(၁)
“ရွေးကောက်ပွဲကျင်းပရန် ငါးလခန့်သာ လိုတော့သည်။ မဲစာရင်းတွင် သင့်နာမည် ပါ၊ မပါ သွားကြည့်ပါ”တဲ့။ သတင်းစာများက နှိုးဆော်ထားသည်။ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာတွင် လူတိုင်းမှာ တာဝန်ရှိသည်။
ဒီတော့ သင်လည်း နောက်ချန်နေလို့မရဘူး။ မကြာသေးမီက ကာတွန်းတစ်ပုဒ် ဖတ်ရသည်။ တစ်ကွက်ကာတွန်းပါ။ အင်မတန် သဘောကျစရာကောင်းပါသည်။တစ်ယောက်က မေးလိုက်တယ်။ “ကျွန်တော်တို့ နိုင်ငံကြီး ဒီလောက်အောက်ကျ နောက်ကျဖြစ်နေတာ ဘယ်သူ့မှာတာဝန်ရှိတာလဲ”တဲ့။ဖြေ တဲ့လူက “လူတိုင်းမှာ တာဝန်ရှိတယ်”ဟုဖြေသည်။ ပြီးတော့ “မင်းမှာလည်း တာဝန်ရှိတယ်”ဟု ဆက်ပြောပါသည်။ တကယ်တော့ မေးသူရော ဖြေသူရော အားလုံးမှာ တာဝန်ရှိသည်။ အထူးသဖြင့် ဆင်းရဲအောင်လုပ်ခဲ့သည့် လူကြီးများတွင် တာဝန်ပိုရှိသည်။
(၂)
“တို့တစ်တွေက အာဏာနဲ့ခိုင်းမှလုပ်တဲ့လူမျိုး”ဟု ငယ်ငယ်က လူကြီးတွေ ပြောကြသည်။ အင်္ဂလိပ်အစိုးရက လွတ်လပ်ရေးပေးလိုက်တော့ သူတစ်လူ ငါတစ်မင်း နဲ့ကွဲလိုက် ကြပြဲလိုက်ကြသည်။ကွန်မြူနစ်၊ ဆိုရှယ်လစ်တဲ့၊ တိုင်းရင်းသားသူပုန် စသဖြင့် ရောင်စုံသူပုန်များပင် ပေါ်လာသည်။ ဖဆပလလည်း ကွဲသည်။ ကွန်မြူနစ်လည်း ကွဲသည်။ တိုင်းရင်းသားများလည်း ကွဲသည်။ ပါတီများစွာ ကွဲပြဲကြသည်။ ၁၀ နှစ်အကြာ အိမ်စောင့်အစိုးရတက်လာတော့ လူတွေကြိုဆိုသည်။
ကောင်းလိုက်တာ။ ဗိုလ်မှူးကြီးထွန်းစိန်သည် မြူနီစီပယ်လူကြီးလုပ်သည်။ ကိုယ်တိုင်အမှိုက်လှည်းသည်။ “ကိုယ်တိုင် သန့်ရှင်းရမည်၊ အိမ်တိုင်းသန့်ရှင်းမှ မြို့တွင်းသန့်ရှင်းမည်” ဆိုသော သီချင်းတွေ ဖွင့်သည်။
တစ်မြို့လုံးသန့်သောခေတ်ကို လူတွေလိုချင်ကြသည်။ သို့နှင့် အာဏာရှင်အစိုးရ တက်လာသည်။ ပြည်သူပိုင်သိမ်းသည်၊ အစိုးရက စီးပွားရေးလုပ်သည်။ ကြွက်မနိုင်ကျီမီးရှို့သည်။ ငွေတွေကို သိမ်းသည်။ အကြိမ်ကြိမ်သိမ်းသည်။ စူစကာစစ်ဆင်ရေးဆိုပြီး ချမ်းသာသောသူများကို ဖမ်းဆီးထောင်ချသည်။ နိုင်ငံသည်သည်း အဆင်းရဲဆုံးသော နိုင်ငံဖြစ်သွားပါတော့သည်။၂၀၁၀ ပြည့်နှစ်တွင်မှ ရွေးကောက်ပွဲလုပ်ပေးကာ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်မည်ဟု လွှတ်တော်၊ အစိုးရ၊ တရားရုံးဟူ၍ မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် ရပ်တည်ရန် ကြိုးစားလျက်ရှိသည်။ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာကလည်း ကုစားဖို့ကြိုးစားသည်။ သို့သော် ကျွန်တော်တို့နိုင်ငံသည် ထိုဆင်းရဲတွင်းထဲက ယနေ့တိုင် မတက်နိုင်သေးပါ။
(၃)
