အရှေ့တောင်အာရှ ပင်လယ်ပြင် (အထူးသဖြင့် အက်ဒမန်ပင်လယ်နဲ့ မလက္ကာရေလက်ကြား) မှာ ပိတ်မိနေတဲ့ လှေစီးပြေး ဒုက္ခသည်အရေး ဖြစ်လာချိန်မှာ မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် အပြစ်ပုံချခဲ့ပါတယ်။
လူကုန်ကူးသူတွေနဲ့ လူမှောင်ခိုတွေဟာ အရှေ့တောင်အာရှ ပင်လယ်ပြင်ရေလမ်းကြောင်းကို အသုံးပြုနေတာ ကြာပါပြီ။ သက်ဆိုင်ရာနိုင်ငံ တစ်ခုချင်းစီအလိုက် အနည်းနဲ့အများ လျစ်လျူရှုထားပါတယ်။ ဒါပေမဲ့ မေလဆန်းမှာ လူမဆန်တဲ့ရက်စက်မှုတွေ ဖြစ်လာတဲ့အခါ ဒါကို အာရုံစိုက်ခဲ့ပါတယ်။
အမှန်တော့ အရှေ့တောင်အာရှ ပင်လယ်ပြင်က လှေစီးပြေး ဒုက္ခသည်အများစုဟာ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေ ဖြစ်ပါတယ်။ ဒီလူတွေထဲမှာ မြန်မာကလူတွေ ပါရင်တောင် အခုစွပ်စွဲနေသလောက် မများပါဘူး။
ဘင်္ဂလားဒေ့ရှ်ကလည်း လှေစီးပြေးဒုက္ခသည် အများစုဟာ သူတို့ နိုင်ငံက ဖြစ်တယ်ဆိုတာ ဝန်ခံပါတယ်။ အင်ဒိုနီးရှားကလည်း အများစုက မြန်မာကလာသူတွေ မဟုတ်ဘူးဆိုတာ ထုတ်ပြောပါတယ်။
ဒါတွေရှိနေပါလျက် မြန်မာကို ဘာကြောင့် အပြစ်ပုံချကြတာလဲ။ ဒီနောက်ကွယ်မှာ နိုင်ငံရေး လှည့်ကွက်တွေ ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ
ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာရဲ့ အနောက်ဘက်မှာရှိပြီး ရခိုင်ပြည်နယ်နဲ့ ထိစပ်ပါတယ်။
နတ်မြစ်အပါအဝင် ကုန်းမြေဆက်စပ်မှု ၁၆၈ ဒသမ ၇ မိုင် (၂၇၁ ကီလိုမီတာ) အရှည်အလျား နယ်နိမိတ် ထိစပ်မှုရှိပါတယ်။ နတ်မြစ်ရိုးနဲ့ ထိစပ်နေမှုက ၃၉ ဒသမ ၅ မိုင်ရှိပြီး ကုန်းတွင်း ထိစပ်မှုက ၁၂၉ ဒသမ ၂ မိုင် ရှိပါတယ်။
နိုင်ငံအကျယ်အဝန်းက မြန်မာထက် ငယ်ပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ နယ်မြေအကျယ်အဝန်း စာရင်းမှာ မြန်မာက အဆင့် ၄၀ ရှိ ပြီး ဘင်္ဂလားဒေ့ရှ်က အဆင့် ၉၄ ရှိပါတယ်။
လူဦးရေပမာဏမှာ ဘင်္ဂလားဒေ့ရှ်က မြန်မာထက်သာပါတယ်။ တရားဝင် အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ပဲ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ၁၅၈ သန်းရှိပါတယ်။ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံများ စာရင်းမှာ ဘင်္ဂလားဒေ့ရှ်က နံပါတ်ရှစ်နေရာမှာ ရှိပါတယ်။ မြန်မာက နံပါတ် ၂၅ နေရာမှာ ရှိပါတယ်။
လူဦးရေသိပ်သည်းဆမှာ ဘင်္ဂလားဒေ့ရှ်က မြန်မာထက်ပိုများပါတယ်။ ကမ္ဘာ့လူဦးရေ သိပ်သည်းဆ နိုင်ငံများစာရင်းမှာ ဘင်္ဂလားဒေ့ရှ်က နံပါတ် ၁၂ နေရာမှာ ရှိပါတယ်။ မြန်မာက ၁၂၅ မှာ ရှိပါတယ်။
ဒါ့အပြင် လူဦးရေ ပမာဏက ဘင်္ဂလားဒေ့ရှ်မှာ တစ်ဟုန်ထိုး ဖြစ်နေပါတယ်။
၁၉၇၀ ပြည့်နှစ်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေဟာ ၆၆ သန်း ကျော်ရှိပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာ ၈၂ သန်းကျော်၊ ၁၉၉၀ ပြည့်နှစ်မှာ ၁၀၂ သန်းကျော် ဖြစ်လာပြီး ၂၀၀၀ ပြည့်နှစ်မှာ ၁၃၂ သန်းကျော် ရောက်လာခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ၁၅၁ သန်းကျော် ဖြစ်လာရာက ၂၀၁၄ ခုနှစ်မှာ ၁၅၈ သန်းကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်မှာ နှစ်အလိုက် လူဦးရေတိုးနှုန်း (Year Population Growth Rate) ကျဆင်းနေရာကနေ ၂၀၁၀ ပြည့်အလွန်မှာ ပြန်တက်လာပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ နှစ်အလိုက် လူဦးရေတိုးနှုန်းက ၁၉၆၇ ခုနှစ်မှာ အများဆုံး ဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ၁ ဒသမ ၂၂ ရာခိုင်နှုန်း ပြန်ရောက်ပါတယ်။
လူတစ်ဦးချင်းရဲ့ နှစ်အလိုက်ဝင်ငွေမှာ ဘင်္ဂလားဒေ့ရှ်က မြန်မာထက် နည်းခဲ့ပါတယ်။ ကုလသမဂ္ဂ (UN) က ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် စာရင်းအရ ဘင်္ဂလားဒေ့ရှ်မှာ လူတစ်ဦးချင်း တစ်နှစ်ပျှမ်းမျှ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၉၈၀ ပဲရှိပါတယ်။ ဒီထက် ပိုနည်းနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူတစ်ဦးချင်း တစ်နှစ်ပျှမ်းမျှဝင်ငွေက အမေရိကန် ဒေါ်လာ ၁၁၈၃ ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ် လူဦးရေနဲ့ ချိန်ထိုးတဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းက ၁၉၉၂ ခုနှစ်မှာ ၅၆ ရာခိုင်နှုန်း၊ ၂၀၀၅ ခုနှစ်မှာ ရာခိုင်နှုန်း ၄၀ ရှိနေပြီး ၂၀၁၀ ပြည့်နှစ်မှာ ၃၁ ရာခိုင်နှုန်းရှိတယ်လို့ UN က ပြောထားပါတယ်။ ကမ္ဘာ့ဘဏ် အချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ်ရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၀၁၀ ပြည့်နှစ်မှာ ၄၃ ဒသမ ၃ ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံက လျှော့ချဖို့ ကြိုးစားနေတဲ့ ဆင်းရဲနွမ်းပါးမှုနှုန်း ၂၆ ရာခိုင်နှုန်းအောက် ပမာဏကို ဘင်္ဂလားဒေ့ရှ် မရောက်သေးဘူး၊ မြန်မာထက် ဆင်းရဲတဲ့သူ ပိုများနေတာပါ။
