန် စွေ့စွေ့ခုန်တဲ့။ ကျွန်တော်တို့ စွေ့စွေ့ခုန်ရုံတင်မက လူးလှိမ့်နေခဲ့ကြရသည်။ လူတိုင်းရဲ့နှုတ်ဖျားကလည်း ပူလိုက်တာ၊ ပူလိုက်တာလို့ ညည်းညူခဲ့ကြရသည်။ ယခင်က မေလဆန်းဆိုလျှင် မိုးရွာသွန်းနေကျဖြစ်သော်လည်း ဒီနှစ်မိုးက ဘာအရိပ်အယောင်ကိုမှ မပြဘဲ ပုန်းရှောင်နေသည်။  နေနိုင်သူ မိုးကြောင့် အပူဟာ ပိုပြီးအတင့်ရဲခဲ့သည်။ အပူကြောင့် လူတချို့ အသက်ဆုံးရှုံးခဲ့ရ သည်။ မြန်မာပြည်အလယ်ပိုင်းဒေသတွင် ရေရှားပါးပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့သည်။ လယ်ယာလုပ်ငန်းခွင်ဝင်ရန် နောက်ကျခဲ့ရသည်။ ထို့ကြောင့် မိုးကို ပိုမျှော်ခဲ့ကြသည်။ မိုးရွာဖို့အတွက် မြန်မာပြည်အထက်ပိုင်းဒေသတွေမှာ လွန်ဆွဲပွဲတွေ၊ ပရိတ်ရွတ်ပွဲတွေပြုလုပ်ပြီး မိုးကို ခေါ်ခဲ့ကြသည်။
 
အဲသည်လို မျှော်နေ ခေါ်နေ တမ်းတနေကြရတဲ့မိုးဟာ မေလလယ်ကျော်လာမှပဲ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းနှင့်အတူ မြန်မာ့မြေပေါ်သို့ ကြွေကျသက်ဆင်းလာခဲ့ပါတော့သည်။ မြန်မာပြည်သူပြည်သားများ တစ်နွေလုံး လောင်ကျွမ်းခဲ့ရသည့် အပူမီးများ ငြိမ်းအေးခဲ့ရသည်။ နေရထိုင်ရတာလည်း သက်သောင့်သက်သာ ဖြစ်သွားသည်။ အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသမှာ ရရှိလာသည့် မိုးနှင့်အတူ ထွန်ရေးပြင်ကြတော့သည်။ မြို့တော်ရန်ကုန် မိုးသည်းသည်းကြားမှာလည်း လူတွေ ကားတွေ ရောင်စုံထီးတွေ လမ်းသလားကြသည်။ ပထမရက်များက သိပ်မသိသာပေမယ့် မေ ၂၃ ရက်မှာ ရွာခဲ့သည့် မိုးကတော့ ရေပါလွန်းခဲ့သည်။ ရေပါလွန်းခဲ့တော့ ရန်ကုန်လည်း ရေမျောခဲ့သည်။ ဘယ်ချောင်မှာ ဘယ်လိုကပ်နေမှန်း မသိခဲ့လေသော အမှိုက်သရိုက် အစုတ်ပလုတ်မျိုးစုံကလည်း လမ်းများပေါ်တွင် ပြန့်ကျဲနေခဲ့သည်။
 