စောဦးက ပြောခဲ့သလို ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ဆိုရင်တော့ လူတိုင်းတွင် တာဝန်ရှိသည်။ လူတိုင်းအိမ်ရှေ့ထွက် အမှိုက်ပစ်နေသည်။ အိမ်ရှေ့တွင်မက အိမ်နောက်မှာလည်း အမှိုက်တွေပစ်သည်။ ဒီလိုပစ်ကြရင်းနှင့် ကျွန်တော်တို့နေသည့် ရန်ကုန်မြို့ကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ လတ်တလော အဖြစ်အပျက်လေးကိုပဲ ပြောချင်ပါသည်။ ရေတွေကြီးလာသည်။ ဂျပန်က စီမံကိန်းဖြင့် ဝင်လာသည်။သူတို့ စီမံကိန်းကို ကျွန်တော်တို့ ခရီးသွားဟန်လွှဲ ကြည့်မိသည်။
ပလက်ဖောင်းတွေကို ပြန်ဖျက်ကာ ရေမြောင်းတွေ ဖော်သည်။ ကျယ်ကျယ်တူးသည်။ ရှင်းအောင်လုပ်သည်။ မကြာသေးမီက ပြုပြင်ထားသော ပလက်ဖောင်းကိုလည်း ဖျက်၍ ပြင်သည်။ ကောင်းဖို့လုပ်တာပဲပြင်ပါ။
မိုးလေး တစ်ပြိုက်နှစ်ပြိုက်ရွာပါလေရော၊ မုတ်သုံတောင် မဝင်သေးပါဘူး။ ရွာတိုင်း ရေလျှံသွားလေတော့သည်။
(၄)
မြန်မာတို့သည် ရောင့်ရဲတတ်သည့် လူမျိုးပါ။ လောကဓံကိုလည်း လက်ခံပါသည်။ လောကဓံတရားရှစ်ပါးတွင် အဆိုးလောကဓံ လေးပါးနှင့် အကောင်းလောကဓံလေးပါး ရှိသည်။ အကောင်းကို လူအများခံနိုင်သော်လည်း အဆိုးကို မခံနိုင်ကြပါ။ သို့သော် မြန်မာတို့ကတော့ အဆိုးလာလည်း လက်ခံပါသည်။
ဥပမာ မနေ့က ချမ်းသာပေမယ့် ဒီနေ့ ဆင်းရဲသွားသော လောကဓံမျိုးကို လည်စင်းခံသည်။ မမှုကြပါ။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ သို့သော် တစ်ချိန်လုံးတော့ ဒုက္ခတွေနဲ့ ဘယ်သူမှ မနေချင်ကြပါ။
ဒီဘဝကနေ ဘယ်လိုရုန်းထွက်ကြမလဲ။ မြန်မာနိုင်ငံသားတို့သည် ရှေ့ဆက်၍ ဒီအတိုင်းနေ၍ မရတော့ပါ။ ပါရာဒိုင်းအသစ်ကို နဖူးတွေ့ဒူးတွေ့ လက်ခံရန်လိုသည်။ ပါရာဒိုင်းအသစ်ဟာ ဘာလဲ၊ ပါရာဒိုင်းအဟောင်းဟာ ဘာလဲ၊ သာမန်အားဖြင့် ပါရာဒိုင်းသည် စည်းမျဉ်းဘောင်တစ်ခုအတွင်းတွင် ရှိသောအလေ့အကျင့်သာဖြစ်သည်။
(၅)
သမိုင်းကိုကြည့်ပါ။ ကျွန်တော်တို့၏ မူရင်းအစ အုပ်ချုပ်သည့်စနစ်မှာ သက်ဦးဆံပိုင်ဘုရင်စနစ် ဖြစ်သည်။ ဘုရင်စနစ်အပြီး နှစ်ပေါင်း ၁၀၀ ကျော် ကိုလိုနီစနစ်က အုပ်ချုပ်သွားသည်။
နောက်တော့ လွတ်လပ်ရေးရစဉ် ခဏလေး (၁၄ နှစ်မျှ)ပါလီမန်ဒီမိုကရေစီခရီးကို လျှောက်ခဲ့ပါသည်။ ထို ၁၄ နှစ်တွင် အတော်အသင့် ကမ္ဘာက လက်ခံခဲ့သော်လည်း ပြည်သူတွေက ရောင်စုံသူပုန်တွေအကြား ဒုက္ခတွေပွားရပါသည်။ နောက်နှစ် ၅၀ ကျော်အာဏာရှင်အုပ်ချုပ်ရေးစနစ်တွင်သာ ကျင်လည်ခဲ့ရသည်။ ဒီနောက်ဆုံးနှစ် ၅၀ သည် မြန်မာတို့ကို အဆုံးစွန်သော ဒုက္ခတွင်းထဲကို ရောက်စေသကဲ့သို့ ဖြစ်ရခြင်းမှာ-
တစ်ဖက်က ကမ္ဘာတွင် တက္ကနိုလိုဂျီ အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်လာသည်။ ကျန်တစ်ဖက်က တစ်ပြည်လုံးတွင် အကျင့်ပျက် လာဘ်စားပျက်စီးလာသည်။
