တစ်ခုသော နိုင်ငံရပ်ခြား တက္ကသိုလ်သမဂ္ဂရွေးကောက်ပွဲလေး

တစ်ခုသော နိုင်ငံရပ်ခြား တက္ကသိုလ်သမဂ္ဂရွေးကောက်ပွဲလေး
Published 2 June 2015
စောလူ

အခုတလောကျောင်းသတင်းစာကို စိတ်ဝင်တစား ကြည့်နေမိလေရဲ့။ ကျောင်းသတင်းစာဆိုတာက ကိုယ့်အလုပ်လုပ်ခဲ့ရာ မြောက်အီလီနွိုင်းတက္ကသိုလ်က ကျောင်းသားသတင်းစာ။ နာမည်က အင်္ဂလိပ်လို  ။ မြန်မာလိုဆိုရင် ဓူဝံ။
 
စိတ်ဝင်စားနေတာက ကျောင်းသားအသင်းရွေးကောက်ပွဲသတင်း။ ကျောင်းသားအသင်းဆိုလို့ ခေါင်းရှုပ်မသွားလိုက်ပါနဲ့။ ကိုယ့်မြန်မာလိုတော့ ကျောင်းသားသမဂ္ဂပါပဲ။ ဒါပေမဲ့ ဒီကျောင်းမှာ အင်္ဂလိပ်လို Student's Union လို့မဆို၊ Student's Association လို့ သုံးတော့ မြန်မာလို ကျောင်းသားအသင်းလို့ ခေါ်လိုက်တာက ပိုပြီးနီးစပ်မယ်ထင်ပါရဲ့။ ကျောင်းသားအသင်း ရွေးကောက်ပွဲကို စိတ်ဝင်စားမိရတဲ့အကြောင်းက ဒီလို။ ရှေးတုန်းက ကျောင်းသားအသင်းရွေးကောက်ပွဲဆိုတာ ရှိလို့ရှိမှန်းတောင်မသိဘဲ ပြီးပြီးသွားနေကျ။ 
ဒီနှစ်မှာမှ ထူးထူးခြားခြား ရွေးကောက်ပွဲ အငြင်းပွားမှု ကြုံနေကြားနေရလို့။
 
ကျောင်းသားအသင်း ရွေးကောက်ပွဲကို ပညာသင်နှစ် တစ်နှစ်ကုန်ခါနီး ဆောင်းနှောင်းရာသီမှာ လုပ်နေကျ။ မတ်လကုန်လောက်ဆိုပါတော့။ ဒါမှ ရွေးချယ်ထားတဲ့ ကျောင်းသားအသင်းက နောက်ပညာသင်နှစ် မစခင်ကတည်းက လှုပ်ဖို့ရှားဖို့၊ ကျောင်းသားအရေးဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေမှာကိုး။ နောက်ပြီး ကျောင်းသားအသင်းရွေးကောက်ပွဲကို ကမကထလုပ် ကျင်းပတာက ကျောင်းသားတွေပါပဲတဲ့။ ရွေးကောက်ပွဲဘုတ်အဖွဲ့၊ မြန်မာအစိုးရစကားနဲ့ဆိုရင်တော့ ရွေးကောက်ပွဲကော်မရှင်ပေါ့။ ကျောင်းသားကိစ္စ ကျောင်းသားတွေပဲလုပ်၊ တက္ကသိုလ်အာဏာပိုင်တွေက ဘယ်နေရာမှာမျှ ဝင်မစွက်။
 
အမေရိကန်ကျောင်းသားတွေများ မတက်မကြွ၊ ထုံထုံမှိုင်းမှိုင်းတွေလို့ ဆိုရမလားမသိ။ ကိုယ့်အရေးဆောင်ရွက်ပေးမယ့် ကျောင်းသားအသင်းကို စိတ်ဝင်တစားမရှိလှ။ ရွေးကောက်ပွဲကျင်းပချိန်မှာတောင် စိတ်မဝင်စား။ ကျောင်းသားနှစ်သောင်းကျော်ရှိတဲ့ ကျောင်းမှာ မဲလာပေးတဲ့ကျောင်းသားက နှစ်ထောင်ကျော်တယ် ဆိုရုံလေးရှိတတ်ရဲ့။ တစ်ခါတလေများ တစ်ထောင်အောက်တောင် ရောက်သေး။ စာရင်းဇယားကိုင်ပြောရရင် ၂၀၁၂ က ၇၅၀၊ ၂၀၁၃ က ၁၅၀၀၊ ၂၀၁၄ က ၂၆၀၀၊ ဟော ဒီနှစ်ကျတော့ ၂၄၀၀ ကျော်တဲ့။ 
အသည်းကြားက မဲတစ်ပြား တန်ဖိုးမထားကြပုံ ပြောပါတယ်။
 