လူကုန်ကူးသူများ၊ လူမှောင်ခိုများနှင့် နေရပ်စွန့်ခွာ တရားမဝင်ဖြတ်ကျော်သူများ အသုံးပြုသည့် လမ်းကြောင်း (Source : Story Bulider Website)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူဦးရေနှင့် ဒုက္ခသည်စာရင်း (Source : Story Bulider Website)
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်အရေး
ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးမားဆုံးနောက်ထပ် ပြဿနာတစ်ခုက နိုင်ငံတွင်း ဒုက္ခသည်အရေအတွက် များပြားနေခြင်း ဖြစ်ပါတယ်။
၁၉၇၁ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ဟာ ပါကစ္စတန်က ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့နိုင်ငံ ဖြစ်လာပါတယ်။ လွတ်လပ်ရေးမရခင် အချိန်မှာ အရှေ့ပါကစ္စတန်နိုင်ငံ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် မဖြစ်လာခင်မှာ အရှေ့ပါကစ္စတန်နဲ့ အနောက်ပါကစ္စတန်အကြား စစ်ပွဲဆင်နွှဲမှုရှိခဲ့ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှုတွေပါ ရှိခဲ့ပါတယ်။ အနည်းဆုံး သန်းဂဏန်းအထိ သေဆုံး သတ်ဖြတ်ခံရပါတယ်။ အိန္ဒိယနိုင်ငံထဲ ပြေးဝင်ခိုလှုံခဲ့သူ အရေအတွက် တစ်သန်းကျော်ရှိခဲ့ပါတယ်။ စစ်ပြီးတဲ့အခါ အဲဒီသူတွေထဲက သိန်းဂဏန်းကို အိန္ဒိယက ပြန်ပို့ပါတယ်။ ဒါကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဒုက္ခသည်အဖြစ် ထားခဲ့ပါတယ်။
အဲဒီ ဒုက္ခသည်တွေကို မဲပေးခိုင်းတဲ့ နေရာမှာ အသုံးပြုခဲ့ပေမယ့် နိုင်ငံသား အခွင့်အရေးမပေးခဲ့ပါဘူး။ သူတို့ကလည်း နိုင်ငံသားဖြစ် ခွင့်ရဖို့ အခုထိ တောင်းဆိုနေကြပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဖာအ ခြေစိုက် Internal Displacement Monitoring Center (IDMC) က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ IDPs ဒုက္ခသည် ၄၃၁၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ သဘာဝဘေးဒဏ်ကြောင့် ဖြစ်ရတဲ့ ဒုက္ခသည် အရေအတွက်က ၂၀၁၃ ခုနှစ်အထိ ရရှိတဲ့ ကိန်းဂဏန်းတွေအရ တစ်သန်းကျော် ရှိတယ်လို့ သူတို့က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့သူတွေရဲ့ ပြောကြားချက်အရ ဒုက္ခသည် စခန်းပေါင်း ၁၅၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေအပြင် အိမ်ခြေယာမဲ့တွေကလည်း ဘင်္ဂလားဒေ့ရှ်မှာ ပြဿနာတစ်ခု ဖြစ်နေပါတယ်။
Plan International အဖွဲ့က စီစဉ်ရိုက်ကူးတဲ့ DHAKA DREAM:Street Children in Dhaka မှတ်တမ်းဗီဒီယိုမှာ ဒီအချက်တွေ့နိုင်ပါတယ်။
၂၀၁၂ ခုနှစ် ကိန်းဂဏန်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာ အိမ်ခြေယာမဲ့ လမ်းပေါ်ကလေး ၆၈၀၀၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။
၂၀၁၄ ခုနှစ်မှာ ၁ ဒသမ ၁ သန်း ရောက်ခဲ့ပါတယ်။ အဲဒီထဲက ရာခိုင်နှုန်း ၈၀ ကျော်ဟာ ယောကျ်ားလေးတွေဖြစ်ပြီး ထက်ဝက်နီးပါးဟာ အသက် ၁၀ နှစ်အောက် ကလေးတွေ ဖြစ်ပါတယ်။ သူတို့ဟာ အဓမ္မခေါင်းပုံဖြတ် စေခိုင်းသူတွေနဲ့ လူကုန်ကူးသူတွေရဲ့ အဓိကပစ်မှတ် ဖြစ်နေပါတယ်။
ဒါဟာ မြို့တော်ဒါကာ တစ်ခုတည်းမှာပဲ ရှိပါသေးတယ်။ ကျန်တဲ့ဒေသတွေ အပါအဝင် တစ်နိုင်ငံလုံးဆိုရင် ပိုများနိုင်ပါတယ်။
နေရပ်စွန့်ခွာသူများ ဦးတည်ရာ
အရှေ့တောင် အာရှပင်လယ်ပြင်မှာ လူကုန်ကူးခံရသူတွေထဲမှာ ဘင်္ဂါလီတွေ ဘာကြောင့်များသလဲ ဆိုတာ အဖြေရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ
(၁) ၁၉၇၀ ပြည့်လွန်နှစ်တွေ ထဲကဖြစ်လာတဲ့ စစ်ပြေးဒုက္ခသည် အရေးကို လုံး၀ မဖြေရှင်းနိုင်သေးပါဘူး။ ဒုက္ခသည်တွေဟာ သူတို့က ပါကစ္စတန်လား၊ ဘင်္ဂါလားဒေ့ရှ်လားဆိုတာ ဝေခွဲမရ ဖြစ်နေဆဲပါ။
(၂) လူဦးရေ တိုးပွားနှုန်းကို မထိန်းချုပ်နိုင်သေးပါဘူး။ ဆင်းရဲမွဲတေမှုနှုန်း မြင့်မားနေဆဲ ဖြစ်ပါတယ်။
(၃) ဒါကာမှာတင် အိမ်ခြေယာမဲ့ဖြစ်နေတဲ့ ကလေး ၁ ဒသမ ၁ သန်းကျော် ရှိနေပါတယ်။ နိုင်ငံအနှံ့ အိမ်ခြေယာမဲ့ သန်းချီထပ်ရှိနေပါတယ်။ ဒါ့အပြင် ရာသီဥတု သဘာဝဘေးအန္တရာယ်ကြောင့် ဘဝပျက်သူ သန်းချီလည်း ရှိနေကြပါတယ်။
ဒီအချက်သုံးချက်မှာ အကျုံးဝင်သူတွေရဲ့ ထွက်ပေါက်က နေရပ်စွန့်ခွာခြင်း ဖြစ်ပါတယ်။ ဒီလိုစွန့်ခွာတဲ့အခါ တရားမဝင်လမ်းကြောင်းကို အသုံးပြုပါတယ်။
ဒီနေရာမှာ နိုင်ငံစွန့်ခွာသူအများစု ဦးတည်တာက မလေးရှားနိုင်ငံ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နည်းတူ သီရိလင်္ကာနိုင်ငံက လူတွေလည်း ရေကြောင်းလမ်း အသုံးပြုပြီး တရားမဝင် နိုင်ငံဖြတ်ကျော်မှုကို လုပ်လေ့ရှိပါတယ်။ သူတို့ဦးတည်တာက သြစတြေးလျနိုင်ငံဖြစ်ပြီး ကြားခံနိုင်ငံမထားဘဲ ရေလမ်းကတစ်ဆင့် တိုက်ရိုက်ခိုးဝင်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်က သီရိလင်္ကာလို မဟုတ်ပါဘူး။
သူတို့ ခိုးဝင်ကျော်ဖြတ်တဲ့ လမ်းကြောင်းက မြန်မာနိုင်ငံ၊ အဲဒီကတစ်ဆင့် ထိုင်းနိုင်ငံကို ကျော်ပြီး ပထမပစ်မှတ်ဖြစ်တဲ့ မလေးရှားနိုင်ငံကို သွားပါတယ်။ တချို့ကလည်း မလေးရှားက တစ်ဆင့် အင်ဒိုနီးရှားကို ခိုးဝင်ပါတယ်။ အင်ဒိုနီးရှားကို တိုက်ရိုက်ခိုးဝင်ဖို့ ကြိုးစားသူတွေ ရှိသလို သြစတြေးလျကို ခိုးဝင်ဖို့ ကြိုးစားသူတွေလည်း ရှိပါတယ်။
အရှေ့တောင်အာရှ ပင်လယ်ပြင်အတွင်း တွေ့ရှိခဲ့ရသူတွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှားကို ခိုးဝင်ဖို့ ကြိုစားသူတွေ ဖြစ်ပါတယ်။ အဲဒီနှစ်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကိုးကွယ်ရာ ဘာသာတူနိုင်ငံတွေ ဖြစ်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကလူတွေ မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားရင်လည်း ဘင်္ဂါလီတွေ အသုံးပြုတဲ့ မြန်မာ-ထိုင်းတောင်ပိုင်း-မလေးရှား လမ်းကြောင်းကိုပဲ သုံးလေ့ရှိပါတယ်။ မလေးရှားနိုင်ငံထဲ ရောက်နေတဲ့ တရားမဝင် မြန်မာအလုပ်သမား အများစုဟာ လူကုန်ကူးသူတွေ၊ လူမှောင်ခိုသမားတွေကို ငွေပေးပြီး ထိုင်းတောင်ပိုင်းက တစ်ဆင့် မလေးရှားကို အသွားအပြန် လုပ်နေသူတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတိုနဲ့ ဘင်္ဂါလီတွေကို အတူတူပဲလို့ သတ်မှတ်လို့မရပါဘူး။ အကြီးမားဆုံး ယိုစိမ့်မှုက ဘင်္ဂလားဒေ့ရှ်က လာတာပါ။ အဲဒီယိုစိမ့်မှုဒဏ် ခံရသူတွေထဲမှာ မြန်မာလည်း တစ်နိုင်ငံအနေနဲ့ ပါဝင်ပါတယ်။
ဒါပေမဲ့ ဒေသတွင်း နိုင်ငံတွေ အပါအဝင် နိုင်ငံတကာရဲ့ တုံ့ပြန်မှုက ဒီလိုမဟုတ်ပါဘူး။ ပထမ အချက်အနေနဲ့ လှေစီးဒုက္ခသည်အားလုံးကို မစိစစ်ဘဲ မြန်မာနိုင်ငံက လာသူတွေလို့ ပြောပါတယ်။ ဒီလိုပြောတဲ့အခါ မြန်မာတိုင်းရင်းသား လုံးဝမဟုတ်တဲ့ ရိုဟင်ဂျာ အသုံးအနှုန်းကို သုံးစွဲပါတယ်။ စိစစ်မှုတွေ လုပ်ပြီးချိန်၊ ဘင်္ဂလားဒေ့ရှ် ကိုယ်တိုင်က သူတို့လူတွေပါလို့ ထုတ်ပြောချိန်မှာလည်း လျှော့မသွားပါဘူး။ ဘင်္ဂါလီရိုဟင်ဂျာ အရေးကိုပဲ ထပ်ပြီးဖိအားပေးခဲ့ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ မီဒီယာတွေကလည်း ပြဿနာရဲ့ အဓိကရင်းမြစ် ဘင်္ဂလားဒေ့ရှ်ကို မပြောဘဲ ဖုံးကွယ်ပါတယ်။ ပိုဆိုးတာက ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည် သန်းချီအရေးကို နှုတ်ဆိတ်နေပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည် သိန်းဂဏန်းကို လက်ညှိုးထိုး ပြောဆိုနေကြတာ ဖြစ်ပါတယ်။
အရင်ကတည်းက ရှိခဲ့
အရှေ့တောင်အာရှ ပင်လယ်ပြင်အတွင်းက လှေစီးဒုက္ခသည်ဆိုတာ ရုတ်တရက် ပေါ်လာတာ မဟုတ်ပါဘူး။
ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၁၄ ခုနှစ်ထဲမှာ ခန့်မှန်းခြေ လူဦးရေ ၆၃၀၀၀ ကျော်ဟာ အရှေ့တောင်အာရှ ပင်လယ်ပြင်ကိုဖြတ်ပြီး တရားမဝင် သွားလာမှုတွေ လုပ်ခဲ့ပါတယ်။ UNHCR ကတော့ ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကလို့ ပြောပါတယ်။
၂၀၁၄ ခုနှစ် ကိန်းဂဏန်းတွေအရပဲ လူဦးရေ ၆၃၀၀၀ ကျော်ထဲမှာ လူ ၇၅၀ လောက် သေဆုံးခဲ့ပါတယ်။ လူကုန်ကူးသူတွေနဲ့ လူမှောင်ခိုသမားတွေရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတာပါ။ ဒါပေမဲ့ တရားမဝင် သွားလာသူ အရေအတွက်ဟာ တစ်နှစ်ချင်းစီအလိုက် မြင့်တက်နေပါတယ်။ ၂၀၁၃ မှာ ၅၈၀၀၀ ပဲ ရှိရာက ၂၀၁၄ မှာ ၆၃၀၀၀ ကျော် ဖြစ်လာတယ်။
သူတို့ရဲ့ သွားလာမှုတွေက မိုးရာသီဖြစ်တဲ့ ဇူလိုင်လောက်မှာ လျော့ကျသွားပေမယ့် အောက်တိုဘာမှာ သွားလာမှု ပိုများလေ့ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာလာသူတွေအဖို့ စိန့်မာတင်ကျွန်းနဲ့ အနီးတဝိုက် ကျွန်းတွေဟာ သူတို့ရဲ့ ခေတ္တခိုနားရာ ဖြစ်ခဲ့ပါတယ်။
အဲဒီဒေသတစ်ဝိုက်မှာပဲ လူကုန်ကူးသူတွေနဲ့ လူမှောင်ခိုသမားတွေ ရှိနေပါတယ်။ သူတို့က နေရပ်စွန့်ခွာလာသူတွေကို တရားမဝင် ပို့ဆောင်ပေးပါတယ်။
လူမှောင်ခိုတွေဟာ ထိုင်းတောင်ပိုင်းနဲ့ မလေးရှားနယ်စပ်မှာလည်းရှိနေပြီး ဥပဒေပြင်ပ အခြေစိုက်စခန်းတွေ တည်ခဲ့ပါတယ်။ မကြာသေးမီက ထိုင်းတောင်ပိုင်းနဲ့ မလေးရှားနယ်စပ်တွေမှာ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းများ မြှုပ်နှံထားရာ နေရာ ၃၀ ကျော်၊ လူသေအလောင်း ရာချီမြှုပ်နှံထားမှုတွေက ဒီစခန်းတွေ ရှိနေခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။
လူကုန်ကူးသူတွေနဲ့ လူမှောင်ခိုတွေက ဘင်္ဂလား ပင်လယ်အော်ဘက်ကို သဘောၤတွေ စေလွှတ်ပြီး နေရပ်စွန့်ခွာသူတွေကို တရားမဝင် ခေါ်ဆောင်ပါတယ်။ ကုန်းမြေပေါ်မရောက်ခင်၊ စွန့်ပစ်ခံရချိန်မှာ သူတို့ဟာ လှေစီးပြေး ဒုက္ခသည်တွေ ဖြစ်လာပါတယ်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလဆန်းကနေ ဧပြီလအထိ ပင်လယ်ထဲမျောနေတဲ့ လှေစီးပြေး ဒုက္ခသည်အရေအတွက် ၂၅၀၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ မေလဆန်းမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်တွေအရ ပင်လယ်ထဲ မျောပါနေသူ လှေစီးဒုက္ခသည် အရေအတွက် ၇၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဒီအထဲက အနည်းဆုံး လူ ၃၀၀ ဟာ ပင်လယ်ထဲမှာပဲ သေဆုံးခဲ့ပါတယ်။
လှေစီးပြေး ဒုက္ခသည်တွေက ကူတို့ခအဖြစ် ပျှမ်းမျှအမေရိကန် ဒေါ်လာ ၁၀၀ ကနေ ၃၀၀ အထိ တန်ကြေးရှိတဲ့ ငွေကို ပေးကြရပါတယ်။ ထိုင်းတောင်ပိုင်းကို ဖြတ်ကျော်ပြီး မလေးရှားရောက်ဖို့အထိဆိုရင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၁၆၀၀ ကနေ ၂၄၀၀ အထိပေးကြရပါတယ်။
ဒါဟာ လူမှောင်ခိုသမားတွေအတွက် ကြီးမားတဲ့ ဈေးကွက်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူတို့အနေနဲ့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ တစ်နှစ်ချင်းစီအလိုက် ပျှမ်းမျှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ စီ အကျိုးအမြတ်ရခဲ့သလို ၂၀၁၂ ခု နှစ်ကစပြီး ရေတွက်ရင် အမေရိကန်ဒေါ်လာ သန်း ၂၅၀ အထိ အကျိုးအမြတ်ရခဲ့တယ်လို့ UNHCR ရဲ့ အချက်အလက်တွေက ပြောပါတယ်။
မြန်မာကို ဘာကြောင့် အပြစ်ပုံချ
မေလဆန်းမှာ ပေါ်လာခဲ့တဲ့ လှေစီးပြေး ဒုက္ခသည်တွေဆိုတာ မြန်မာနိုင်ငံက မဟုတ်ပေမယ့် ဘာကြောင့် မြန်မာအပေါ် အပြစ်ပုံချရတာလဲ။ မြန်မာကို ဘာကြောင့် တာဝန်ယူခိုင်း နေကြတာလဲ။ ဖြစ်နေတဲ့ ပြဿနာရင်းမြစ်ဟာ မြန်မာကြောင့်ဆိုပြီး ဘာကြောင့် ပြောနေကြတာလဲ။
၂၀၁၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံက ရယူထားပါတယ်။ သူ့နိုင်ငံတွင်းမှာတင် နိုင်ငံရေး ပြဿနာ၊ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ပြဿနာတွေကို ဖြေရှင်းနိုင်မှု မရှိသေးပါဘူး။
ဒါ့အပြင် ထိုင်းတောင်ပိုင်းကတစ်ဆင့် မလေးရှားနယ်စပ် ကျိုးပျက်မှုကိုလည်း ဖြေရှင်းရခက်နေပါတယ်။ ဒီပြဿနာတွေမှာ နှစ်နိုင်ငံစလုံးက နယ်စပ်လုံခြုံရေး အရာရှိတွေ ပါဝင်ပတ်သက်မှုရှိနေပြီး အကျင့်ပျက်ခြစားမှုတွေနဲ့ ရောထွေးနေပါတယ်။
မလေးရှား အာဆီယံ ဥက္ကဋ္ဌဖြစ်နေချိန်မှာ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို နိုင်ငံသား အခွင့်အရေးပေးဖို့ ရိုဟင်ဂျာအမည်ခံ အဖွဲ့အစည်းတွေက တွန်းအားပေးလာပါတယ်။ ဒီကိစ္စမှာ မလေးရှား အာဏာပိုင်တွေလည်း ပါဝင်ပတ်သက်ခဲ့နေပါတယ်။
၂၀၁၅ ခုနှစ် ဧပြီ နောက်ဆုံးပတ်ကလုပ်တဲ့ မလေးရှားအာဆီယံ ထိပ်သီး ဆွေးနွေးပွဲကာလမှာ ဘင်္ဂါလီရိုဟင်ဂျာအရေး မြန်မာကို တွန်းအားပေးဖို့ ကြိုးစားခဲ့ကြပါတယ်။ မြန်မာဘက်က ပယ်ချခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း ဘာဒါဝီက အာဆီယံလူထုဖိုရမ်က တစ်ဆင့် မြန်မာကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဧပြီနောက်ဆုံးပတ် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ဘင်္ဂါလီရို ဟင်ဂျာအရေး အဆိုတင်မှု မအောင်မြင်ခဲ့ပေမဲ့ မေလဆန်းမှာ ဖြစ်လာတဲ့ ကိစ္စတွေကို အကြောင်းပြုပြီး ဖိအားပေးဖို့ ထပ်လုပ်ခဲ့ပါတယ်။
ဒီတစ်ကြိမ် လှုပ်ရှားမှုမှာ အာဆီယံခေါင်းဆောင်ဟောင်းတွေ ပါလာပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်း ဆူရင်ပစ်ဆူဝမ်၊ မလေးရှားဝန်ကြီးချုပ်ဟောင်း ဘာဒါဝီ၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ခါဆစ်ပီယိုမြှာ၊ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဟောင်း အယ်လ်ဘာတို့ လေးဦးက အာဆီယံခေါင်းဆောင်တွေဆီ ဧပြီလထဲမှာ စာရေးခဲ့ပါတယ်။
ဒီလိုစာရေးခဲ့တဲ့ အကြောင်းကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာကိုယ်တိုင် မေ ၁၈ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးခဲ့တဲ့ ASEAN, UN must help Burma resolve Rohingya crisis ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။ အယ်လ်ဘာဟာ လက်ရှိအချိန်မှာ အစ္စလာမ်မစ်ကောင်စီ (OIC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးဖြစ်ပါတယ်။ သူရေးတဲ့ဆောင်းပါးကို DVB သတင်းဌာန ဝက်ဘ်ဆိုက်မှာလည်း မေ ၁၈ ရက်မှာပဲ ထပ်မံဖော်ပြခဲ့ပါတယ်။
သူဖြစ်ချင်နေတာက မြန်မာနဲ့ ဘင်္ဂါလီရိုဟင်ဂျာအရေးကို ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာ သုံးပွင့်ဆိုင် Tripartite Core Group (TCG) ဖွဲ့ပြီး ဖြေရှင်းစေချင်တာပါ။
၂၀၀၈ ခုနှစ် နာဂစ်မုန်းတိုင်း ဒဏ်သင့်မှုကို ကူညီဖို့ ပြင်ဆင်တုန်းက လုပ်ခဲ့တဲ့ ပုံစံမျိုးဖြစ်ပါတယ်။
အယ်လ်ဘာရဲ့ ဆန္ဒအပြည့်အ၀ ဖြစ်မလာပေမယ့် မေနောက်ဆုံးပတ်ထဲမှာ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေ မလေးရှားမှာ တွေ့ခဲ့ပါတယ်။
မေ ၂၉ ရက်မှာလည်း ထိုင်းနိုင်ငံမှာ အိန္ဒိယသမုဒ္ဒရာအတွင်း တရားမဝင် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အထူးအစည်းအဝေးကို လုပ်နိုင်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံက ဝန်ကြီးအဆင့်မသွားဘဲ ညွှန်ကြားရေးမှူးချုပ် အဆင့်ကို စေလွှတ်ပါတယ်။ ဒါပေမဲ့ ထိရောက်တဲ့ တုံ့ပြန်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုတွေအပြင် မကြာခင်အချိန်မှာ လှေစီးပြေးဒုက္ခသည်အရေး ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ သီးခြားအစည်းအဝေး တစ်ရပ်လုပ်ဖို့ မလေးရှားနိုင်ငံက ပြင်ဆင်နေပါတယ်။ မလေးရှား အာဏာရှင် ဒီမိုကရေစီခေါင်းဆောင် မဟာသီကလည်း မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက် နေပါတယ်။
၂၀၁၃ နှင့် ၂၀၁၄ ခုအတွင်း အရှေ့တောင်အာရှ ပင်လယ်ပြင်၌ တရားမဝင်ဖြတ်ကျော် သူများစာရင်း (Source : Story Bulider Website)
လူကုန်ကူးသူများ၊ လူမှောင်ခိုများနှင့် နေရပ်စွန့်ခွာ တရားမဝင် ဖြတ်ကျော်သူများ အသုံးပြုသည့် လမ်းကြောင်း (Source : Story Bulider Website)
နောက်ကွယ်မှာ OIC ရှိတယ်
မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဟောင်း အယ်လ်ဘာနဲ့ မလေးရှား အာဏာပိုင် အဟောင်း၊ အသစ်တွေက ဘင်္ဂါလီရိုဟင်ဂျာ အရေးကို တွန်းအားပေးရတာ အကြောင်းရှိပါတယ်။
အယ်လ်ဘာဟာ OIC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ဖြစ်ပါတယ်။ သူ့လှုပ်ရှားမှုရဲ့ နောက်မှာ OIC ရှိနေပါတယ်။ ဒါကို မေ ၂၄ ရက်က ထုတ်ပြန်တဲ့ OIC သတင်းထုတ်ပြန်ချက်နဲ့ မေ ၂၇ ရက်မှာ ပြုလုပ်တဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကြည့်ရင် သိနိုင်ပါတယ်။
OIC ရဲ့ သတင်းထုတ်ပြန်ချက်မှာ မြန်မာက ဖိနှိပ်ခံ မွတ်စလင် လူနည်းစုတွေကို ကူညီထောက်ပံ့ဖို့ သူတို့ရင်းမြစ်တွေ အသုံးပြုပြီး လှုပ်ရှားမှု စတင်နေပြီလို့ ဆိုပါတယ်။ အဓိက ရည်ရွယ်တာက ဘင်္ဂါလီရိုဟင်ဂျာတွေကိုပါ။
ဒါ့အပြင် သူတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး အယ်လ်ဘာက တက်ကြွစွာ လှုပ်ရှားနေပြီး ဒေသတွင်း NGO တွေနဲ့ အာဏာပိုင်တွေကိုလည်း ဆက်သွယ်ဆောင်ရွက်နေတယ်လို့ OIC က ဆိုပါတယ်။
ဘင်္ဂါလီ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတွေ ရပ်တန့်ဖို့၊ နိုင်ငံသား အသိအမှတ်ပြုဖို့နဲ့ နေရပ်ပြန်နိုင်အောင် လုပ်ပေးဖို့ကိုလည်း မြန်မာအစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးဖို့ လိုတယ်ဆိုတာလည်း သူတို့က ပြောပါတယ်။
ဒါ့အပြင် ကမ္ဘာတစ်လွှားမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေကို ကိုယ်စားပြုတဲ့ အနေနဲ့ “ရခိုင်ရိုဟင်ဂျာ ယူနီယံ” ကို ထူထောင်ပြီး နိုင်ငံတကာ ထောက်ခံမှုရအောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ဟာ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ဘင်္ဂါလီရိုဟင်ဂျာ အရေးတင် မကဘဲ ရိုဟင်ဂျာ အမည်ခံပြီး နိုင်ငံတကာကို ရောက်နေတဲ့ နိုင်ငံမဲ့နိုင်ငံသား ဘင်္ဂါလီ ၄ ဒသမ ၂ သန်းကျော် အရေးအတွက် မြန်မာကို ဖိအားပေးဖို့ ပြင်ဆင်တာလို့ ယူဆပါတယ်။
အော်စလို ကွန်ဖရင့်
မေ ၂၇ ရက်မှာ OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကူဝိတ်မှာ လုပ်ပါတယ်။ အဲဒီကာလမှာပဲ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ The Oslo Conference to End Myanmar's Persecution of Rohingyas ကို လုပ်ပါတယ်။
ကွန်ဖရင့်မှာ ဂျော့ဆိုးရော့စ်၊ မဟာသီတို့က ဗီဒီယိုဖိုင်တွေကတစ်ဆင့် မိန့်ခွန်းပြောပါတယ်။
ဒီပွဲမှာ OIC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း အယ်လ်ဘာလည်း ပါဝင်ခဲ့ပါတယ်။ အစည်းအဝေး ကာလမှာ မြန်မာဘုန်းတော်ကြီး သုံးပါး၊ ဒေါက်တာဇာနည်၊ အဆိုတော် မွန်းအောင်တို့အပြင် မြန်မာနိုင်ငံက သွားတက်သူတွေအဖြစ် သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ စာရေးဆရာ ညီပုလေးတို့ကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ဘင်္ဂါလီ ရိုဟင်ဂျာ အရေးမှာ မြန်မာကို တစ်ဖက်သတ် အပြစ်တင်လေ့ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ်ဟောင်း ကွင်တားနား၊ တိုင်းမ်မဂ္ဂဇင်း သတင်းထောက် ဟန်နာဘိချ်တို့လည်း ပါဝင်ခဲ့ပါတယ်။
စာရေးဆရာ ညီပုလေးက သူ့ကို နော်ဝေက မြန်မာအဖွဲ့အစည်း တစ်ရပ်က ဖိတ်လို့ သွားခဲ့တယ်၊ လေ့လာသူအနေနဲ့ တက်ခဲ့ပြီး ဝင်ဆွေးနွေးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အော်စလို ကွန်ဖရင့်မှာ ပြောဆိုခဲ့တဲ့ တစ်ဖက်စောင်းနင်း အဆိုးမြင် ပြောကြားချက် အားလုံးကို ပယ်ချကြောင်း မေ ၃၀ မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
သေချာတာကတော့ မေလဆန်းမှာ ပေါ်လာတဲ့ ဖြစ်စဉ်တွေကို အကြောင်းပြုပြီး ဖြစ်လာခဲ့တဲ့ အစည်းအဝေးတွေ၊ ကွန်ဖရင့်တွေဟာ ချိန်သားကိုက်လို ဖြစ်နေပါတယ်။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေ သိထားဖို့
ဒီအချိန်မှာပဲ အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံတကာ သတင်းဌာနတွေရဲ့ ရှုမြင်ပုံကလည်း တစ်ဖက်စောင်းနင်း နိုင်ပါတယ်။
မြန်မာ့အရေးမှာ သူတို့ဟာ တုတ်တစ်ဖက်၊ မုန့်တစ်ဖက်နဲ့ ဆက်ဆံလေ့ ရှိပါတယ်။ ဒါဟာ မဆန်းပါဘူး။ ဒါပေမဲ့ ဒီလို ဆက်ဆံမှုဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး မြှင့်တင်မှုတွေမှာ အသုံးဝင်နိုင်ပေမယ့် ဘင်္ဂါလီရိုဟင်ဂျာ အရေးမှာ လုပ်လို့မရပါဘူး။
ဘင်္ဂါလီရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ လော်ဘီတွေရဲ့ လုပ်ဆောင်မှုတွေကို မေးခွန်းထုတ်ရပါမယ်။ ဗြိတိန်လည်း ထိုနည်းတူစွာပါပဲ။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း သမိုင်းဝင် ဖြစ်လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို မကြာခင် လုပ်ပါတော့မယ်။ ဒီအချိန်မှာ ဒီမိုကရေစီ အရေးအတွက်လို့ ပြောဆိုနေတဲ့ အနောက်နိုင်ငံတွေနဲ့ UN တို့ရဲ့ ရိုဟင်ဂျာအရေး လုပ်ရပ်တွေက ရွေးကောက်ပွဲကို အာရုံလွှဲသလို ဖြစ်နေပါတယ်။ ဒီလုပ်ရပ်တွေကို ဆက်လုပ်နေမယ်ဆိုရင် မြန်မာ့ဒီမိုကရေစီရေးအတွက် တစ်သက်လုံး လုပ်ပေးလာခဲ့တဲ့ မိတ်ဆွေနိုင်ငံတွေ အဖြစ်ကနေ မြန်မာပြည်သူတွေရဲ့ ရန်သူ ဖြစ်သွားပါလိမ့်မယ်။
အာဆီယံကတော့ အဖွဲ့ဝင်နိုင်ငံ တစ်ခုချင်းစီရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေး မူကြောင့် ရိုဟင်ဂျာ အရေးကို ထိပ်သီးဆွေးနွေးပွဲမှာ လွှမ်းမိုးမခံခဲ့ပါဘူး။ ဒါပေမဲ့ အမေရိကန်နိုင်ငံနဲ့ အနောက်နိုင်ငံတွေက အာဆီယံလို မဟုတ်ပဲ ရိုဟင်ဂျာအရေး သံယောင်လိုက်မယ်ဆိုရင် ရန်သူဖြစ်သွားရုံကလွဲပြီး ဘာမှ အကျိုးရှိမှာ မဟုတ်ပါဘူး။
ဒီနေရာမှာ အမေရိကန် အစိုးရရဲ့ မြန်မာအပေါ် သဘောထားနဲ့ ဘင်္ဂလားဒေ့ရှ်အပေါ် သဘောထားက မတူညီတာ တွေ့ရပါတယ်။
အမေရိကန်ဟာ တရုတ်နဲ့ ဆက်ဆံရေး ပြေလည်ဖို့ လုပ်ကိုင်နေတဲ့ အိန္ဒိယကို အာရုံမစိုက်တော့ပါဘူး။ ပါကစ္စတန်နဲ့ အဆင်မပြေ ဖြစ်လာပါတယ်။ ဒီအခါ ဘင်္ဂါလားဒေ့ရှ်ကို ပိုပြီး အာရုံစိုက်လာပါတယ်။
၁၉၇၂ ခုနှစ်ကနေ အခုချိန်ထိ အမေရိကန်ဟာ ဘင်္ဂါလားဒေ့ရှ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အဓိက မိတ်ဖက်နိုင်ငံ ဖြစ်နေသလို အမေရိကန်ဒေါ်လာ သန်းထောင်ချီ အကူအညီတွေ ပေးနေဆဲပါ။
အမေရိကန် ကုမ္ပဏီတွေဖြစ်တဲ့ ရှပ်ဖ်ဖရွမ် (Chevron) နဲ့ ကိုနိုကိုဖိလစ် (ConocoPhilips) တို့က ဘင်္ဂလားဒေ့ရှ်ရဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားပါတယ်။
ဒီအချက်ကို ကြည့်ခြင်းအားဖြင့် အမေရိကန်ဟာ သူ့ရဲ့ အကျိုးစီးပွားအတွက် မြန်မာထက် ဘင်္ဂလားဒေ့ရှ်ကို ပိုဦးစားပေးထားပြီး ဘင်္ဂါလီရိုဟင်ဂျာ အရေးမှာလည်း ဘင်္ဂလားဒေ့ရှ်ကို အပြစ်မပြောဘဲ မြန်မာကိုပဲ ဘာကြောင့် အပြစ်ပြောနေသလဲဆိုတာ ပေါ်လွင်ပါတယ်။
နိုင်ငံတကာ သတင်းဌာနတွေကတော့ ဘင်္ဂါလီရိုဟင်ဂျာ အရေးမှာ မြန်မာပြည်သူတွေရဲ့ ရန်သူလို ဖြစ်နေပါပြီ။
ဒီအထဲမှာ BBC မြန်မာပိုင်းရဲ့ ဖော်ပြမှုတွေဟာ ကျန်တဲ့ ကိစ္စတွေမှာ မျှတမှုရှိတယ် ထင်ရပေမယ့် ဘင်္ဂါလီရိုဟင်ဂျာ အရေးမှာ ဒီလို မဟုတ်ပါဘူး။ ဒီအတွက်လည်း မေးခွန်းထုတ်စရာတွေ ရှိပါတယ်။
ဘင်္ဂါလီရိုဟင်ဂျာ အရေးမှာ အပိုင်းနှစ်ပိုင်း ရှိပါတယ်။ တစ်ခုက လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပါတယ်။ ဒုတိယတစ်ခုက နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားပါ။ ဒီကိစ္စမှာ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကိုပဲ ကြည့်သင့်ပါတယ်။ ဒါဟာ အမုန်းတရား အခြေခံပြောတာ မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းကို ကြည့်ပြီး ပြောတာပါ။
ဘင်္ဂလားဒေ့ရှ်၏ လူဦးရေတိုးနှုန်းပြဇယား (Source : Story Bulider Website)
ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများနှင့် အရေအတွက်ပြမြေပုံ (Source : IDMC)
ဘင်္ဂါလီရိုဟင်ဂျာတွေရဲ့ လာရာ
ရိုဟင်ဂျာတိုင်းရင်းသားဆိုတာ မြန်မာနိုင်ငံမှာ မရှိပါဘူး။ ရိုဟင်ဂျာ အသုံးအနှုန်းတော့ ရှိပါတယ်။
မြန်မာ့စွယ်စုံကျမ်း အတွဲ ၉၊ စာမျက်နှာ ၈၉ မှာ “မေယုနယ်ခြားခရိုင်” အကြောင်းကို ဖော်ပြခဲ့ပါတယ်။ မေယုနယ်ခြားခရိုင်ဆိုတာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် အနောက်မြောက်ဒေသတွေ ပါဝင်တဲ့ ခရိုင်တစ်ခုကို ပြောတာပါ။
“မေယုနယ်ခြားခရိုင်တွင် လူဦးရေ ၄ သိန်းကျော် ၅ သိန်းနီးပါး ရှိ၏။ များသောအားဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် တံငါလုပ်ငန်းများဖြင့်သာ အသက်မွေးကြသည်။ လူများစု (၇၅ ရာခိုင်နှုန်းခန့်)မှာ ရိုဟင်ဂျာလူမျိုးဖြစ်၍ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမွီး စသော တိုင်းရင်းသား လူမျိုးစုများလည်း နေထိုင်လျက်ရှိသည်” ဆိုပြီး စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။
မြန်မာတိုင်းရင်းသား မျိုးနွယ်စုထဲမှာ ရိုဟင်ဂျာ မရှိပါဘူး။ သူတို့တွေက တစ်ဖက်နိုင်ငံကနေ ရောက်လာကြသူတွေပါ။ ကိုလိုနီခေတ်မှာ ဝင်လာခဲ့တယ်။ အင်အားကြီးလာချိန်မှာ မွတ်ဆလင်ပြည်နယ် ထူထောင်ရေးအထိ တောင်းဆိုခဲ့ပါတယ်။ ဒါက တစ်ချက်ပါ။
နောက်တစ်ချက်က ၁၉၅၅-၅၆ ခုနှစ် ဖဆပလအစိုးရ ဦးနုလက်ထက်မှာ ကြီးမားတဲ့ အမှားကို လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲရလိုဇောနဲ့ တစ်ဖက်နိုင်ငံက လူမျိုးခြားတွေကို မြန်မာနိုင်ငံထဲ ဝင်ခွင့်ပေးလိုက်တယ်။ ယာယီနိုင်ငံသားလက်မှတ်၊ မှတ်ပုံတင်တွေကို အလွယ်တကူ ထုတ်ပေးပြီး ၁၉၅၆ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာ မဲပေးစေခဲ့ပါတယ်။
၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတွေမှာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီအရေအတွက် ငါးသိန်းနီးပါး ရှိလာခဲ့ပါတယ်။ သူတို့တွေရဲ့ စိမ့်ဝင်ပျံ့နှံ့မှုက ရခိုင်ပြည်နယ် အနှံ့အထိ ရောက်ခဲ့ပြီး တဖြည်းဖြည်း အားကောင်းခဲ့ကြပါတယ်။
၁၉၆၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအသွင် ဘင်္ဂါလီစာရင်း ကောက်ယူမှု၊ ၁၉၆၉ ခုနှစ်မှာ လုပ်ခဲ့တဲ့ မြတ်မွန်စစ်ဆင်ရေး၊ ၁၉၇၄ ခုနှစ်မှာ လုပ်တဲ့ စပယ်စစ်ဆင်ရေးတွေဟာ ဘင်္ဂါလီတွေကို စိစစ်ခဲ့တာပါ။ ၁၉၇၈ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တဲ့ နဂါးမင်း စီမံချက်က အပြင်းထန်ဆုံး ဖြစ်ပါတယ်။
နဂါးမင်း စီမံချက် စစ်ဆင်ရေးကြောင့် ဘင်္ဂါလီပေါင်း ၁၅၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားပါတယ်။ ဒီအချိန်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပထမဆုံး ထုတ်ဖော်ပြောဆိုတာ ရှိလာပါတယ်။
သူတို့ အဆိုအရ ဘင်္ဂါလီ ၂၅၀၀၀၀ ကျော် ဘင်္ဂါလားဒေ့ရှ်ဘက် တိမ်းရှောင်ခဲ့တယ်လို့ ဆိုခဲ့သလို နိုင်ငံတကာ မီဒီယာ တစ်ချို့ကလည်း ဘင်္ဂါလီပေါင်း တစ်သိန်းနီးပါး သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၇၈ ခုနှစ် ဇူလိုင်လမှာ တိမ်းရှောင် ဘင်္ဂါလီတွေကို ပြန်လည်လက်ခံဖို့ ဟင်္သာစီမံချက်ကို ရေးဆွဲခဲ့ပါတယ်။ ဟင်္သာစီမံချက်ကြောင့် ပြန်ဝင်လာတဲ့ ဘင်္ဂါလီ အရေအတွက် ၁၉၀၀၀၀ နီးပါး ရှိခဲ့ပါတယ်။ ထွက်ပြေးသွားသူ အရေအတွက်ထက် ပိုဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနောက်ပိုင်း မြန်မာတိုင်းရင်းသား မဟုတ်တဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်တွင်း နေထိုင်မှု ပိုများခဲ့ပါတယ်။ တရားဝင်နေထိုင်ခွင့် ရသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာသူတွေ ရောထွေးကုန်ပါတယ်။
ဒါပေမဲ့ သူတို့ကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ မဲပေးခွင့် ပြုခဲ့ပါတယ်။ ဒီလို မဲပေးခွင့်ပြုခဲ့တဲ့အတွက် သူတို့စိတ်ထဲမှာ နိုင်ငံသားဖြစ်မှာပဲဆိုတဲ့ မျှော်လင့်ချက် ရှိခဲ့တယ်။ နိုင်ငံသား အသိအမှတ်ပြုဖို့လည်း တောင်းဆိုခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ ဝှိုက်ကတ်ကိုင်ထားသူတွေ မဲပေးခွင့် မရှိတော့ပါဘူး။ သူတို့ ကိုင်ဆောင်ထားတဲ့ ဝှိုက်ကတ်တွေကို ပယ်ဖျက်ပြီး နိုင်ငံသားစိစစ်ရေး လုပ်ဆောင်တော့မှာပါ။
