မိမိတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ပြည်သူကို အလုပ်အကျွေးပြုမယ့် ခေါင်းဆောင်ကောင်းကောင်းမရှိခဲ့တာ၊ နိုင်ငံကို ပခုံးနဲ့ ထမ်းတင်မယ့် အစိုးရကောင်းကောင်း မရခဲ့တာ ရာစုဝက်ခန့် ရှိခဲ့ပါပြီ။ တကယ်တမ်းရခဲ့တာက ပြည်သူကို နင်းတက်မယ့် ခေါင်းဆောင် တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တဲ့ အစိုးရမျိုးကိုသာ ရခဲ့တာပါ။ ဒါ့ကြောင့် တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းရဖို့၊ အစိုးရကောင်းရဖို့ ရင်းနှီးခဲ့ရ၊ ပေးဆပ်ခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့ရဲ့ ဘဝတွေ၊ သွေးတွေ၊ ချွေးတွေလည်း မနည်းတော့ပါဘူး။ အစိုးရအပြောင်းအလဲတွေရှိခဲ့ပေမယ့် ပြည်သူအများစုဘဝကတော့ ထူးမခြားနား ဘုန်းတော်ဘွဲ့အတိုင်းပါပဲ။
ဒီရာစုဝက်ခန့်အတွင်းမှာ တိုင်းပြည်ကို ထမ်းတင်မယ့် ငြမ်းလိုခေါင်းဆောင်ကောင်းလည်း မရခဲ့ဘူး၊ ပြည်သူကို ထမ်းတင်မယ့် ငြမ်းလိုအစိုးရမျိုးလည်း မရခဲ့ပါဘူး။ ရခဲ့တာက တိုင်းပြည်ကို အပေါ်က အုပ်မိုးထားပြီး အတ္တအစေခံဖြစ်သွားတဲ့ ထီးလိုခေါင်းဆောင်မျိုးသာ ရခဲ့တာပါ။ ပြည်သူကိုအပေါ်က အုပ်မိုးထားပြီး အတ္တကျေးကျွန်ဖြစ်သွားတဲ့ ထီးလို အစိုးရမျိုးသာ ရခဲ့တာပါ။
ထီးဆိုတာ သူ့ရဲ့တာဝန်ခံမှုက ထီးအောက်မှာရှိတဲ့သူတွေကို အရိပ်မိုးပေးရမှာပါ။ တကယ်တော့ ဒီရာစုဝက်အတွင်း တိုင်းပြည်အပေါ် ထီးလို အုပ်မိုးခဲ့တဲ့ ခေါင်းဆောင်တွေ၊ ထီးလို အုပ်မိုးခဲ့တဲ့ အစိုးရတွေဟာ တိုင်းပြည်အပေါ်၊ နိုင်ငံသူနိုင်ငံသားတွေအပေါ် အေးမြတဲ့ အရိပ်ကို ကောင်းကောင်း မိုးမပေးနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ဒီရာစုဝက်အတွင်းမှာ ရှင်သန်ခဲ့ရတဲ့ တိုင်းသူပြည်သားတွေဟာ ဘဝရဲ့ နေပူလေပူဒဏ်တွေကို အလူးအလဲ ခံခဲ့ကြရပါတယ်။ ယခုလည်း ထီးလိုမျိုးဆက်တွေ အားကောင်းဆဲဆိုတော့ ခံနေရဆဲပါပဲ။
သာမန်ပုထုဇဉ်တွေဟာ အတ္တကသာ ပြဋ္ဌာန်းလေတော့ ဘဝကို ထီးအဖြစ်တည် ဆောက်လိုသူကသာ များမှာပါ။ ငြမ်းအဖြစ် ခံယူသူက အတော်ကို ရှားပါလိမ့်မယ်။ ထီးအဖြစ် တည်ဆောက်လိုတာ အပြစ်တော့မဟုတ်ပါ။ ဒါပေမဲ့ ထီးရဲ့ခံယူချက်ကတော့ လိုပါတယ်။ မိမိက ထီးဘဝကို ရောက်ရှိပြီ ဆိုပါစို့။ ထိုအခါ ထီးအောက်က အရာအားလုံးကို အုပ်စီးဖို့လား၊ အနိုင်ကျင့်ဖို့လား၊ ဗိုလ်ကျဖို့လား၊ အမြတ်ထုတ်ဖို့လား၊ ခုတုံးလုပ်ဖို့ လား။ ဒါဆိုရင် ခံယူချက်၊ လုပ်ဆောင်ချက်တွေက လွဲချော်သွားပါပြီ။ ထီးအောက်က သက်ဆိုင်ရာအားလုံး အပူဒဏ်ကာကွယ်ပေးဖို့၊ အေးမြတဲ့အရိပ်ကို ပေးဖို့ဆိုတဲ့ ခံယူချက်ရှိမှသာ မှန်ကန်သော ခံယူချက်ပါ။
မိမိတို့ ရာစုဝက်အတွင်း အဲဒီလိုအေးမြတဲ့ အရိပ်အာဝါသမိုးပေးဖော်ရတဲ့ ခေါင်းဆောင်မျိုး၊ အစိုးရမျိုး မရခဲ့ကြပါဘူး။ ဘုရားတည်တဲ့အခါ ငြမ်းဆင်ပြီး ငြမ်းနဲ့ အထက်ကို တက်ရပါတယ်။ ဘုရားထီးတင်တဲ့အခါ ငြမ်းဆင်ပြီး ငြမ်းနဲ့အမြင့်ကို တက်ရပါတယ်။
ဘုရားပြီးလို့ ငြမ်းဖျက်သွားရင်လည်း ငြမ်းကတော့ ဝမ်းနည်းနေမှာမဟုတ်ပါ။ ဘုရားကြီး အောင်မြင်၊ ထီးတော်ကြီး အပေါ်ရောက်သွားတာကိုပဲ ကြည့်ပြီး ငြမ်းကတော့ ဝမ်းမြောက်ဝမ်းသာဖြစ်နေမှာပါ။ ငြမ်းရဲ့သဘောက ဒီလိုပါ။
မိမိတို့ ကံကောင်းထောက်မ လူ့ဘဝရရှိခဲ့တာဟာ အမြင့်ကို တက်ဖို့ ငြမ်းတစ်ခုရလိုက်တာပါ။ ဒီဘဝဒီခန္ဓာကြီးကို အသုံးချပြီး နတ်ရွာနိဗ္ဗာန်ဆိုတဲ့ အထက်အထက်မြင့်ရာကို တက်လှမ်းကြရမှာပါ။ လူ့ဘဝရလာတာ ခံစားဖို့၊ စံစားဖို့၊ ပျော်ပါးဖို့၊ မော်ကြွားဖို့၊ အကုသိုလ်တွေ တစ်ထုပ်တစ်ပိုးကြီးယူသွားဖို့ မဟုတ်ပါဘူး။ တကယ်တော့ လူ့ဘဝရလာတာဟာ အထက်မြင့်ရာမြင့်ရာကို တက်ဖို့အတွက် ငြမ်းရလိုက်တာပါ။ ရှေးသူတော်ကောင်းကြီးတွေဟာ ဘဝကို ငြမ်းအဖြစ် အသုံးပြုပြီးတော့ တစ်ဆင့်ထက်တစ်ဆင့် မြင့်ရာကို တက်သွားကြတာပါ။ အသုံးမကျတဲ့ ဒီခန္ဓာကိုယ်ကြီးကို အသုံးချပြီး အရိယာသူတော်စင်ဘဝကို ရယူသွားကြတာပါ။
လယ်တီဆရာတော်ကြီးက “ဒီခန္ဓာကိုယ်ကြီးဟာ ခိုင်းနွားကြီးလိုပဲ၊ တန်အောင် ခိုင်းပေးကြ”လို့ မိန့်ခဲ့ပါတယ်။ မိမိတို့ ဒီခန္ဓာကိုယ်ကြီးကို မျက်နှာသစ်၊ ရေမိုးချိုး၊ ဝတ်စားတန်ဆာဆင်ယင် ကျွေးမွေးပြုစုစောင့်ရှောက်နေရတာဆိုတော့ သူ့ကို တန်အောင်တော့ ပြန်ခိုင်းပေးမှဖြစ်မယ်။ တရားသဘောအရ မိမိတို့ဟာ ဒီခန္ဓာရဲ့တာဝန်ကို ထမ်းဆောင်နေရတဲ့ ခန္ဓာ့ဝန်ထမ်းတွေပါပဲ။ ခန္ဓာအမိန့် နာခံနေရ တဲ့ ခန္ဓာ့ကျေးကျွန်တွေပါပဲ။ နေ့စဉ် ဒီခန္ဓာကြီး သူ့အလိုလိုက်၊ သူ့အကြိုက်ဆောင်နေရတာ မောလို့မောမှန်းမသိ၊ ပန်းလို့ ပန်းမှန်းမသိ။ ဒီလိုနဲ့ သံသရာမှာ ခန္ဓာဝန်ထမ်းခဲ့ရတာ ဘဝတိုင်းဘဝတိုင်းပါပဲ။ ဒီတော့ မိမိကလည်း သူ့ကို ပြန်ခိုင်းနိုင်ပါမှ တော်ကာကျမယ်။
ဒီခန္ဓာကိုယ်ကြီး အရင်းပြုပြီး ပညာရှာခိုင်းရမယ်၊ ဥစ္စာရှာခိုင်းရမယ်၊ ကုသိုလ်ရှာခိုင်းရမယ်၊ တရားရှာခိုင်းရမယ်။ အတတ်ပညာတွေ ရှာခိုင်းပါ၊ အသိပညာတွေ ရှာခိုင်းပါ။ ပြီးတော့ အဲဒီအတတ်ပညာတွေ အသိပညာတွေကို ကုသိုလ်အဖြစ် ပြောင်းလဲရယူပါ။ ပစ္စည်းဥစ္စာတွေ ရှာခိုင်းပါ။ ပြီးတော့ အဲဥစ္စာဓနတွေကို ကုသိုလ်အဖြစ်ပြောင်းလဲရယူပါ။ ပညာရှာတာဟာ ကုသိုလ်နဲ့ လဲလှယ်ဖို့လို့ သဘောပိုက်ပါ။ ဥစ္စာရှာတာဟာ ကုသိုလ်နဲ့ ဖလှယ်ဖို့လို့ နားလည်ပါ၊ မှတ်ယူပါ။ နောက်ဆုံး မျက်စိမှိတ်လိုက်တဲ့အခါ ကိုယ့်နောက်ကို ကိုယ်ပိုင်အဖြစ် တကယ်ပါမှာက ကုသိုလ်ပဲရှိတာ မဟုတ်လား။ တကယ်တမ်း ကိုယ့်ဘဝကို မြှင့်တင်ပေးမှာက ကုသိုလ်ပဲရှိတာ မဟုတ်လား။ မိမိကို စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်အောင် တာဝန်ယူမှာက ကုသိုလ်ပဲရှိတာ မဟုတ်လား။
ရှေးသူတော်ကောင်းကြီးတွေဟာ ဘဝကို ထီးအဖြစ် မတည်ဆောက်ကြဘူး။ ထီးအဖြစ် မခံယူကြဘူး။ ငြမ်းအဖြစ်သာ ခံယူကြတယ်။ ငြမ်းအဖြစ်သာ တည်ဆောက်ကြတယ်။ ငြမ်းအဖြစ်ပဲ အသုံးပြုသွားကြတယ်။
အလောင်းတော်ကြီးတွေ ပါရမီဖြည့်ကြရာမှာ ပါရမီဆိုတာ ငြမ်းပါပဲ။ ပါရမီဖြည့်တယ်ဆိုတာ ငြမ်းဆောက်တာပါပဲ။ ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ဝီရိယ၊ ခန်္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာဆိုတဲ့ ပါရမီအကျင့်တရားတွေဟာ ငြမ်းတွေပါပဲ။
အဲဒီပါရမီတွေဖြည့် ငြမ်းဆင်ငြမ်းဆောက်ပြီးတော့ အရိယာသူတော်ကောင်းဘဝ၊ ဘုရားရဟန္တာဘ၀ မြင့်ရာ မြတ်ရာကို ရောက်ရှိသွားကြတာပါ။ ဘဝကို ထီးအဖြစ် တည်ဆောက်ခြင်းဟာ မြင့်တဲ့အလုပ်ဖြစ်ချင်ဖြစ်မယ်၊ မြင့်တဲ့နေရာရောက်ချင် လည်းရောက်မယ်။ သို့သော် အမြင့်ကို ရောက်သွားတိုင်းလည်း မြတ်ပြီလို့တော့ အာမခံချက်မရှိဘူး။ အမြင့်ရောက်အောင် လုပ်တတ်လို့ မြင့်သွားပေမယ့် အမြင့်မှာ မြတ်အောင်လုပ်သူရှိသလို မြတ်အောင်မလုပ်နိုင်သူတွေလည်း တွေ့ရတဲ့အခါကျတော့ အမြင့်ဟာ အမြတ်အတွက် မသေချာဘူးဆိုတဲ့ အဖြေထွက်လာပါတယ်။ ဘဝကို ငြမ်းအဖြစ် တည်ဆောက်ခြင်းကတော့ မျက်မြင်အရ မြင့်တဲ့အလုပ်ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ အမြင့်ကိုလည်း ရောက်နိုင်တယ်၊ မြတ်တာကတော့ သေချာတယ်။ ဒါ့ကြောင့် ထီးကား အမြင့်၊ ငြမ်းသာ အမြတ်။ ထီးကား အထွတ်၊ ငြမ်းကား အမြတ်။
နိုင်ငံရှိတော့ နိုင်ငံရေးဆိုတာ ရှိလာတယ်။ နိုင်ငံရေးက နိုင်ငံသားအားလုံးရဲ့အရေးဖြစ်ပေမယ့် နိုင်ငံသားတိုင်းဟာ နိုင်ငံရေးဟာ မိမိတို့အရေးပါလားလို့ နှလုံးမသွင်းမိသလို နိုင်ငံရေးလုပ်ချိန်လည်း မရကြရှာပါ ဘူး။ ဒါကြောင့် နိုင်ငံရေးသမားက သီးသန့် ပေါ်လာတယ်။ နိုင်ငံရေးထဲမှာ လုပ်ပိုင်ခွင့်အာဏာဆိုတာက ပါလာတယ်။ အဲဒီလုပ်ပိုင်ခွင့်အာဏာဟာ ပဒေသာပင်သဖွယ် ဖြစ်နိုင်တဲ့အခါကျတော့ နိုင်ငံရေးသမားဆိုသူတွေထဲမှာ နိုင်ငံကို ထမ်းတင်လိုတဲ့ ငြမ်းလို နိုင်ငံရေးသမားက နည်းပြီးတော့ လုပ်ပိုင်ခွင့်အာဏာကို မူပိုင်လုပ်၊ နိုင်ငံ၊ နိုင်ငံသားနဲ့ နိုင်ငံရေးအပေါ်ကနေ အမြတ်ထုတ် ထီးလို အုပ်စိုးလိုတဲ့ နိုင်ငံရေးသမားက ခပ်များများဖြစ်လာတယ်။ အဲဒီ ထီးလိုအစိုးရတွေရဲ့ ဒဏ်ကို မိမိတို့ ခံလာရတာ နှစ်ပေါင်း ၅၀ ခန့် ရှိသွားပါပြီ။
ယခု ၂၀၁၅ ရွေးကောက်ပွဲက နီးလာပြီ။ ရွေးကောက်ပွဲက ဘာမှရေရေရာရာ မသိရသေးပေမယ့် လုပ်ဖြစ်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဖြောင့်ဖြောင့်လျှောက်မှ ခရီးရောက်မယ်၊ ကွေ့ကောက်သွားနေရင်တော့ ခရီးက ကြန့်ကြာဦးမှာပဲ။
ထီးလိုအစိုးရတွေ ဖြောင့်ဖြောင့်မလျှောက်ခဲ့ကြလို့ လွန်ခဲ့သော နှစ်ပေါင်း ၆၀ လောက်က အာရှအဆင့်၊ အာရှမှာ အလားအလာအကောင်းဆုံးဖြစ်တဲ့ မိမိတို့ နိုင်ငံဟာ ယခုတော့ အာဆီယံ ၁၀ နိုင်ငံသော်မှ နောက်ဆုံးဘိတ် ဖြစ်နေရတယ်။
ဝမ်းနည်းစရာပါပဲ။ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ဝင်ငွေဟာ လာအို၊ ကမ္ဘောဒီးယား နောက်တောင် ရောက်သွားရှာပြီ။ ဒီလို ဘာကြောင့်ဖြစ်ရတာလဲ။ သွားနေပါလျက်နဲ့ ဘာကြောင့် ခရီးမတွင် ခရီးမရောက်ရတာလဲ။ ထီးလိုလူစားတွေ သံဝေဂရကြပါတော့။
မိမိတို့နိုင်ငံ လက်ရှိအနေအထား ရှေ့ကို မတိုးနိုင်၊ မရွေ့နိုင်၊ ရှေ့ကို မသွားနိုင်၊ မရောက်နိုင်တာက နိုင်ငံအပေါ် ခွစီးထားတဲ့ နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ထီးလိုနိုင်ငံရေးသမား၊ ထီးလိုခေါင်းဆောင်၊ ထီးလိုအစိုးရတွေကြောင့်ပဲဆိုရင် ငြင်းနိုင်သူ ရှိပါရဲ့လား။ ယခု ၂၀၁၅ အောက်တိုဘာလအကုန်၊ နိုဝင်ဘာလဆန်း (လေထဲကအသံအရ) အစိုးရအပြောင်းအလဲ လုပ်ပါတော့မယ်။ မြဝတီမင်းကြီးဦးစရဲ့ ထူးမခြားနား ဘုန်းတော်ဘွဲ့ကိုတော့ မကြားလို၊ မနာလိုတော့ပါဘူး။ ထူးလည်း ထူးစေချင်ပါပြီ။ ခြားနားလည်း ခြားနားစေချင်ပါပြီ။
အရင့်အရင် အစိုးရတွေနဲ့ ထူးလည်းထူး၊ ခြားလည်း ခြားနားဖို့အတွက် မြန်မာနိုင်ငံသား သန်းငါးဆယ်တို့ရဲ့ ဆန္ဒအမှန်က ထီးကိုမလို၊ ငြမ်းကိုသာ လိုပါသည်။
ထီးကို မလို ငြမ်းသာ လိုသည်
Most Read
Most Recent
2 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago