မျက်နှာစာ

မျက်နှာစာ
Published 1 June 2015
မောင်တင်ဦး (မြောင်းမြ)

ကန်ထရိုက်တိုက်ဘာပဲဖြစ်ဖြစ်။ တိုက်လေးပြီးရင် စိတ်အေးရပြီလို့ သက်ပြင်းလေး မျှဉ်းမျှဉ်းချမိတယ်။ နို့မဟုတ် နာဂစ်ဒဏ်ကြောင့် အမိုးလှန်၊ အကာကွာကျ၊ တိုင်တွေယိုင်နဲ့။ ပျဉ်ထောင်အိမ် ပြိုကျလုမတတ် ဖြစ်ခဲ့ရတယ်။ ကြမ်းပြင်ပေါ် လမ်းလျှောက်ရင် ဖွဖွလေးလျှောက်။ ကျိုးကျမလား။ ကြမ်းကျွံကျမလား။ ရင်တမမနဲ့။ အသက်ကြီးမှ ခြေကျိုးလက်ကျိုး မဖြစ်ဖို့ ကိုယ့်ကိုလည်း ဂရုစိုက် အိမ်အိုကိုလည်း ဂရုစိုက် လူအိုနဲ့ အိမ်အို အချိန်တိုအတွင်း ပြိုကျသွားနိုင်တယ်။ခုတော့ ကန်ထရိုက်တစ်ယောက်နဲ့ တိုက်သစ်ဆောက်နေပြီ။ ဥပဒေ စည်းမျဉ်းတွေ နားမလည်ဘဲ စာချုပ်ဆိုတဲ့ စာရွက်ပေါ် လက်မှတ်ထိုးပေးလိုက်တယ်။ လက်မှတ်ထိုးပြီး အိမ်အိုကိုဖျက် မြေကိုညှိ၊ အုတ်တွေ၊ သဲတွေ၊ ဘိလပ်မြေတွေချ၊ လက်သမား၊ သံသမား၊ ပန်းရန်သမားတွေနဲ့ ဆူဆူညံညံ အလုပ်လုပ်ကြ။ တဲပေါ်မှ တိုက်ပေါ် စီမံကိန်း ဆိုတာကြီး တစ်ခါက ကြားဖူးလိုက်ပါရဲ့။ နောက်တော့ ဘယ်လိုဘယ်လို အဲဒီစီမံကိန်း စပျက်သွားမှန်း မသိ။ ခုထိ ရပ်ကွက်ထဲမှာ အိမ်အိုတွေ၊ လူအိုတွေနဲ့ ပြည့်လို့။လူအိုကလည်း အိမ်အိုကို အိမ်သစ်ဖြစ်အောင် ပြင်မပေးနိုင်ဘူး။ အိမ်အိုကလည်း လူအိုကို တုတ်ကောက်တစ်ခုလောက်တောင် ထောင်မတ်မပေးနိုင်ဘူး။ ဒီလိုနဲ့ လူအိုတွေလက်ထဲက အိမ်အိုတွေ ကန်ထရိုက်လို့ပြောတဲ့ လူပုဂ္ဂိုလ်တွေဆီ ရောက်ကုန်တာပဲ။ ကန်ထရိုက်တာ ဆိုတယ်။ အင်ဂျင်နီယာဟာလည်း မဟုတ်။ ကန်ထရိုက်တာလိုင်စင် (L/S) လည်း ရထားတာ မဟုတ်ဘူး။ သူတို့ဆီမှာ မဆလာနယ်မယ့်စက်လည်း မရှိဘူး။ slab လောင်းရင်၊ ကော်လံတိုင်လောင်းရင် လေမဝင်အောင် ထိုးရမယ့် ကိရိယာလည်း မရှိဘူး။ ဒါပေမဲ့ ဒါတွေက နောင်ခါလာနောင်ခါဈေး၊ လက်ငင်းက မြေရှင်နဲ့ညှိ။ ဂရန်ပေါက်မြေ၊ ဘိုးဘွားပိုင်မြေ ဒါတွေလည်း မလိုဘူး။ အလုပ်ဖြစ်ဖို့က အဓိကပဲဖြေရှင်း သဘောကျရင် လက်မှတ်ထိုး။ မြေရှင်ကလည်း ကိုယ်အပိုင်ရမယ့် အခန်းအရေအတွက်ကို ကြည့်ပြီး သဘောတွေကျ။ တိုက်ဆောက်ပြီးရင် တိုက်ခန်းတစ်ခန်းချင်းစီ စိတ်နဲ့ဈေးတွက်တွက်ကြည့်၊ ကိုက်တယ်ထင်တာနဲ့ လက်မှတ်ထိုးပေးလိုက်တယ်။ဒီလိုနဲ့ တစ်နှစ်ကျော်လာတော့ တိုက်ရဲ့ရုပ်လုံး ပေါ်လာတယ်။ ဒီအထပ်က ငါပိုင်တာ။ ဒီအခန်းက ငါပိုင်တာ၊ တွက်ရေးက စက်သူဌေးပဲ။ တိုက်ခန်းတွေ ရုပ်လုံးပေါ်လာတော့ ဝယ်သူကို မျှော်ရတယ်။ ဝယ်သူကို ဘယ်လို ဆွဲဆောင်မလဲ။ ဘာနဲ့ ဆွဲဆောင်မလဲ။ ဒါလည်း လွယ်တာပဲ။ လမ်းပေါ်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းသလားနေတဲ့ ပွဲစားမျက်စိကျဖို့။ ပထမ စည်းရုံးရမယ်။ ဒုတိယ ဝယ်သူတွေ မျက်စိထဲ ထင်းခနဲမြင်အောင် ဆွဲဆောင်ရမယ်။ ဒါဆို ဘာအရေးကြီးလဲ။ 
မျက်နှာစာလူတစ်ယောက်အတွက် အရေးကြီးဆုံးနေရာ မျက်နှာ။ မျက်နှာကို ခုခေတ် ပလတ်စတစ်ဆာဂျရီလုပ်ပြီး ရုပ်ပြောင်းလိုက်ရင် ဘဝတစ်ခုလုံး ပြောင်းလို့ရတယ်။ အဲဒီလူရဲ့ နောက်ကြောင်းက ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ မျက်နှာသစ်နဲ့ စလိုက်တဲ့ ဘဝသစ်က လက်ငင်းမှာ အရေးကြီးဆုံးပဲ။ အထူးသဖြင့် မိန်းမရွယ်၊ မိန်းမငယ်တွေအတွက် ပိုလို့ အရေးကြီးတယ်။ တစ်နေရာက မျက်နှာအဟောင်းကို ဆေးကြောသုတ်သင်ပြီး နေရာအသစ်မှာ မျက်နှာသစ်နဲ့ဆို ဘယ်သူ ဘာသိတာ မှတ်လို့။ အိုကေပဲ။ ဒီခေတ်က မျက်နှာအလှကို အလွန်ဦးစားပေးတဲ့ခေတ်။ တင်းတိပ်၊ ဝက်ခြံ၊ အမည်းကွက်ပျောက်ဆေးတွေ တစ်ပုံတစ်ပင် ကြော်ငြာတဲ့ခေတ်။ ကိုရီးယားမလေးတွေလို အသားအရေ ဦးစားပေးတဲ့ခေတ်။ထို့အတူ တိုက်ခန်းအဝယ်ထွက်ဖို့ အိမ်ပွဲစားတွေ၊ အိမ်ဝယ်လိုသူတွေကို စည်းရုံးနိုင်ဖို့ စစချင်းတွေ့ရမှာ အိမ်ရဲ့မျက်နှာစာပဲ။ ဒီတော့ အိမ်ရဲ့မျက်နှာစာကို ဆေးလှလှသုတ်။ ဒါမှမဟုတ် ကြွေပြားကပ်။ ဒါမှမဟုတ်သေးရင် ပလတ်စတာ ကော်နစ်တို့၊ ကနုတ်ပန်းတွေ၊ ဘာတွေရေးဆွဲ။ မျက်နှာစာလှဖို့ အရေးကြီးတယ်။ ဒီလို မျက်နှာစာ လှနေရင် ပွဲစားတွေ သတိပြုမိမယ်။ အိမ်ဝယ်ချင်သူတွေ စိတ်ကြိုက်တွေ့စေမယ်။တကယ်လည်းမှန်တယ်။ ကန်ထရိုက်တာတွေ၊ အိမ်ရှင်တွေ ထင်ထားတဲ့ အတိုင်းပဲ။ အိမ်ပွဲစားတွေ၊ အိမ်ဝယ်ချင်သူတွေ ခြေချင်းလိမ်မတတ် စုံစမ်းကြတယ်။ အိမ်ရှင်ရဲ့ လက်ကိုင်ဖုန်းကလည်း ဖုန်းတစ်ခါပြောပြီးတာနဲ့ နောက်ဖုန်းတစ်ခုက ဆက်နေတာပဲ။ ဒါပေမဲ့ တေ့တေ့ဆိုင်ဆိုင် လာကြည့်သူ တစ်ယောက်စ နှစ်ယောက်စသာ ရှိတယ်။ မျက်နှာစာရဲ့ ဆွဲဆောင်မှုကြောင့် တိုက်ခန်းပေါ်တက်လာတယ်။ တိုက်ခန်းထဲဝေ့၀ဲ ကြည့်တယ်၊ မီးခလုတ် နှိပ်ကြည့်တယ်၊ ရေဘုံပိုင်ခေါင်း ဆွဲကြည့်တယ်၊ ပြတင်းပေါက် ဖွင့်ကြည့်တယ်။ ပြီးဈေးနှုန်းမေးတယ်။ အဆင်ပြေရင် ဖုန်းဆက်လိုက်ပါ့မယ်ဆိုပြီး ဖုန်းနံပါတ်မှတ်ကာ ပြန်သွားတယ်။ တစ်ရက်ဖုန်းလာနိုး၊ နှစ်ရက်ဖုန်းလာနိုး။ တစ်ပတ်သာကြာသွားတယ်။ ဖုန်းက အသံတိတ်နေတယ်။ ဘာဖြစ်လို့ပါလိမ့်။ အိမ်အရောင်းထွက်အောင်ဘယ်ဆိုင်ရာပိုင်ရာကို တိုင်တည်ရမလဲ။ ဘယ်လိုယတြာခြေရမလဲ။ အတွင်းပိုင်းမှာ ဆေးရောင်စုံခြယ်ထားတဲ့ တိုက်ခန်းရဲ့ မျက်နှာစာ၊ မိတ်ကပ်ရောင်စုံ ခြယ်သထားတဲ့ ကောင်မလေးရဲ့မျက်နှာ၊ ထိုထိုသော မျက်နှာတွေက ပကတိမျက်နှာကို ယှဉ်နိုင်ပါ့မလား။ မိန်းမတစ်ယောက်ရဲ့ အလှကို နံနက်မျက်နှာသစ်ပြီးခါစ အချိန်မှာ တွေ့ရတယ်တဲ့။ ဘာတွေမှ မလိမ်းမခြယ်မီ၊ ပကတိ အရှိအတိုင်း ရှိနေတဲ့ မျက်နှာကို ဆိုလိုတာဖြစ်တယ်။ ဆိုတော့ ခြယ်သပြီးလှတဲ့ အလှ၊ ဟန်ဆောင်ပြီး ခြယ်မှုန်းထားတဲ့ အလှ ပကတိရိုးသားစွာ လှနေတဲ့ အလှကို မမီဘူး။တဒင်္ဂ ပွဲနေပွဲထိုင်၊ အလှူမင်္ဂလာမှာ တွေ့ရတဲ့ မိတ်ကပ်ဖို့ထားတဲ့ ထူလပျစ်မျက်နှာပေါ်က အလှဟာ အခမ်းအနားပြီးတဲ့အခါ ချွေးတွေနဲ့အတူ အရှိအတိုင်း အလှစစ်က ပေါ်လာတာ။ ဝက်ခြံတွေကို မိတ်ကပ်နဲ့ဖို့၊ ပါးပေါ်က အမည်းစက်တွေ၊ ချိုင့်တွေကို အလှအပ ပစ္စည်းတွေနဲ့ ဖို့လို့ရပေမယ့် နေ့တစ်ဝက် မခံနိုင်ဘူး။ဒီလိုပဲ တိုက်ခန်းတွေ၊ တိုက်တွေ အရောင်းထွက်ဖို့ မျက်နှာစာအလှကို အစွမ်းကုန်ပြင်ထားရုံနဲ့ မပြည့်စုံဘူး။ အတွင်းပိုင်း (interior decoration) နေ့စ္စဓူ၀ လိုအပ်ချက်၊ ရေ၊ မီး(လျှပ်စစ်) ဒါတွေက အမှန်တကယ် ပြည့်စုံမှ မျက်နှာစာကို အလှတွက်ဆင်သင့်တယ်။ဆိုတော့ တိုက်ခန်းမျက်နှာစာပဲဖြစ်ဖြစ်၊ မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာပဲဖြစ်ဖြစ် လှနေရုံနဲ့ ဆွဲဆောင်မှုရှိရုံနဲ့ မပြည့်စုံဘူး။ တစ်သက်တာနေထိုင်ရမယ့် တိုက်ခန်းရဲ့ အတွင်းထဲက ဖွဲ့စည်းပုံက ပိုလို့ အရေးကြီးနေတယ်။ ပြတင်းပေါက်တံခါး ဖွင့်ရပိတ်ရ မလွယ်ကူဘူး။ ချက်တွေနဲ့ ချက်ပေါက်တွေ လွဲနေမယ်။ အိမ်သာက ရေကောင်းကောင်း မဆင်းဘူး။ လေဝင်လေထွက် မကောင်းဘူး။ ဒါဆို မျက်နှာစာအလှက မကယ်နိုင်ဘူး။ မျက်နှာစာအလှ မက်မောအထင်ကြီးမိလို့ အိပ်ရာကထ၊ အိပ်ရာဝင်သည်အထိ စိတ်ညစ်ရတဲ့ ဒီလိုတိုက်ခန်းမျိုး ဘယ်သူကမှ ကြာကြာမနေချင်ဘူး။ထို့အတူ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပါးနီ၊ သနပ်ခါး၊ ပေါင်ဒါ၊ လိုးရှင်းတို့ ကောင်းမှုကြောင့် လှနေတဲ့ မျက်နှာအလှပိုင်ရှင် ကောင်မလေးကို ယူပြီးမှ စိတ်ညစ်စရာတွေ့ရင် စိတ်ညစ်ခံပေရော့။ စိတ်မြန်တယ်။ စိတ်ကောက်တတ်တယ်။ အိမ်မှုကိစ္စ မလုပ်တတ်ဘူး။ ပွဲလမ်းသဘင် နှစ်သက်တယ်။ အပိုင်း ၈၀ လောက်ရှည်တဲ့ ဇာတ်လမ်းတွဲကို ထမင်းမစားဘဲ တစ်ထိုင်တည်း ကြည့်တတ်တယ်။ မိဘ၊ ဆွေမျိုး၊ လူမှုရေးကိစ္စ စိတ်မဝင်စားဘူး။ ကိုယ်ချင်းစာနာစိတ် ကင်းတယ်။ ဒီလိုမိန်းကလေးမျိုးမှ ချစ်မိခဲ့တာ။ ခုမှ ဘာကြောက်ပါပြီလို့ အော်နေရုံနဲ့ မပြီးဘူး။ ပြုပြင်လို့မှ မရရင် တစ်သက်တာ ရိုးမြေကျ ပေါင်းပေတော့။ လှတာမက်ရင် ညစာခက်တတ်တာဆိုပဲ။ 
၂၀၁၅ မျက်နှာစာ၂၀၁၅ ခုနှစ်အတွင်းမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေကြတယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း သူ့တာဝန်ကျေပွန်ဖို့၊ ပါတီတွေကလည်း ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့၊ ပြည်သူတွေကလည်း မိမိကြိုက်နှစ်သက်ရာလူ၊ ပုဂ္ဂိုလ်(ပါတီ)ကို မဲထည့်ဖို့ အသီးသီးက တာစူနေချိန်ဖြစ်တယ်။ဒီလိုအခြေအနေမှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်း အသီးသီးဟာ အပျက်အစီးတွေကို ပြုပြင်၊ အပေါက်အပြဲတွေကို ဖာထေး၊ အယိုင်အနဲ့တွေကို တည့်မတ်၊ မျက်နှာစာ အသီးသီးကို အလှဆင်နေချိန်ဖြစ်တယ်။လည်ပင်းကအင်္ကျီဖြူ၊ ဝါနုရောင် ခေါင်းပေါင်း၊ ယောပုဆိုး၊ ချိတ်ပုဆိုးဝတ်ပြီး မျက်နှာမှာ မိတ်ကပ်ဖို့ရင်း ပြည်သူထံ ချဉ်းကပ်လာကြတယ်။ ပုပ်အဲ့အဲ့ စကားလုံးတွေ ထွက်မလာဖို့ ခံတွင်းသန့်စင်ရည်ဖျန်းဆေး ပက်ဖျန်းပြီးမှ စကားပြောကြတယ်။ ကိုယ်အတွင်းက ထွက်လာတဲ့ ကိုယ်နံ့ ညစ်ထည်းထည်းကို ဖုံးအုပ်ထားဖို့ Nivea လိမ်းဆေး လိမ်းထားတယ်။ပြည်သူတွေက ကြည့်နေရုံပဲ။ မျက်နှာစာဟာ အရေးကြီးသလို မျက်နှာစာရဲ့ နောက်ကွယ်မှာ ဒီထက် အရေးကြီးတာတွေ ရှိတယ်ဆိုတာ ကန်ထရိုက်တိုက်နေလာတဲ့ အတွေ့အကြုံအရ သိနေကြပြီ။ ပလတ်စတာ ကော်နစ်နဲ့ ဖုံးထားတာလား။ ကြွေပြားကပ်ဖုံးထားတာလား။ ပကတိက သဲတွေချည်းပဲလား။ အတွေ့အကြုံရှိ ပြည်သူတွေက ချင့်ချိန်နေကြပြီ။ အတုတွေကြားမှာ အစစ်ကိုရှာရတာ မလွယ်ပေမယ့် အစစ်ကိုလည်း အတုတွေ တုရတာလည်း မလွယ်ဘူးဆိုတာ သိနေပြီးသားပါ။ဆိုတော့ မျက်နှာစာလှတဲ့ တိုက်ခန်းတိုင်းကို အထင်မကြီးတတ်သလို မိတ်ကပ်ရောင်စုံခြယ် ကောင်မလေးတိုင်းကိုလည်း မမြတ်နိုးတတ်တော့ဘူး။ ထို့အတူ အပြောကောင်း၊ အပြကောင်း မျက်နှာစာရှင်တွေကိုလည်း မယုံတတ်တော့ဘူး။ မျက်နှာစာရဲ့ နောက်ကွယ်က ပါဝင်နေသူတွေရဲ့ နိုင်ငံရေးခံယူချက်၊ တိုင်းပြည်ကို ချစ်ခင်တတ်တဲ့ စိတ်ဓာတ်၊ ပြည်သူကို ရင်ဝယ်သားကဲ့သို့ ချစ်သနားတတ်တဲ့ နှလုံးသား မိမိအကျိုး၊ မိမိအဖွဲ့အစည်းအကျိုးကို အခြေမခံဘဲ ပြည်သူတစ်ရပ်လုံး အကျိုးကို အခြေခံစဉ်းစားတတ်တဲ့ ဦးနှောက်။ ဒါတွေဟာ မျက်နှာစာရဲ့ နောက်ကွယ်မှာ ရှိနေရမယ့် အတွင်းသား အနှစ်သာရတွေဖြစ်တယ်။ ဒါတွေပြည့်စုံနေတဲ့ အဆောက်အအုံမှာ မျက်နှာစာဟာ သိပ်အရေးမပါလှဘူး။ အတွင်းအနှစ်သာရကသာလျှင် အရေးပါတာကို ပြည်သူတို့ သတိပြုကြရမယ်။ဒါကြောင့် မျက်နှာစာအလှကို ပြင်ရုံနဲ့ ပုံမအပ်လိုက်ပါနဲ့။ မျက်နှာစာရဲ့ နောက်ကို တတ်နိုင်သရွေ့ တွန်းဝင်လှန်လှောကြည့်၊ ဝင်ရောက်ကြည့်၊ စူးစမ်းကြည့်ပြီးမှ ဆုံးဖြတ်ရမယ်။ မျက်နှာစာရော၊ အတွင်းပိုင်းပါ စံချိန်စံညွှန်းမီ တိုက်ခန်းများနဲ့ နေနိုင်ဖို့ဆိုတာ မိမိရဲ့ ရွေးချယ်မှုပေါ် မူတည်တယ်။ ထို့အတူ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်မယ့် သူများရဲ့ မျက်နှာအလှ၊ အပြောအလှ၊ ဟန်ရေးပြအလှ၊ မစားရဝခမန်း ကတိပေးအလှတွေကို သတိနဲ့ ချင့်ချိန်ရှောင်ရှားရင်း မိမိနဲ့ ထိုက်တန်တဲ့ ခေါင်းဆောင်ရဲ့ အလှစစ်ကို ရှာဖွေမဲပေးကြဖို့ နှိုးဆော်လိုက်ရပါကြောင်း။