တက္ကနိုလိုဂျီတိုးတက်လာသောကြောင့် မိုဘိုင်းဖုန်း၊ ကွန်ပျူတာတို့ကအစ မော်တော်ကားအထိ မက်မောစရာပစ္စည်းတွေကို ဈေးကွက်တွင် တွေ့လာရသည်။ သို့သော် ထိုပစ္စည်းများကို ဝယ်နိုင်သုံးနိုင် တီထွင်နိုင်ဖို့ မိမိတို့တွင် အင်အားမရှိပါ။
ထိုအခါ အိမ်တိုင်ချွတ်ရောင်းကြသည်။ ကျွန်းသစ်များ တရားဝင်နည်းဖြင့်သော်လည်းကောင်း၊ မှောင်ခိုဈေးကွက်မှသော်လည်းကောင်း ပါသွားသည်။ မြစ်ဆုံစီမံကိန်းလုပ်သည်။ (ပြည်သူကန့်ကွက်သောကြောင့် ရပ်ဆိုင်းထားသည်) ကြေးနီစီမံကိန်း၊ နီကယ်ခရိုမီယံမိုင်းများ၊ ကျောက်မီးသွေးစက်ရုံများကို လက်ခံလာကြသည်။
မြန်မာငါးသန်းခန့် ပြည်ပတွင် အလုပ်လုပ်နေကြတော့သည်။အချို့မှာ ညစ်ပေသော အလုပ်တွေကို လုပ်ကြရသည်။ ဘွဲ့ရအမျိုးသမီးများပင် နိုင်ငံတကာတွင် အိမ်ဖော်ဖြစ်လာသည်။ ဒီသမိုင်းကို ဖော်ပြရသည်မှာ မည်သူ့ကိုမျှ အပြစ်တင်ချင်၍ မဟုတ်ပါ။
(၆)
နေရာတကာတွင် ငွေက စကားပြောလာသည်။ သိက္ခာကို ထည့်၍မစဉ်းစားတော့ပါ။ အကျင့်ပျက်ခြစားမှုများ တဖြည်းဖြည်း ကြီးထွားလာသည်။ ထိုအတွက် တစ်ယောက် နဲ့ တစ်ယောက် ပူးပေါင်းဆောင်ရွက်ရာတွင် အခက်အခဲများစွာ ရှိလာလေတော့သည်။
လူတို့သည် လူမှုရေးသတ္တဝါများဖြစ်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းဆောင်ရွက်မှသာလျှင် တိုးတက်မည်။ ပူးပေါင်းရန်အတွက် အောက်ပါအချက်များလိုသည်။ နှစ် ၂၀၀ ကျော် ဖိနှိပ်မှုအောက်တွင် ကြောက်ရွံ့မှုများဖြင့် နေထိုင်ကြရသော ပြည်သူများသည် တစ်ယောက်ကိုတစ်ယောက် မယုံကြည်ကြတော့ပါ။
ဒုတိယအချက်မှာ အာဏာရှိသူများနှင့် ချမ်းသာသူများ ပူးပေါင်းသည်မှာ မှန်သည်။ သို့သော် ထိုပူးပေါင်းမှုသည် ဆင်းရဲသူများကို ဖိနှိပ်ရန်အတွက်မဟုတ်ဘဲ၊ ဆင်းရဲသူများကို ဆင်းရဲတွင်းမှ ဆွဲတင်ပေးရန် ဖြစ်သည်။ သင်တို့လုပ်နိုင်ပါသည်။ မြန်မာလူမျိုးအထက်ကို ရောက်ရန် လူကြီးများအားလုံး သိက္ခာရှိသူများဖြစ်အောင် ကြိုးစားရပါမည်။
အောက်ကျနောက်ကျဖြစ်နေရခြင်းမှာ သိက္ခာမရှိသောကြောင့်သာ ဖြစ်သည်။ ကိုအောင်ဆန်းသည် ရိုးရှင်းစွာနေထိုင်ခဲ့သည်။ သူ့ကျွန်ဘဝကနေ ကိုလိုနီသခင်ကြီးများ လေးစားအောင် နေပြနိုင်သော သခင်အောင်ဆန်း ဖြစ်လာသည်။ အဲဒီနောက် တစ်နိုင်ငံလုံး လေးစားသော ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာသည်။ ကျွန်တော်တို့ လူကြီးများကော ကြိုးစားပြီး မြန်မာပြည်ကို ကယ်တင်ကြပါဟူ၍သာ။
လူတိုင်းမှာတာဝန်ရှိသည်
Most Read
Most Recent
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago