၂၀၁၄-၂၀၁၅ ရာသီ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအဖြစ် (မြန်မာစံတော်ချိန်) မေ ၃၁ ရက် နံနက်ပိုင်းက ဘာစီလိုနာနှင့် ဘီလ်ဘာအိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက တိုက်စစ်မှူး မက်ဆီ၊ နေမာတို့၏ သွင်းဂိုးများနှင့်အတူ (၃-၁) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။ယင်းပွဲစဉ်ကို နူးကမ့်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သောကြောင့် ဘာစီလိုနာအသင်း အိမ်ကွင်းအားသာချက် ရယူနိုင်ခဲ့ပြီး ဘီလ်ဘာအိုကို ပွဲချိန်တစ်လျှောက်လုံး တစ်ဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့သည်။ ဘာစီလိုနာအသင်းတွင် မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်၊ အင်နီယေစတာ၊ ဘူးစကွက်စ်၊ ရာကီတစ်၊ အဲလ်ဗတ်စ်၊ ပီကေး၊ မာရှေရာနို၊ အယ်လ်ဘာ၊ တာစတီဂျန်တို့ဖြင့် လူစုံပါဝင်ခဲ့ပြီး မိနစ် ၂၀ နှင့် ၇၄ မိနစ်တွင် အဲလ်ဗတ်စ်၏ ဖန်တီးပေးမှုမှတစ်ဆင့် မက်ဆီက နှစ်ဂိုးသွင်းယူကာ ၃၆ မိနစ်တွင် နေမာက တစ်ဂိုးသွင်းယူခဲ့သည်။ ဘာစီလိုနာအသင်းသည် စပိန်ဘုရင့်ဖလား ချန်ပီယံဆုကို (၂၃)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်း၌ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။ ဘီလ်ဘာအိုအသင်းမှာမူ အဓိက ပြိုင်ပွဲများတွင် ၃၁ နှစ်ကြာ အောင်မြင်မှုနှင့် ဝေးကွာနေခြင်းကို အဆုံးမသတ်နိုင်ဘဲ ဒုတိယနှင့်သာ ကျေနပ်ခဲ့ရသည်။ ထို့ပြင် ဘီလ်ဘာအိုအသင်းသည် နောက်ဆုံး ခုနစ်နှစ်အတွင်း စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ၌ ဘာစီလိုနာနှင့် သုံးကြိမ်ဆုံတွေ့ခဲ့ရာ တစ်ကြိမ်မျှ အနိုင်မရခဲ့ကြောင်း သိရသည်။ဘာစီလိုနာအသင်း၏ တောင်အမေရိက တိုက်စစ်အတွဲဖြစ်သည့် မက်ဆီ+ဆွာရက်ဇ်+နေမာတို့၏ MSN တိုက်စစ်အတွဲ ပြိုင်ပွဲစုံ၌ သွင်းယူထားသည့် သွင်းဂိုးမှာ ၁၂၀ အထိ ရှိလာခဲ့ပြီး စပိန်ဘောလုံးသမိုင်း၌ ဂိုးအများဆုံး သွင်းယူနိုင်သော သုံးယောက်တွဲ တိုက်စစ်အဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။ ယခုရာသီတွင် မက်ဆီက ၅၈ ဂိုး၊ နေမာက ၃၈ ဂိုးနှင့် ဆွာရက်ဇ်က ၂၄ ဂိုး သွင်းယူထားပြီး ၂၀၁၁-၂၀၁၂ ရာသီက ရီးယဲလ်အသင်း၏ ဘန်ဇီမာ+ဟီဂွါအင်+စီရော်နယ်လ်ဒို တိုက်စစ်အတွဲ သွင်းယူခဲ့သည့် ၁၁၈ ဂိုးစံချိန်ကို ကျော်ဖြတ်ကာ စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။Ref:AFP
ဘာစီလိုနာအသင်း စပိန်ဘုရင့်ဖလား ချန်ပီယံဆုကို (၂၇) ကြိမ်မြောက် ဆွတ်ခူးရရှိ မက်ဆီ၊ ဆွာရက်ဇ်နှင့် နေမာ တိုက်စစ်အတွဲ သွင်းဂိုး ၁၂၀ ဖြင့် ဂိုးအများဆုံး စံချိန်တင်