ပြိုင်ဘက်အဖွဲ့အစည်းကလည်း ကိုယ့်မြန်မာနိုင်ငံ ရှေးရှေးသမဂ္ဂရွေးကောက်ပွဲတုန်းကလို များလှတာမဟုတ်။  ကိုယ်ငယ်ငယ် ကိုယ်ကျောင်းတက်ခဲ့ရတဲ့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲမှာတုန်းကဆို သုံးဖွဲ့ကြီးများတောင်။ ကျောင်းသားတပ်ဦးတဲ့။ 
တပ်ဦးသစ်တဲ့။ အင်အားတဲ့။ အဖွဲ့တိုင်းမှာက နိုင်ငံရေးပါတီကျောထောက်နောက်ခံ ကိုယ်စီနဲ့။ ဗကပကျောင်းသား၊ အလံနီကျောင်းသား၊ ဖဆပလကျောင်းသား၊ ဒီ ကျောင်းမှာကျအဖွဲ့က နှစ်ဖွဲ့တည်း။ တစ်ဖွဲ့နာမည်က “ပြောင်းလဲရေးအသံ”၊ အတိုကောက် “ပလသ”ဆိုပါစို့။ နောက်တစ်ဖွဲ့နာမည်က “ကျောင်းသားတိုင်းအတွက် ရပ်တည်ချက်”၊ အတိုကောက် “ကတရ”ဆိုပါစို့။ ဘယ်နိုင်ငံရေးပါတီဆီကမှ ကျောထောက်နောက်ခံမရ။ ရီပတ်ဘလစ်ကင်ဆိုတာရော၊ ဒီမိုကရက်ဆိုတာရော ကျောင်းသားအသင်းအရေးမှာ မပတ်သက်။ အရောင်ဝင်မဆိုး။ ဒီနာမည်တွေက ဒီနှစ်အရွေးခံမယ့်ကျောင်းသားအုပ်စု နှစ်စု၊ စိတ်ကြိုက်ရွေးထားတဲ့နာမည်။ နောင်နှစ် အရွေးခံတဲ့အုပ်စုတွေကျ ဒီနာမည် ဟုတ်ချင်မှ ဟုတ်တော့မှာပေါ့။ နာမည်ဆိုတာက အရွေးခံမယ့်အုပ်စုသဘော။
 
ဒီလောက် ပြင်ပ ပယောဂမကင်းတဲ့ကြားက ဒီနှစ်တော့ အငြင်းအခုံဖြစ်ပြီ။
 
ရွေးကောက်ပွဲရက်က နှစ်ရက်။ မတ် ၂၄ နဲ့ ၂၅။ မဲပေးစရာနေရာတွေက အများသွားလာနေတဲ့နေရာတွေ။ စာကြည့်တိုက်၊ ကျောင်းသားရိပ်သာ၊ အပန်းဖြေရိပ်သာ၊ စားပွဲပေါ်မှာ ကွန်ပျူတာလေးတွေ ချထားလို့၊ မဲပုံးလေးတွေ ချထားလို့။ ကြိုက်သလို မဲပေးဖို့။ လာတဲ့လူက ခပ်ကျဲကျဲ။ ကိုယ်တွေ့ခဲ့ဖူးတဲ့ မန္တလေးတက္ကသိုလ်သမဂ္ဂရွေးကောက်ပွဲနဲ့ တခြားစီ။ မန္တလေးတက္ကသိုလ်ရွေးကောက်ပွဲ က တရုန်းရုန်း။ တအုန်းအုန်း။ တီးတဲ့လူတီး၊ မှုတ်တဲ့လူမှုတ်၊ ကတဲ့လူက၊ မနက် နေ့ ည သန်းခေါင်လောက် မဲရေတွက်ပြီးတဲ့အထိ။ တကယ့်ပွဲကြီးလမ်းကြီး။
 
