ကျွန်တော်တို့၏ နေ့စဉ်ဘဝများတွင် စမတ်ဖုန်း (Smartphone)၊ တက်ဘလက် (Tablet)၊ လက်တော့ပ် (Lap Top) စသည်တို့ကို အသုံးပြု၍ နည်းပညာလှိုင်းလုံးများပေါ် စီးမျောမှန်းမသိ စီးမျောနေကြသည်။ ထိုစီးမျောမှုနှင့်အတူ ယခင်က စကားပြောရုံသက်သက်သာ အသုံးပြုနိုင်ခဲ့သော ဖုန်းများအစား နာရီလည်းကြည့်၍ရ၊ ဗီဒီယိုလည်း ကြည့်ရှုနိုင်၊ လက်ရှိမိုးလေဝသ အခြေအနေအထိလည်း သိရှိနိုင်သည်တို့အပြင် အခြားအရာများစွာကိုလည်း စွမ်းဆောင်ပေးနိုင်လာသည့် စမတ်ဖုန်းများအား ပိုမိုအာသာငမ်းလာကြသည်။ ထို့ပြင် အဝတ်အစား၊ စားသောက်ကုန်၊ ကုန်ပစ္စည်းများစွာတို့ကို အသစ်အစမ်းတီထွင်သည်ထက် တီထွင်လာကြသည်။ထိုသို့ လူ့အသုံးအဆောင်ပစ္စည်းများအား အသစ်အဆန်း တီထွင်လာကြသည်နှင့်အပြိုင် အနုပညာရှင်တို့ကလည်း ၎င်းတို့၏ အသိဉာဏ်ပညာနှင့် နှလုံးသားစွမ်းရည်တို့ကို ပေါင်းစပ်၍ အနုပညာ ပုံသဏ္ဌာန်အသစ် များစွာကို ဖန်တီးလာကြသည်။ စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု စသည့်အနုပညာရပ် များစွာတို့ကို အတွေးအခေါ်အသစ်၊ တင်ပြပုံအသစ်နှင့် ဖွဲ့စည်းပုံ အသစ်အသစ်များစွာတို့ဖြင့် ဖော်ထုတ်ပြသလာကြသည်။ နံရံဆေးရေးပန်းချီ၊ သဘာဝသရုပ်မှန် ပန်းချီတို့အစ အာရုံမြင်ပန်းချီ၊ ဒြပ်မဲ့ပန်းချီတို့အလယ် ဆေးရောင်ကိုပင် အသုံးမပြုတော့ဘဲ လူကိုယ်တိုင်နှင့် ပစ္စည်းကိရိယာတို့ကို ပေါင်းစပ်ဖန်တီး ပြသလာကြသည်အထိ ပန်းချီ၊ ပန်းပု အနုပညာ အယူအဆများစွာတို့လည်း ဖွံ့ဖြိုးလာခဲ့သည်။ထိုသို့ ပန်းချီ၊ ပန်းပု အနုပညာ တင်ပြပုံ များစွာတို့ စင်ပြိုင်ထွန်းကားနေသည့် ယနေ့ကာလအချိန်တွင် ဗုဒ္ဓဝင်ဇာတ်နိပါတ်များ၊ မြန်မာ့ရိုးရာ ကနုတ်ကောက်ကြောင်းများ၊ မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအဆောက်အဦများ၊ နေ့စဉ် လူနေမှုပုံစံများနှင့် မြန်မာ့သဘာ၀ ရှုခင်းအလှများကိုသာ ပန်းချီရေးဆွဲကြသူများလည်း အများအပြား ရှိကြသည်။ ထိုပန်းချီဆရာများအနက် မြန်မာ့ရေမြေပေါ်တွင် ခရစ်သက္ကရာဇ်မပေါ်မီ ကျောက်ခေတ်နှောင်းပိုင်းကတည်းက တည်ရှိနေထိုင်ခဲ့ပြီး ယနေ့ခေတ်အချိန်တွင် လူမျိုးစုအဖြစ် အထင်အရှား မတွေ့ရတော့သည့် ပျူလူမျိုးများ၏ သမိုင်းကို ပန်းချီရေးဆွဲသူတစ်ဦးကို တွေ့ဆုံခဲ့ရသည်။ ပျူလူမျိုးများကို သက်ရှိထင်ရှား မတွေ့နိုင်တော့သော်လည်း ၎င်းတို့၏ ယဉ်ကျေးမှု ထွန်းကားခဲ့စဉ်အချိန်မှ ယနေ့ကာလအထိ ကြွင်းကျန်ရစ်ခဲ့သည့် ရွှေပေချပ်များ၊ အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်တန်ဆာများ၊ ကျောက်စာများ စသည်တို့ကို ရှာဖွေစုဆောင်းလေ့လာ၍ ပန်းချီကားများအဖြစ် ရောင်ပြန်ဟပ်ပြသည့် ဆရာဦးကျော်စိန်ဝင်းကို တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး စာရေးဆရာ၊ ပန်းချီဆရာတစ်ဦးလည်း ဖြစ်သည့် ဆရာဦးကျော်စိန်ဝင်းသည် မင်းဘူးမြို့နယ်၊ မယ်ဘေ့ကုန်းကျေးရွာ၌ နေထိုင်သည်။ ဆရာက ဧရာဝတီမြစ် အနောက်ဘက်ကမ်း မင်းဘူးမြို့နှင့် ဆက်စပ်ဒေသများရှိ ပျူ သမိုင်း အထောက်အထားများကို ဆယ်စုနှစ် သုံးခုစာနီးပါး ရှာဖွေလေ့လာခဲ့သည်။ ထိုသို့ လေ့လာခဲ့သည်နှင့်အမျှ ဆရာဦးကျော်စိန်ဝင်းကိုယ်တိုင် ပျူစာများကို ဖတ်နိုင်၊ ရေးနိုင်သည်သာမက ပျူအရိုးအိုးများ၊ ဆေးတံ၊ ပုတီးစေ့၊ ရှပ်ဒိုးစသည့် ပျူအသုံးအဆောင် ပစ္စည်းများစွာကိုလည်း စုဆောင်းမိခဲ့သည်။ ထိုပစ္စည်းများနှင့် သူ၏ပန်းချီကားများကိုလည်း သူ့နေအိမ်ခြံဝင်းအတွင်း၌ပင် ပြခန်းတစ်ခုဖြင့် ပြသထားသည်။ ပျူသမိုင်းကို လေ့လာ၍ ပျူယဉ်ကျေးမှုအပေါ် ခုံမင်သူတစ်ဦးဖြစ်သည့် အားလျော်စွာ ဆရာဦးကျော်စိန်ဝင်းက သူ၏ အနုပညာပြခန်းကို ပန်တျာဟု အမည်ပေးထားသည်။ မင်းဘူးမြို့နှင့် လယ်ကိုင်းမြို့ ဟောင်းဒေသများတွင် ပျူယဉ်ကျေးမှု ထွန်းကားခဲ့ချိန်မှာ ခရစ်သက္ကရာဇ်မတိုင်မီ (ဘီစီ - ၆၀၀) ကတည်းကဟု ယူဆရကြောင်း မြန်မာနိုင်ငံတွင် အခိုင်မာဆုံး ပျူဒေသများဟု လူသိများပြီး ကမ္ဘာ့အမွေအနှစ် စာရင်းပင် ဝင်ထားသည့် ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿ နိုး စသည့်ဒေသများထက် ပိုစောမည်ဟု ယူဆရကြောင်းများ ဆရာဦးကျော်စိန်ဝင်းက ပြောပြခဲ့သည်။“ဒီဒေသတွေက ပျူသမိုင်း အထောက်အထားတွေကို ရှာဖွေစုဆောင်း လေ့လာရင်းက နဂိုကလည်း ပန်းချီဆွဲတဲ့သူဆိုတော့ အဲဒီ သမိုင်းပစ္စည်းတွေကို ပန်းချီကားတွေအဖြစ် ဖန်တီးဖို့ စိတ်ကူးရလာခဲ့တာပါ။ ဒီပန်းချီကားတွေကနေတစ်ဆင့် ပျူလူမျိုးတွေဟာ ဒီမြန်မာ့ရေမြေပေါ်မှာ ကျောက်ခေတ်နှောင်းပိုင်းလောက်ကတည်းက အခြေချ နေထိုင်ခဲ့တာတွေ၊ အဲဒီကာလကတည်းက သူတို့ရဲ့ လက်မှုပညာ ပစ္စည်းတွေက အနုပညာရသပါပြီး လက်ရာမြောက်ခဲ့တာတွေ၊ ကိုယ်ပိုင်အက္ခရာတွေ သုံးစွဲပြီး စာရေးသားနိုင်ခဲ့ပုံတွေ၊ ဒီနေ့ထိ သုံးနေတဲ့ မြန်မာအက္ခရာတွေဟာ အဲဒီ ပျူ အက္ခရာတွေကနေ ဆင်းသက်လာခဲ့ပုံတွေ၊ ပျူလူမျိုးတွေအကြားမှာ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားခဲ့ပုံတွေကို ဖော်ပြချင်တာပါ” ဟု ဆရာဦးကျော်စိန်ဝင်းက သူ၏ ပျူသမိုင်းပန်းချီကားများ ဖန်တီးရခြင်းအကြောင်း ပြောပြခဲ့သည်။
ဆရာဦးကျော်စိန်ဝင်း ရေးဆွဲထားသည့် ပန်းချီကားများမှာ မင်းဘူးမြို့နယ်အတွင်းမှ တွေ့ရှိခဲ့သော ပျူအက္ခရာဖြင့် ရေးသားထားသည့် “ယေဓမ္မာ…. ချီ” ရွှေပေချပ်ပုံစံ တူပန်းချီကား၊ ပျူအရိုးအိုးနှင့် ပျူသင်္ကေတပါ အုပ်ချပ်များဖြင့် ဖွဲ့စည်းထားသည့် ပန်းချီကားများ၊ ပျူပုတီးစေ့၊ ပျူဆေးတံ၊ ပျူ လက်ကောက်ပုံများပါ ပန်းချီကားများ၊ ပျူ ဒင်္ဂါးများနှင့် ထိုဒင်္ဂါးများပေါ်မှ တွေ့ရှိရသည့် ပျူခေတ်ဝတ်စားဆင်ယင်မှု ဒီဇိုင်းပုံ ပန်းချီကားများ ပါဝင်ကြသည်။ ထိုပန်းချီကားများနှင့် ၎င်းစုဆောင်းထားသည့် ပျူသမိုင်းအမွေအနှစ် ပစ္စည်းများကို စုပေါင်းပြသမည့် ပြပွဲတစ်ခုကိုလည်း ရန်ကုန်မြို့၌ ကျင်းပသွားမည်ဟု ပြောပြခဲ့သည်။ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း အောက်ဘလောက်ရှိ လောကနတ် အနုပညာပြခန်းတွင် ဇွန် ၁ ရက်မှ ၆ ရက်အထိ ပြပွဲကျင်းပမည်ဖြစ်သည်။“ဒီပန်းချီကားတွေကို ရေးဆွဲကတည်းက ပျူအသုံးအဆောင် ပစ္စည်းတွေနဲ့ ပန်းချီကားတွေကို စုပေါင်းပြီး ပြပွဲလုပ်မယ်လို့ ရည်ရွယ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ပြပွဲဖြစ်တဲ့ ဒီပွဲအမည်ကို “သုနာပရ န္တတိုင်းနှင့် ကျွန်တော်” လို့ ပေးထားတယ်။ သုနာပရန္တတိုင်းဆိုတာက မင်းဘူး၊ မင်းလှ၊ ကျောင်းတော်ရာကနေဆော၊ လောင်းရှည်ဒေသတွေအထိ ပါဝင်တယ်လို့ သမိုင်းစာတမ်းတွေကနေ လေ့လာခဲ့ရတယ်။ အဲဒီဒေသတွေကနေ တွေ့ရှိခဲ့တဲ့ ပျူအုတ်ချပ်တွေ၊ ပျူပုတီးစေ့တွေကို လေ့လာကြည့်တော့လည်း ဆက်စပ်မှုတွေ ရှိကြတယ်။ အဲဒီလို သမိုင်းအမွေအနှစ်တွေ အများကြီးတည်ရှိနေတဲ့ ဒေသမှာ မွေးဖွားကြီးပြင်းခဲ့ရပြီး ကျွန်တော်စုဆောင်းထားတဲ့ ပျူသမိုင်းပစ္စည်းတွေကိုလည်း စုပေါင်းပြသမှာမလို့ ဒီနာမည်ကို ပေးခဲ့တာပါ။ ပြပွဲပြီးတဲ့ ဇွန် ၇ ရက်မှာလည်း ဒီဒေသက ပျူသမိုင်းကြောင်းတွေကို ပစ္စည်းတွေနဲ့တကွ ဟောပြောပွဲ ပြုလုပ်သွားမှာပါ။ အဲဒီဟောပြောပွဲကနေတစ်ဆင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပျူသမိုင်း အထောက်အထားတွေ အခိုင်အမာ တည်ရှိနေတဲ့ ဒီဒေသကို လေ့လာဖော်ထုတ်နိုင်ဖို့လည်း မျှော်မှန်းပါတယ်” ဟု ဆရာဦးကျော်စိန်ဝင်းက သူ၏ပြပွဲနှင့် သူ့ရည်ရွယ်ချက်အကြောင်း ပြောပြခဲ့သည်။ကျောက်ဂူများအတွင်း နံရံပန်းချီများမှ အစပြုခဲ့သော ပန်းချီအနုပညာ ဖန်တီးမှုများမှာ သဘာဝမြင်ကွင်းများကို ဓာတ်ပုံရိုက်ထားသကဲ့သို့ တစ်ထပ်တည်းတူညီစွာ ရေးဆွဲထားသော သရုပ်မှန်ပန်းချီကားများ မော်ဒန်၊ ပို့စ်မော်ဒန် ပန်းချီကားများအထိ ဆင့်ပွားဖန်တီးခဲ့လာခဲ့ကြသည်။ ကျောက်ခေတ်မှ ယနေ့ထိ ဆင့်ကာဆင့်ကာ ပြောင်းလဲတိုးတက်လာခဲ့သော လူ့ယဉ်ကျေးမှု သမိုင်းကြောင်းနှင့်အတူ ပန်းချီ၊ ပန်းပု၊ စာပေ၊ ဂီတဖန်တီးမှု များစွာတို့သည်လည်း အသွင်သဏ္ဍာန်မျိုးစုံဖြင့် အနုပညာပင်စည်တွင် ခက်လက်ဝေဖြာလာခဲ့ကြသည်။တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား စည်းရိုးများ ပါးလျားလာမှု၊ ယဉ်ကျေးမှုများ ရောပြွန်းလာမှုတို့ဖြင့် ကမ္ဘာကြီးပေါ်တွင် ဂလိုဘယ်ယဉ်ကျေးမှု ထွန်းကားလာနေသည်နှင့်အမျှ အနုပညာဖန်တီးမှု ပုံသဏ္ဍန်များကလည်း တစ်ခုနှင့်တစ်ခု ရောထွေးယှက်သန်းလာကြသည်။ ထိုသို့ အနုပညာအဆင်အကွက်များ အသွင်စုံလှသည့် ယနေ့ခေတ်ပြိုင်ကာလ၌ ပန်းချီဆရာများက ရိုးရာဟန်ကောက်ကြောင်း ပန်းချီ၊ သရုပ်မှန်ပန်းချီ၊ မော်ဒန်ပန်းချီ စသည်ဖြင့် ကိုယ်သန်ရာလမ်းကြောင်းကို လျှောက်လှမ်းကာ ကိုယ်ယုံကြည်ရာနည်းစနစ်ဖြင့် ရေးဆွဲ၍ ပန်းချီဥယျာဉ်ကြီးကို ရနံ့လှိုင်စေလျက်ရှိသည်။ထိုသို့ ရနံ့ပေါင်းစုံသင်းကြိုင်၍ အရောင်အသွေးစုံ၊ အဆင်ဒီဇိုင်းစုံ လှပနေသည့် ပန်းချီဥယျာဉ်ကြီးအတွင်း ကမ္ဘာမြေပေါ်မှ ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည့် ပျူလူမျိုးတို့၏ သမိုင်းအမွေအနှစ်များကို အရောင်ဖြင့် ဖွဲ့ဆိုထားသော ဆရာဦးကျော်စိန်ဝင်း၏ ပန်းချီပန်းများ ထပ်မံဖူးပွင့်လာခဲ့သောအခါ...။
ပျူသမိုင်းကို အရောင်ဖြင့် ဖွဲ့ဆိုပြခြင်း
Most Read
Most Recent
2 hours ago
2 hours ago
2 hours ago
2 hours ago
2 hours ago
2 hours ago
2 hours ago