ပွဲတော်ဦးဆီက ၁၂ ပွဲဈေးသည်များဆီသို့

ပွဲတော်ဦးဆီက ၁၂ ပွဲဈေးသည်များဆီသို့
Published 31 May 2015
သက်ထိန်ဝင်း (ပုခုက္ကူ)

နယုန်လရောက်ပြီဆိုတော့ ကျွန်တော်တို့နေထိုင်တဲ့ အညာမြို့ပခုက္ကူဆီမှာ စည်ကားလှတဲ့ သီဟိုဠ်ရှင်ဘုရားပွဲတော်ကြီး စပါပြီ။ ဒီဘုရားပွဲတော်ဟာ ပခုက္ကူနယ်ရဲ့ပွဲဦးပွဲလို့ ပြောနိုင်ပါတယ်။ ပွဲတော်ကျင်းပတဲ့ရက်က လဆန်း ၈ ရက်နေ့ ကနေ လပြည့်ကျော် ၈ ရက်နေ့ထိ ရက်ပေါင်း  ၁၅ ရက်ကြာ ကျင်းပတယ်ဆိုပေမယ့် ဈေးသည်အများစုက နယုန်လဆန်းကတည်းက ရောက်ပါပြီ။ ပွဲတော်သိမ်းရက်ရောက်ပေမယ့် ပွဲကူးရှိတဲ့ ဈေးသည်များကလွဲရင် ကျန်ဈေးသည်များက ဆက်ပြီး ရောင်းချတုန်းမို့ တချို့နှစ်များ ပွဲတော်ရက်က တစ်လနီးပါး ကြာပါတယ်။
 
ပခုက္ကူတစ်နယ်လုံးက ဒေသခံတွေအပြင် အနီးနားမြို့တွေကပါ လာရောက်ကြတဲ့ပွဲ ဖြစ်တာရောကြောင့် ပွဲမှာလာရောက်ရောင်းချတဲ့ ဈေးဆိုင်ခန်းလည်း အများသားပါ။ အိမ်သုံးပစ္စည်း အသေးအမွှားကအစ တန်ဖိုးကြီးပရိဘောဂပစ္စည်းများကို တစ်နေရာတည်းမှာ ဝယ်နိုင်တဲ့ ဘုရားပွဲပါ။ ကျောင်းစဖွင့်ချိန်မှာ ကျင်းပတဲ့ပွဲမို့ ကျွန်တော်တို့ငယ်စဉ်က ကျောင်းစိမ်းဝတ်စုံဆိုရင် ဒီဘုရားပွဲမှာမှ မိဘများက တကူးတက ဝယ်ပေးပါတယ်။ ဒီဘုရားပွဲမှာ လာရောက်ရောင်းချတဲ့ ဈေးသည်များကလည်း နှစ်စဉ်နှစ်တိုင်း လာရောက်နေကျဆိုတော့ အတော်များများက မြို့ခံတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားလို့ ဆိုနိုင်ပါတယ်။ 
 

 
ဈေးလာရောက်ရောင်းချတဲ့ ဈေးဆိုင်တွေများသလို တစ်နိုင်ငံလုံးရှိတဲ့ မြို့အသီးသီးက လာရောင်းကြတာဖြစ်ပါတယ်။ နှီးဖျာတွေကို ဧရာဝတီတိုင်းအတွင်းက မြို့တွေ့ကနေ လာရောင်းချပြီး အိုးခွက် ၊ ပန်းကန် ၊ အထည်ဆိုင်တွေ အပါအဝင် လယ်ယာသုံးလုပ်ငန်း မျိုးစုံရောင်းတဲ့ ဈေးသည်များကတော့ မြန်မာနိုင်ငံအလယ်ပိုင်းမြို့အသီးသီးက လာရောက်ကြပါတယ်။ သီဟိုဠ်ရှင်ဘုရားပွဲ လာရောက်ရောင်းချတဲ့ဈေးသည်အများစုက နိုင်ငံအန့ှံ တန်ခိုးကြီးဘုရားပွဲဈေးတွေကို လှည့်လည်ရောင်းချရင်း အသက်မွေးဝမ်းကျောင်းပြုသူများပါတယ်။ ဒီပွဲမှာ ရောင်းတဲ့ဈေးသည်များကို ပုခန်းကိုကြီးကျော်ပွဲ၊ ပုဂံအာနန္ဒာဘုရားတွေရောက်ရင်ပြန်တွေ့နေကျ။ သွားနှုတ်ဆက်ရင်လည်း မှတ်မှတ်သားသားထားပြီး ပြန်နှုတ်ဆက်သူများပါတယ်။ 
 
တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကာလမှာ ကိုယ်လိုချင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို အချိန်မရွေးဝယ်ယူလို့ရနိုင်ပေမယ့် အညာအရပ်ဒေသမှာတော့ ဘုရားပွဲခင်းထဲ လျှောက်လည်ရင်း ဈေးဝယ်ရတာ ခံစားမှုက တစ်မျိုးမို့  ယနေ့အချိန်ထိ ဘုရာပွဲဈေးတွေဟာ ပွဲလာသူနဲ့ ဈေးရောင်းသူ စည်ကားနေဆဲပါ။ ရပ်နီးရပ်ဝေးက မိတ်ဆွေများကိုလည်း ဘုရားပွဲဆီကို အလည်လာဖို့ ဖိတ်ကြားကြပါသေးတယ်။ သီဟိုဠ်ရှင်မြတ်စွာဘုရားဆိုတဲ့ မုခ်ဦးအောက်မရောက်ခင်မှာဘဲ ဈေးဆိုင်ခန်းတွေ ပြည့်နှက်လို့ နေပါတယ်။ ချိတ်တွေမှာ ချိတ်ထားတဲ့ အဝတ်အစားတွေ အသုံးပစ္စည်းတွေကို ငုံ့ရှောင်ရင်း ပွဲခင်းထဲဆီ တိုးလို့ဝင်လာခဲ့ပါတယ်။ ပွဲခင်းအတွင်းထဲရောက်လာလေ အမျိုးအမည်စုံလှတဲ့ ဈေးဆိုင်ခန်းတွေ စုံလေပါ။ 
 
အဝတ်အထည်ဆိုင်တွေမှာ အမျိုးအစားစုံလင်လှတဲ့ အဝတ်မျိုးစုံတွေ့ခဲ့ပေမယ့် ဟိုအရင်ခေတ်က နာမည်ကျော်ခဲ့တဲ့ ပခုက္ကူ ချည်ထည်တွေကတော့ မတွေ့ရသလောက်ပါပဲ။ ပခုက္ကူဝါဒစောင်တွေလည်း အထည်ဆိုင်ကြီးတွေမှာရှိတယ်ဆိုရုံ အနည်းငယ်တင်ရောင်းတာကလွဲရင် မရှိတော့ပါဘူး။ ပခုက္ကူချည်ထည်တွေနေရာမှာ နေရာယူလာတာကတော့ နိုင်ငံဖြစ်စောင်တွေနဲ့ အခြားတန်ဖိုးနည်းစောင်တွေပါပဲ။ ဒါကြောင့်လည်း ရက်ကန်းလုပ်ငန်းထွန်းကားခဲ့တဲ့ ပခုက္ကူ မှာ အခုချိန်ကာလမျိုး ရက်ကန်းလုပ်ငန်းလုပ်သူ အင်မတန်နည်းသွားပါပြီ။ ဘုရားစောင်းတန်းအတွင်းမှာတော့ ပုဆိုးလေးအခင်းလုပ်ပြီး ဒေသလုပ် ချည်ထည်သက်သက်လာရောင်းသူ အနည်းငယ်ကို တွေ့မြင်ရတာ ဝမ်းသာစရာပါ။ 
 
ဒေသခံတွေ တကူးတကဝယ်တဲ့ ပစ္စည်းတွေထဲမှာ စဉ့်အိုးလည်းပါပါတယ်။ အညာအရပ်ဆိုတော့ သိပ်ပူတဲ့အတွက် ရေအေးလေးချိုးဖို့ဆိုရင် အရိပ်ရတဲ့ သစ်ပင်အောက်မှာ စဉ့်အိုးထဲ ရေအပြည့်ဖြည့်ထားပြီးချိုးမှ အေးတဲ့အရသာကို ခံစားရတာဆိုတော့ ပခုက္ကူတစ်နယ်လုံးက အိမ်တိုင်းမှာ စဉ့်အိုးဟာ မရှိမဖြစ်ပါ။ နောက် မျှစ်ချဉ်သိပ်ဖို့နဲ့ ဆီထည့်ဖို့ အတွက်လည်း ဝယ်ကြပါသေးတယ်။ပခုက္ကူသီဟိုဠ်ရှင်ပွဲ လာရောက်ရောင်းတဲ့ ရွှေဘိုနယ်က စဉ့်အိုးသည် ဦးဖိုးတူကလည်း “ဆယ့်နှစ်ပွဲလိုက်ရောင်းတဲ့ အထဲမှာ ပခုက္ကူ သီဟိုဠ်ရှင်ပွဲကတော့ တကယ့်ကို ဈေးရောင်းရတဲ့ပွဲဆိုတော့ အတော်လေးအားထားပါတယ်။ ကိုယ်ရောင်းတဲ့ပစ္စည်းက သယ်ရခက်တော့ ပွဲမစခင် တစ်လလောက်ကတည်းက ကြိုပြီးပြင်ရတယ်။ တကယ်ရောင်းရတဲ့နှစ်တွေဆိုရင် ပါသမျှပစ္စည်း ပြန်သယ်ရတယ်ဆိုတာ မရှိဘဲထပ်မှာပြီးကို ရောင်းရတဲ့ပွဲပါ” ဟု ပြောပြသည်။
 

 
ပခုက္ကူနယ်က စိုက်ပျိုးရေးလုပ်ကိုင်သူများတဲ့အတွက် ပွဲတော်မှာ လယ်ယာသုံးပစ္စည်းထွန်တုံးတို့ ထွန်ဆံတို့ ထယ်သွားတို့ ရောင်းချတဲ့ဆိုင်တွေလည်း ကဆုန်လပြည့်ကျော်တာနဲ့ ပခုက္ကူသီဟိုဠ်ရှင်ပွဲဆီ ရောက်လာကြပါပြီ။ ပခုက္ကူက စိုက်ပျိုးရေးနယ်ဆိုတော့ လယ်ယာလုပ်ငန်းသုံးပစ္စည်းတွေကို နှစ်တိုင်း သီဟိုဠ်ရှင်ဘုရားပွဲရောက်မှ ဝယ်ကြပါတယ်။ အနီးနားကျေးရွာတွေက တောင်သူတွေလည်း ပွဲမှာလျှောက်သွားပြီး မုန့်စားပွဲကြည့်ရင်း လုပ်ငန်းအတွက် လိုအပ်တာတွေကို ဝယ်ကြတာများပါတယ်။ 
ဒီပွဲရောက်ရင် နွားချည်ကြိုးကစလို့ တောင်သူအသုံးအဆောင်ပစ္စည်း တစ်နှစ်စာလောက် ငအောင်ကို ဝယ်ထားကြတာပါ။ ကိုင်းခုတ် ဓား၊ သီးနှံချွေလှေ့ရာမှာသုံးတဲ့ ဆန်ကော ဆန်ခါ၊ ဆောင်းစရာ ခမောက်တွေလည်း ဒီပွဲမှာပဲ ဝယ်ကြပါတယ်။  မြို့ထဲမှာ ဆန်ကောဆန်ခါရောင်းတဲ့ဆိုင်တွေ ရှိပေမယ့် ပွဲထဲက ဆိုင်တွေလောက် မစုံလင်တာမို့ တောင်သူအားလုံးကပွဲရောက်မှ လိုအပ်တဲ့ပစ္စည်း ဝယ်ကြတာလည်းဖြစ်ပါတယ်။ 
 