မဲပေးရမယ့်ရာထူးက လေးနေရာ။ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ အဲနောက် တစ်နေရာကတော့ အင်္ဂလိပ်လို Student's Trustee တဲ့။ မြန်မာလို တိုက်ရိုက်ပြန်ရင်တော့ ကျောင်းသားယုံကြည်ကိုးစားရသူ။ သက်ရောက်အဓိပ္ပာယ်ကတော့ ကျောင်းသားကိုယ်စားလှယ်တော်။ 
တခြားရာထူးတွေလည်း ကျောင်းသားက ရွေးချယ်ထားတဲ့ ကျောင်းသားကိုယ်စားလှယ်တွေပဲ။ ဒီရာထူးမှ ကျောင်းသားကိုယ်စားလှယ်တော်လို့ ဘာကြောင့် ထူးပြီးခေါ်ရသလဲ မသိ။
 
ရွေးကောက်ပွဲစတဲ့နေ့မှာပဲ ပြဿနာကပေါ်ပြီ။ ပြောင်းလဲရေးအသံအဖွဲ့ (ပလသ) ကို ကျောင်းသားအတွက် ရပ်တည်ချက်အဖွဲ့ (ကရတ)က ကန့်ကွက်ပြီ။ ရွေးကောက်ပွဲ ဘုတ်အဖွဲ့က ပလသ ရထားတဲ့မဲတွေကို တရားမဝင် လုပ်ချလိုက်ပြီ။ အကြောင်းပြချက်က မဲဆွယ်တဲ့အခါ ခြိမ်းခြိမ်းခြောက်ခြောက် လုပ်လို့ဆိုပဲ။ ဘယ်လိုခြိမ်းခြိမ်းခြောက်ခြောက် လုပ်တယ်တော့ သတင်းစာထဲမှာ မသဲကွဲ။ အလွန်အမင်း အမှိုက်ရှုပ်မှုပါရဲ့။ မတ်လ ၂၄ ရက်ကတည်းက သတိပေးထားပါလျက် မဲပေးစခန်းတစ်ခုမှာ အမှိုက်ရှုပ်ခဲ့သတဲ့။ ရှုပ်ထားတဲ့အမှိုက်ဆိုတာက ရွေးကောက်ပွဲ လက်ကမ်းကြော်ငြာတွေထားခဲ့တာ။ နောက်တစ်မှုက ရွေးကောက်ပွဲဘုတ်အဖွဲ့က အတည်မပြုရသေးဘဲ လက်ကမ်းကြော်ငြာဖြန့်ဝေမှု။ နောက်တစ်မှုက ရွေးကောက်ပွဲဘုတ်အဖွဲ့ အတည်မပြုရသေးတဲ့ ပိုစတာမကပ်ရမယ့် နေရာမှာ ကပ်ထားမှု။ တက္ကသိုလ်ထဲမှာက ကြော်ငြာတွေ၊ ပိုစတာတွေ ကပ်ချင်တိုင်း ကပ်ခွင့်မရှိဘဲ။ ခွင့်ပြုထားတဲ့ကြော်ငြာတောင် သတ်မှတ်ထားတဲ့နေရာမှာမှ ကပ်ခွင့်ရှိတာ။ ဒီလိုစွဲချက်တွေ တင်လိုက်တော့ ပလသကလည်း အရုပ်မှမဟုတ်တာ။ 
ဘယ်ငြိမ်နေပါ့မလဲ။ ကရတကို ပြန်ကန့်ကွက်ပြီ။ အကြောင်းပြချက်က ဓူဝံကျောင်းသားသတင်းစာနဲ့ ပတ်သက်နေလေရဲ့။ ကျောင်းသားအများပိုင် သတင်းစာဖြစ်ပါလျက် ရွေးကောက်ပွဲသတင်းဖော်ပြရာမှာ ကရတဘက်ကို ပင်းသတဲ့။ (ပြည်သူအများပိုင်သတင်းစာက ပါတီတစ်ဖက်ဖက်ကို ပင်းလျှင် ဘယ်သို့ပြောကြမည်မသိ။ ဤကား စကားချပ် သို့မဟုတ် စကားကျပ်)
 