မေ ၂၃ ရက်က ရွာခဲ့သည့်မိုးကြောင့် ရန်ကုန်မြို့ရှိ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ အလုံ၊ သာကေတ၊ မရမ်းကုန်း၊ ဗိုလ်တစ်ထောင်၊ တောင်ဥက္ကလာပ၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တံတား၊ မြောက်ဥက္ကလာပမြို့နယ် အစရှိသည့် မြို့များတွင် ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ရ သည်။ ရေလျှံမှုကြောင့် ကားလမ်းများ ပိတ်ခဲ့ရသလို အချို့ဈေးဆိုင်များ ပိတ်ထားခဲ့ရသည်။ အချို့မြို့နယ်အတွင်းက နေအိမ်များ ရေမြုပ်မှုလည်း ဖြစ်ပေါ်ခဲ့ရသည်။ ရန်ကုန်မြို့တွင် မိုးရွာတိုင်း ရေနစ်မြုပ်ခဲ့ သည်မှာ ယခုမှမဟုတ်။ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေခဲ့တာဖြစ်သည်။ 
အဲဒီလို မိုးရွာတိုင်း ရန်ကုန်မှာ ရေနစ်နေရတဲ့အတွက် လူရွှင်တော်တွေတောင် ပြက်လုံးထုတ်ကြသည်။ မြန်မာပြည်က လမ်းဖောက်တဲ့ အင်ဂျင်နီယာတွေဟာ သိပ်တော်တာပဲတဲ့။ လမ်းကို ကားရော၊ သင်္ဘောရော သွားလို့ရအောင် ဖောက်လုပ်နိုင်တယ်တဲ့လေ။ မှန်ပါသည်။ မိုးရွာရင် ရွှေမြို့တော်ရန်ကုန်လမ်းမတွေမှာ သင်္ဘောမောင်းချင်လျှင် မောင်းလို့ရအောင် ရေပင်လယ်ဝေနေခဲ့ပါသည်။ 
 
ဒါကြောင့်လည်း တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးမှာ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန်တစ်မြို့လုံးရှိ ရေမြောင်းများကို ချဲ့ခြင်း၊ တူးဖော်ပြုပြင်ခြင်းများအတွက် ကျပ်သိန်းပေါင်းသုံးသောင်းခန့် အကုန်အကျခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် စီမံချက်ဖြင့် အထူးလုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ 
ထိုသို့လုပ်ဆောင်ခြင်းသည် ရေကြီးရေလျှံမှုများကို မည်ရွေ့မည်မျှ တားဆီးနိုင်မည်ကိုတော့မသိ။ ရေမြောင်းဖော်သည့် နေရာများတွင် လုပ်ငန်းများ ပြီးပြတ်အောင် မလုပ်ဆောင်သဖြင့် သွားရေးလာရေးခက်ခဲပြီး ရပ်ကွက်နေပြည်သူများ စိတ်သောက ရောက်နေကြရသည်။ ရေမြောင်းများ ပိုမိုပိတ်ဆို့ပြီး ရေများပိုလျှံလာသည်လည်းရှိလာသည်။
 
ဖေဖော်ဝါရီလကလည်း ရန်ကုန်မြို့ ရေကြီးရေလျှံမှုကို ကာကွယ်ရန်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကြည့်မြင်တိုင်မြို့နယ် ရွာသစ်ချောင်း(ကျုံးကြီးမြောင်း)၊ လှိုင်မြို့နယ် ပိတောက်ချောင်း၊ အလုံမြို့နယ် ဟာဘီချောင်း၊ ကွင်းချောင်းမြောင်းတို့မှာ ရေထိန်းတံခါးများ တည်ဆောက်ရန် စီစဉ်ထားကြောင်း သတင်းစာတွေထဲမှာ ဖတ်လိုက်ရသည်။ အဆိုပါ ရေထိန်းတံခါးများ တည်ဆောက်ပြီးပါက ရန်ကုန်မြို့ကို ထူးကဲဒီရေအန္တရာယ်မှ ကာကွယ်ပေးနိုင်ပြီး ရေကြီးရေလျှံမှုကိုလည်း ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။ 
ယခုလောလောဆယ်တွင် မိုးက ခပ်ဆတ်ဆတ်လေး ရွာလိုက်သည်နှင့်  ရန်ကုန်ဟာ ရေနစ်နေရသည်။ သွားရေးလာရေး ခက်ခဲ၊ အလုပ်အကိုင်များထိခိုက်၊ ကျန်းမာရေးတွေ ကယောင်ချောက်ချား ဖြစ်နေရသည်။ 
 
ရန်ကုန်မှာ နှစ်စဉ်ရေလျှံနေတဲ့အတွက် စည်ပင်သာယာရေးကော်မတီက မိုးရာသီကာလမတိုင်မီ ရေမြောင်းများကို ရှင်းလင်း၊ တူးဖော်ပြီး ရေစီးရေလာကောင်းအောင် ဆောင်ရွက်သည်။ မိုးရွာလျှင် ရန်ကုန်မှာ ရေလျှံမှု ကင်းဝေးဖို့ ဆောင်ရွက်နေသည်ဟုလည်း နှစ်တိုင်းပြောလေ့ရှိသော်လည်း မိုးရွာလျှင် ယခင်နှစ်တွေအတိုင်း ရန်ကုန်ဟာ ရေမြုပ်မြဲ မြုပ်ဆဲဖြစ်သည်။ ရန်ကုန်မြို့မှာရှိတဲ့ အဓိကရေစီးဆင်းတဲ့မြောင်းအများစုဟာ အင်္ဂလိပ်လက်ထက်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ခုနောက်ပိုင်း ပြန်လည်ပြုပြင်အသုံးပြုနေခြင်းဖြစ်သည်။ ရေမြောင်းများသည် ကာလတာရှည်က ရေမြောင်းများဖြစ်သလို အမှိုက်စွန့်ပစ်မှု စနစ်မကျသဖြင့် ရေမြောင်းအများစုဟာ ပိတ်ဆို့နေပြီး မိုးအနည်းငယ်ရွာလိုက်ရုံနဲ့ ရေလျှံနေရခြင်းဖြစ်သည်။
 
ဒီကိစ္စများကို လတ်တလောဖြေရှင်းဖို့ မြို့တော်စည်ပင်က လမ်းတွေကိုမြှင့်ပြီး ကွန်ကရစ်လမ်းတွေ လုပ်လိုက်သည်။ လမ်းပေါ် ရေလျှံမှုမဖြစ်တော့သည့်တိုင် အနိမ့်ပိုင်းရှိ လူနေအိမ်များအတွင်း ရေများဝင်ရောက်ကုန်ပါတော့သည်။ မိုးရွာရင် ရေလျှံတဲ့ပြဿနာကို ယနေ့တိုင် ဖြေရှင်းနိုင်ခြင်း မရှိသေး။
 
မည်သို့ပင်ဆိုစေကာမူ မိုးရွာလျှင် ရန်ကုန်မြို့မှာ ရေကြီးနေရသည်ကို ဖြေရှင်းနိုင်ရန် အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည်ကို သတင်းများတွင် အထင်အရှားတွေ့ မြင်နေရသကဲ့သို့ မိုးရွာတိုင်း ရန်ကုန်မြို့ ရေနစ်နေရသည်ကိုလည်း အမြဲတွေ့နေရသည်။ တကယ်ဆိုလျှင် လုပ်ငန်းတစ်ခုကို လုပ်ဆောင်သည့်နေရာတွင် အောင်မြင်အောင် လုပ်ဆောင်နိုင်မှုသည် အရေးကြီးဆုံးဖြစ်သည်။ 
 
ယခု မိုးရွာတိုင်း ရန်ကုန်မှာ ရေလျှံပြီး ရေနစ်နေရသည့်ကိစ္စကို ဖြေရှင်းနိုင်ဖို့ မြို့တော်စည်ပင်မှာ တာဝန်အရှိဆုံးဖြစ်သော်လည်း ပြည်သူများကလည်း ဝိုင်းဝန်းကူညီရမည်ဖြစ်သည်။ ပြည်သူများကလည်း ရေမြောင်းထဲ အမှိုက်ပစ်တာမျိုးကို ရှောင်ကြဉ်ရပါမည်။ ပြဿနာတစ်ခုခုဖြစ်လာတိုင်း တစ်ယောက်နှင့် တစ်ယောက်အပြစ်ဖို့နေသည်ထက် ပူးပေါင်းဖြေရှင်းရမည်။ အနာသိရင် ဆေးရှိသည်ဆိုသကဲ့သို့ ရန်ကုန်မှာ မိုးရွာတိုင်း ရေလျှံနေသည့်အနာကို သိအောင်လုပ်ပြီး ဆေးထိထိရောက်ရောက် ကုသရပါမည်။ သို့မှသာ မြို့တော်ရန်ကုန်ဟာ မိုးရွာတိုင်း ရေနစ်နေရသည့် အစဉ်အလာဆိုးကို ဖျောက်ဖျက်ပစ်နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။