သီဟိုဠ်ရှင်ဘုရားပွဲမှာ ပခုက္ကူဒေသခံတွေ အထူးကိုဝယ်တဲ့ သင်ဖြူးဖျာသည်တွေလည်း ပွဲကိုအစောကြီးကတည်းကလာပြီး ခင်းကြပါတယ်။ ပွဲတော်က စီစဉ်ပေးတဲ့ဆိုင်ခန်းတွေက ယာယီဆိုတော့ အမိုးအကာတွေလည်း ပြင်ကြဆင်ကြရတာကြောင့် ပွဲကိုစောပြီး ရောက်ကြပါတယ်။ သင်ဖြူးသည်တွေလာတဲ့အရပ်ကလည်း အောက်ပြည်အောက်ရွာကဆိုတော့ အတော်လည်းဝေးတဲ့အတွက် ကြိုလာကြတာပါ။ တချို့လည်း ပွဲကူးပြီးလာကြတာပါ။ ပခုက္ကူဒေသခံတွေ သင်ဖြူးဖျာကို ပွဲတော်မှာဝယ်တယ်ဆိုတာလည်း ပွဲမှာက ဈေးသည်စုံတော့ ရွေးချယ်ရတာရော ဈေးနှုန်းရောက အဆင်ပြေလို့ပါ။ နောက် ကိုယ့်အရပ်ဒေသရဲ့ရာသီဥတုနဲ့ သင်ဖြူးဟာ လိုက်ဖက်ညီတာလည်း ပါပါတယ်။ 
 
ပခုက္ကူသီဟိုဠ်ရှင်ဘုရားပွဲ ဈေးရောင်းဝယ်မှုနှင့်ပတ်သက်ပြီး “ကျွန်မတို့က ဒီပွဲကို မိဘများလက်ထက်ကတည်းက လာရောင်းပါတယ်။ ရောင်းမကောင်းတဲ့နှစ်ဆိုတာ မရှိသလောက်ပါပဲ။ နည်းတာနဲ့များတာနဲ့ပဲကွာတယ်။ နှစ်တိုင်းရောင်းရပါတယ်။ ဝယ်နေကျသူတွေကလည်း ဝယ်နေကျဆိုင်ကိုလာပြီး ဝယ်ကြတော့ တချို့ကရင်းနှီးနေပါပြီ။ ပခုက္ကူ သီဟိုဠ်ရှင်ပွဲကပွဲဦးလည်းဖြစ် ဈေးဝယ်သူလည်းများတာကြောင့် ကျွန်မတို့တစ်တွေ အင်မတန်အားထားပြီး ရောင်းတဲ့ပွဲပါ”ဟု ဟသာၤတမြို့မှ သင်ဖြူးလာရောက်ရောင်းချသူ တစ်ဦးက ပြောသည်။ 
 
သင်ဖြူးဖျာဆိုင်တွေလည်း နောက်ထပ် ရောင်းအားကောင်းတဲ့ဆိုင်တွေက နှီးဖျာဆိုင်တွေပါ။ နှီးဖျာက ပုံတောင်အရပ် ပေါက်မြို့နယ်တစ်ဝိုက်က ဒေသခံတွေရက်လုပ်ပြီး လာရောင်းတာများပါတယ်။ နှီးဖျာဆိုင်တွေ အတော်များများမှာ ဆိုင်နာမည်နဲ့အတူ ကပျို  နှီးဖျာဆိုင်ဆိုပြီး ရေးထားလေ့ရှိပါတယ်။ နှီးဖျာအများဆုံးယက်လုပ်တဲ့ ကပျိုရွာကို အစွဲပြုပြီးရေးထားတာပါ။ နှီးဖျာက သင်ဖြူးဖျာ လောက်မနူးညံ့ဘူးဆိုပေမယ့် ပိုအကြမ်းခံပါတယ်။ သစ်ကြီးဝါးကြီးကို ရက်လုပ်ထားတာကြောင့် နွေရာသီမှာ အခင်းပြုအိပ်ရင် အင်မတန်အေးပါတယ်။ ခေတ်တွေ ဘယ်လိုပဲ တိုးတက်တိုးတက် ကျွန်တော်တို့အညာမှာတော့ အိပ်ရာခင်းဟာ သင်ဖြူးနဲ့နှီးဖျာပဲ သုံးကြပါတယ်။ 
 