ဒီလို စိစစ်မယ့် အစီအစဉ်အရ မြန်မာနိုင်ငံ ဝှိုက်ကတ်ကိုင်ထားသူ ၇၉၇၅၀၄ ဦးရှိပြီး ရခိုင်ပြည်နယ် တစ်ခုတည်းမှာ ၆၆၆၃၈၁ ဦး ရှိတယ်လို့ သိရပါတယ်။ ရှစ်သိန်းနီးပါးထဲက လေးသိန်းကျော်က ဝှိုက်ကတ်တွေကို လာအပ်ထားပြီးပါပြီ။ သူတို့ကို နိုင်ငံသား စိစစ်နေဆဲ ကာလမှာ အစိမ်းရောင်ကတ်တစ်ခု ထုတ်ပေးပါလိမ့်မယ်။
ဘယ်လို ဖြေရှင်းမလဲ
နိုင်ငံတကာမှာ ရိုဟင်ဂျာလို့ပြောရင် တရားဝင် အသိအမှတ်ပြု စာရင်းဝင်ပြီး အခွင့်အလမ်းများစွာ ရကြပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ကို စွန့်ခွာပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်နေသူတွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ၊ မြန်မာနိုင်ငံက လာတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဆိုတဲ့ စကားရပ်ကို တီထွင်ခဲ့ကြပါတယ်။
နောက်ပြီး ရခိုင်ပြည်နယ်ထဲကို ခိုးဝင်လာတဲ့ ဘင်္ဂါလီရိုဟင်ဂျာ ပြဿနာက မြန်မာတိုင်းရင်းသား ပြဿနာ မဟုတ်ပါဘူး။ လူဝင်မှုကြီးကြပ်ရေး ပြဿနာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဒါဟာ နယ်ခြားမလုံခြုံမှုကြောင့် ဖြစ်ရတာလို့ ၂၀၁၂ ခုနှစ်မှာ ပြောဖူးပါတယ်။
ဒါကို ဖြေရှင်းနိုင်ဖို့ ပထမအဆင့်က နိုင်ငံသား စိစစ်ခြင်းပါပဲ။ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ဝှိုက်ကတ် ၆၆၆၃၈၁ ဦးထဲက ထက်ဝက်လောက်က စိစစ်မှုတွေလုပ်ရင် နိုင်ငံသား ဖြစ်နိုင်ပါတယ်။ ကျန်တဲ့ ထက်ဝက်ထဲက တစ်ဝက်ကျော်ကလည်း နိုင်ငံသားဖြစ်နိုင်တဲ့ အခွင့်အရေးတွေ ရှိပါတယ်။
ဒီနေရာမှာ အစိုးရက နိုင်ငံသား စိစစ်ခြင်းကို ရန်ကုန်အထိ ပြန်လုပ်ဖို့ လိုပါလိမ့်မယ်။ အကျင့်ပျက် ခြစားတဲ့ အရာရှိတွေကြောင့် မှတ်ပုံတင်ကိုင်ဆောင်ခွင့် ရထားသူ ဘင်္ဂါလီတွေ ရှိနေပါတယ်။
ဒီလို ကိုင်ဆောင်ထားသူတွေဟာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာပါ ပျံ့နှံ့နေပါပြီ။ ဝှိုက်ကတ်ကိုင်ထားတဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေကို နိုင်ငံသား စိစစ်ရင် မှတ်ပုံတင်ကိုင်ထားတဲ့ ဘင်္ဂါလီတွေကိုလည်း စိစစ်မှု လုပ်သင့်ပါတယ်။
ဒုတိယ အချက်က ဝှိုက်ကတ်အစား ယာယီထုတ်ပေးမယ့် အစိမ်းရောင်ကတ်နဲ့ မဲပေးခိုင်းတာမျိုး ခွင့်မပြုရပါဘူး။ နိုင်ငံသား စိစစ်မှု မပြီးသေးရင် အဲဒီ မပြီးသေးတဲ့ နယ်မြေမှာ ရွေးကောက်ပွဲ မလုပ်ဘဲ ရွေ့ဆိုင်းလို့ ရပါတယ်။
အထူးသဖြင့် သမိုင်းမှာ ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်းအစ၊ ဦးနေဝင်းအလယ်၊ ဦးသန်းရွှေအဆုံး မဲလိုချင်တဲ့အခါ ဘင်္ဂါလီရိုဟင်ဂျာတွေကို အသုံးချ၊ legitimacy လိုချင်တဲ့အခါ ရခိုင်တိုင်းရင်းသားတွေကို အသုံးချဆိုတဲ့ အစဉ်အလာဆိုးကို ဆက်မလုပ်ဖို့ လိုပါတယ်။ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေကို ရန်တိုက်ပေးရာရောက်တဲ့ အပြုအမူတွေကို စွန့်လွှတ်သင့်ပါပြီ။
ဒုတိယအဆင့်ကတော့ နိုင်ငံသားစိစစ်မှုမှာ အရည်အချင်းနဲ့ မကိုက်ညီသူတွေကို ဒုက္ခသည် စခန်းတွေမှာ ဆက်ထားလိုက်ပါ။ UNHCR နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက သူတို့ကို ဆက်ပြီး ကူညီပါလိမ့်မယ်။
တတိယအဆင့်ကတော့ မြန်မာ-ဘင်္ဂါလားဒေ့ရှ် ကုန်းတွင်နယ်နိမိတ်တစ်လျှောက် အုတ်ရိုးအသုံးပြု ခြံစည်းရိုးကာဖို့နဲ့ အကျင့်ခြစားမှုကင်းတဲ့ သူတွေကို နယ်စပ်မှာ တာဝန်ပေးဖို့ ဖြစ်ပါတယ်။ လက်ရှိကာရံထားတဲ့ ခြံစည်းရိုးဟာ လုံခြုံမှု မရှိသလို ချိုးဖျက်ဝင်ရောက်ဖို့ လွယ်ကူနေပါတယ်။
အစိုးရအဆက်ဆက် ဘင်္ဂါလီရိုဟင်ဂျာပြဿနာကို အပြီးအပြတ် မဖြေရှင်းခဲ့လို့သာ ဒီနေ့လို ပြဿ နာတွေ ပေါ်လာတာပါ။
ဒီလိုမဟုတ်ဘဲ အခုအတိုင်း ဆက်လုပ်နေမယ် ဆိုရင်တော့ မြန်မာနိုင်ငံအပေါ် အပြစ်ပုံချချင်သူတွေ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ပိုဆိုးလာနိုင်တာက ဒါကို အခွင့်ကောင်းယူပြီး အစွန်းရောက် အကြမ်းဖက်အုပ်စုတွေ ခြေကုတ်ဝင်ယူလာနိုင်တာ ဖြစ်ပါတယ်။
အခုတော့ အရှေ့တောင်အာရှ ပင်လယ်ပြင်ထဲက တရားမဝင် နိုင်ငံဖြတ်ကျော်နေသူတွေ၊ ကမ္ဘာတစ်လွှား ရောက်ရှိနေတဲ့ ရိုဟင်ဂျာအမည်ခံ သန်းချီရှိတဲ့ ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံက မဟုတ်သလို၊ မြန်မာနိုင်ငံက ပြန်ပြီး လက်ခံရမယ့် သူတွေလည်း မဟုတ်ပါဘူး။
ဒါ့အပြင် ကိုယ့်နိုင်ငံသား၊ တိုင်းရင်းသား မဟုတ်သူတွေကို လက်ခံရလောက်တဲ့အထိ မြန်မာဟာ အာရှရဲ့ ဘုံကျွန် မဟုတ်ပါဘူး။ အာရှရဲ့ အမှိုက်ပုံလည်း မဟုတ်ပါဘူး။