ဒီတင် ဘယ်သူစိတ်ဝင်စားစား၊ မဝင်စားစား ရွေးကောက်ပွဲစိတ်ဝင်စားတဲ့ ကျောင်းသားတချို့က ပူညံပူညံလုပ်ပြီ။ ပူညံပူညံလုပ်ဆိုပေမယ့် လမ်းပေါ်ထွက် ပူညံပူညံလုပ်တာ မဟုတ်။ အခုအခါ မြန်မာနိုင်ငံမှာလည်း ခေတ်စားနေတဲ့ ဖွဘုတ်က ဖွကြတာ။ ရွေးကောက်ပွဲပြန်လုပ်ဖို့ကောင်းတယ်တို့၊ မြောက်အီလီနွီုင်းတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ပေးရမယ်တို့။ ဒါကိုတော့ ဓူဝံကျောင်းသား သတင်းစာက မနှစ်သက်။ ကျောင်းသားရွေးကောက်ပွဲဆိုတာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ မဆိုင်။  ကျောင်းသားကိစ္စ ကျောင်းသားသဘောအတိုင်း ဖန်တီးနေတဲ့ဥစ္စာ။ အခု တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကန့်ကွက်ကြတဲ့အရေးမှာ ပဓာနက ကျောင်းသားတရားရုံးချုပ်။ နှစ်ဖက်ကန့်ကွက်ချက်ကို ကျောင်းသားတရားရုံးချုပ် က ကြားနာလိမ့်မပေါ့။ ဘယ်လိုဖြစ်သင့်တယ်ဆိုတာ ဆုံးဖြတ်လိမ့်မပေါ့။ အခုအချိန် ဖွမနေနဲ့။ ထင်ရာပြောမနေနဲ့။ ကျောင်းသားတရားရုံးချုပ် အဆုံးအဖြတ်ကို စောင့်ကြည့်ဦးပေါ့။
 
ဓူဝံသတင်းစာ အယ်ဒီတာ့အာဘော်အတိုင်းပါပဲ။ အာဏာလက်ရှိ ကျောင်းသားအသင်းဥက္ကဋ္ဌကလည်း ကျောင်းသားတွေ စိတ်ရှည်ကြပါ၊ စိတ်ရှည်ကြပါတဲ့။ ကျောင်းသားတရားရုံးချုပ် အဆုံးအဖြတ်က ဘယ်လိုလာမလဲ စောင့်ကြည့်ကြပါဦးဗျာတဲ့။
 
ဒီမှာ ကျောင်းသားတရားရုံးချုပ်အကြောင်း ပြောရဦးမယ်။ တရားရုံးချုပ်ဆိုတာက ကျောင်းသားအသင်း အခြေခံစည်းမျဉ်းဥပဒေနဲ့အညီ ကျောင်းသားအသင်းက ခန့်အပ်ထားတဲ့အဖွဲ့အစည်းတွေ။ ကျောင်းသားတရားသူကြီး ငါးဦးပါလေရဲ့။ ကျောင်းသားအသင်းနဲ့ ကျောင်းသားအသင်းအောက် အဖွဲ့အစည်းငယ်တွေနဲ့ ပတ်သက်လာတဲ့ စည်းကမ်းရေးရာ ဥပဒေရေးရာပြဿနာတွေ ပေါ်လာသမျှ ကြားနာဖြေရှင်းပေးရတဲ့ အဖွဲ့အစည်း။ အငြင်းအခုံဖြစ်ရင် ပြဿနာပေါ်ရင် ကျောင်းသားတရားရုံးချုပ်ကိုသာ ဦးတည်လျှောက်ထား၊ အယူခံဝင်။ တရားရုံးချုပ် အဆုံးအဖြတ်က နောက်ဆုံး။ ဒီလိုနဲ့ ကျောင်းသားအသင်း အငြင်းပွားမှုက ကျောင်းသားတရားရုံးချုပ်ကို ရောက်ရောဆိုပါတော့။ ရွေးကောက်ပွဲအမှုအတွက် ကျောင်းသားတရားရုံးက ရက်ချိန်းပေးလိုက်ပြီ။ နောက်အပတ် အင်္ဂါနေ့တွင် ကြားနာမတဲ့။
 
အမှုကို တရားရုံးက မကြားနာရသေး။ ပြဿနာတစ်ခုက ကျောင်းသားအသင်း ဆီးနိတ်အဖွဲ့ဝင်တစ်ဦး အာချောင်တဲ့ကိစ္စ။ တရားဝင် မကြေညာခင် ပြောင်းလဲရေးအသံအဖွဲ့ကို ရွေးကောက်ပွဲရလဒ် သတင်းပေးလိုက်တဲ့ကိစ္စ။
 
သြော် ဆီးနိတ်ဆိုလို့ ပြောစရာပေါ်လာပြန်ပြီ။ ဆီးနိတ်ဆိုတာက တရားရုံးချုပ်လိုပဲ ကျောင်းသားအသင်းရဲ့အဖွဲ့အစည်းတစ်ခု။ တက္ကသိုလ်တစ်ခွင်မှာ ကျောင်းသားအဖွဲ့တွေ က အများသား။ အာရှ၊ အာဖရိက ကျောင်းသားအဖွဲ့လည်းရှိ။ ဥရောပကျောင်းသားအဖွဲ့ လည်းရှိ။ မြန်မာချစ်ကျောင်းသားအဖွဲ့ဆိုတာပင် ရှိလိုက်သေး။ ဒီအဖွဲ့တွေ လှုပ်လှုပ်ရှားရှား ဖြစ်လာဖို့ကျ ငွေကြေးက လိုလာရော။ ငွေကြေးလိုလာရင် ကျောင်းသားဆီးနိတ်အဖွဲ့တွေ့။ ကျောင်းသားအသင်းအတွက် ကျောင်းအုပ်ချုပ်ရေးက ခွဲဝေပေးထားတဲ့ ဘတ်ဂျက်က တစ်နှစ်ခြောက်သန်းကျော် ခုနစ်သန်း။ ခွဲဝေသုံးစွဲရေးမှာ တာဝန်ရှိတာက အသင်းဆီးနိတ်။ နောက်တာဝန်တစ်ခုက ကျောင်းသားရေးရာမူဝါဒ ချမှတ်ရတဲ့တာဝန်။ တာဝန်တွေကကြီးတော့ လုပ်ငန်းကလည်း ကျယ်ပြန့်။ အဖွဲ့ဝင်တွေကလည်းများ။ များဆို ဆီးနိတ် အဖွဲ့ဝင်လေးဆယ်။ ဆီးနိတ်အဖွဲ့ဝင်ဖြစ်လာတာနဲ့ ကျောင်းသားအသင်းအောက်က ကော်မတီတွေမှာ ပါပေရော့။ ကျောင်းသားအသင်းအောက်အဖွဲ့အစည်းဆိုတာက ကျောင်းဘတ်စ်ကားကော်မတီတို့၊ ကျောင်းသား အပန်းဖြေကော်မတီတို့လို ကျောင်းသားရေးရာ အဖွဲ့အစည်းတွေ။ ဒီတော့ အစည်းအဝေးဆိုတာ တစ်ပတ်တစ်ခါမှ မှန်မှန်လုပ်ရတဲ့အဖွဲ့။ အခု အဲဒီဆီးနိတ်အဖွဲ့ဝင်တစ်ယောက် ဗွေဖောက်တယ်လို့ အစွပ်အစွဲခံရလေခြင်း။
 
အဲဒီလိုနဲ့ အင်္ဂါနေ့ရောက်လာရောဆိုပါတော့။ တရားရုံးချုပ်ကြားနာပွဲကို တက္ကသိုလ်ကျောင်းသားများ အဆောက်အအုံစည်းဝေးခန်းမတစ်ခုထဲမှာ လုပ်ကြရော။ နှစ်ဖက်စလုံးမှာက ကိုယ်စားလျှောက်လဲပေးမယ့် ကျောင်းသားရှေ့နေရှေ့ရပ်နဲ့။ ဒီတစ်ပွဲမှာတော့ စိတ်ဝင်စားသူက အများသား။ နားထောင်ဖို့ လာတဲ့သူက ၅၀ လောက်။ အခန်းက ကျဉ်းကျဉ်းလေးဆိုတော ဆံ့တာက သုံးဆယ်မှအနိုင်နိုင်။ ကျန်တဲ့သူနှစ်ဆယ်လောက်က အပြင်က နားထောင်။ ဒါလည်း ဆယ့်ငါးမိနစ်လောက်ပဲ။ ကြားနာခန်းတံခါးကို ပိတ်ပစ်လိုက်တော့ နှစ်ဆယ်လောက် ပြန်သွားရရော။ ဒါပေမဲ့ ကြားနာပွဲက ဆက်သွားတာပါပဲ။
 
ကြားနာပွဲပြီးတော့ အဖြေထွက်ပြီ။ ပြောင်းလဲရေးအသံအဖွဲ့ကို အနိုင်ပေးလိုက်ပြီ။ ပြောင်းလဲရေးအသံအပေါ် စွဲချက်များ အခြေအမြစ်မရှိ။ ရထားတဲ့ မဲအရေအတွက်မှာလည်း နေရာတိုင်းမှာ အပြတ်အသတ်သာနေ မင့်ကိုး။ ဥက္ကဋ္ဌနေရာအတွက်ပဲ ကြည့်၊ ပြောင်းလဲရေးအသံ အရွေးခံက ၁၆၈၂ ကျောင်းသားများအတွက် ရပ်တည်ချက် အရွေးခံက ၆၃၃။
 
ပြီးတော့လည်း ပြီးသွားတာပါပဲ။ ထုံးစံအတိုင်း နိုင်တဲ့အဖွဲ့က ပျော်။ ရှုံးတဲ့အဖွဲ့က မကျေနပ်။ မကျေနပ်ပေမယ့် ဒေါသတကြီး မဆို။ ကျုပ်တို့က ကျောင်းသားတွေအတွက် အလုပ်အများကြီးလုပ်ဖို့ အားခဲထားတာပါ။ မဲဆန္ဒရှင်တွေရဲ့ဆန္ဒပါ။ သူတို့ကမှ မဲမပေးတော့ ကျုပ်တို့ ဘာတတ်နိုင်မှာလဲ။ ဒါလောက်ပါပဲ။ အရွေးခံထားရတဲ့ဘက်ကတော့ ဘာတွေလုပ်မယ်ပေါ့။ အများဆုံးပြောတာက ကျောင်းသားရွေးကောက်ပွဲရှိမှန်း လူမသိသူမသိ ဖြစ်နေတာကို နောင်မှာ အများစိတ်ဝင်စားလာအောင် လုပ်ဆောင်မယ်ဆိုတဲ့ အကြောင်းပါပဲ။ ဒါကလည်း အရွေးခံရတဲ့ ကျောင်းသားအသင်း အမှုဆောင်အဖွဲ့ဝင်တွေဆီက ကြားနေကျစကား။
 
ဓူဝံသတင်းစာဆရာတွေက ဒီရွေးကောက်ပွဲကိုရော၊ ကျောင်းသားတရားရုံးချုပ် ကြားနာပုံကိုရော အားမရ။ ပြုပြင်စရာတွေ အများကြီးရှိသေးတယ်လို့ မြင်။ အထူးသဖြင့် ကြားနာပွဲနေ့က လုပ်ပုံကိုသဘောမကျ။ နားထောင်ချင်တဲ့ ကျောင်းသားတိုင်း နားထောင်ခွင့်ရအောင် စီစဉ်ပေးသင့်တယ်လို့ဆို။ လူမသိသူမသိ ကျိတ်ဝိုင်းမဖြစ်စေချင်။ ကျောင်းသားအရေး ကျောင်းသားအတိုင်း မြင်သာထင်သာရှိစေချင်။ ဒီအကြောင်းတွေကို ဓူဝံသတင်းစာအယ်ဒီတာအဖွဲ့အာဘော်မှာ တခမ်းတနား ဖော်ပြထားလေရဲ့။
 
ကိုယ့်ကြမ္မာကိုယ်ဖန်တီးရင်း အနာဂတ်နိုင်ငံခေါင်းဆောင်ကောင်းဖြစ်ရေး လေ့ကျင့်နေကြလေရော့သလား။
 

source: www.youvisit.com