 
 ပွဲထဲကိုလှည့်လည်ရင် မြင်ကွင်းတွေက မြင်နေကြဆိုပေမယ့် ယနေ့တိုင် ရိုးမသွားသေးပါဘူး။ ဒီဘုရားပွဲရောက်ရင် နောက်ထပ်ဒေသခံတွေ တပ်မက်တဲ့အရာက ရိုးရာစားစရာတွေပါ။ ဆန်တို့ကုလားပဲတို့ကို အမှုန့် ကြိတ်ပြီး ထန်းလျက်ရည်နဲ့ရောမွှေပြီး ရောင်းတဲ့မုန့်ကြက်ဥကတော့ ဒီပွဲမှာပဲ စားရပါတယ်။ ကျန်တဲ့အချိန်တွေ အဲဒီအစားကို တပ်မက်ရင်တောင် ရောင်းသူမရှိလို့ မစားရပါဘူး။ ပွဲလည်းရင်း အမောပြေအစာပြေ စားကြသလို အိမ်ပြန်လက်ဆောင်လည်း ဝယ်သွားကြပါတယ်။ 
 
အစားအသောက်တန်းကနေ ပွဲခင်းဘက် ထွက်ခွာလာချိန်မှာ ပိုများတဲ့လူအုပ်ကို တွေ့ရပါတယ်။ သားတွေသမီးတွေ ချားစီးလိုက်ပို့သူ၊ သူငယ်ချင်းတွေနဲ့လာပြီး ရဟတ်စီးသူလည်း အများအပြားပါ။ ကပြမယ့် ဇာတ်ရုံအချို့လည်း ပြင်ဆင်နေပါတယ်။ ပခုက္ကူသီဟိုဠ်ရှင်ပွဲက ဂေဇက်ရပွဲကြီးမို့ နိုင်ငံကျော်ဇာတ်သဘင်တိုင်းလာရောက်ကပြကြတာမို့  ပွဲက တဲ့ရက်ရောက်ရင်ပွဲတော်ဟာ ခုထက် စည်ကားနေမှာပါ။ ဇာတ်သဘင်တွေကိုမြင်တိုင်း လွမ်းစရာ ရုပ်သေးသဘင်တွေကို အမှတ်ရမိပါတယ်။ ရုပ်သေးမပါတာ ဆယ်စုနှစ်ချီသွားပြီ။ နောက်လည်းပါဖို့ လမ်းမမြင်သေးပါ။ ရှေးလူကြီးသူမများက ပွဲတော်မှာ ရုပ်သေးပါမှ မိုးကောင်းတယ်ဆိုတဲ့အယူရှိပေမယ့် နောက်လူတွေတော့ ဒီအယူအဆသိမယ် မထင်တော့ပါဘူး။
 
နှစ်နာရီနီးပါးလောက် ပွဲခင်းထဲလှည့်ပတ်ပြီးမှာ သီဟိုဠ်ရှင်ဘုရားကို ဖူးမြော်ဖို့ ဘုရားပရိဝုဏ်အတွင်း ဝင်ရောက်လာခဲ့ပါတယ်။ အလောင်းစည်သူမင်းရဲ့ ကုသိုလ်ဟု အများယုံကြည်ထားတဲ့ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြော်ပြီး ပွဲခင်းအပြင်ကို ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။ လာမယ့် နယုန်လပြည့် ဆွမ်းလောင်းလှူပွဲနေ့ကတော့ သေချာပေါက် အနီးနားကျေးရွာတွေ ဆွမ်းလာလောင်းသူတွေနဲ့ စည်းကားဦးမှာပါ။ မိုးဦးကျပြီးလို့ တောင်သူလုပ်ငန်းပြီးရင်တော့ တောင်သူကြီးတွေလည်း လုပ်ငန်းသုံးပစ္စည်းတွေဝယ်ဖို့ ပွဲတော်ဆီကိုလာကြမှာ အသေအချာပဲ တွေးနေမိရင်း ၁၂ ပွဲဈေးသည်များ ရောင်းရေးဝယ်တာသာယာဖို့ ဆုတောင်းလိုက်မိပါတယ်။