လောကဓံကျင့်သား

လောကဓံကျင့်သား
Published 30 May 2015
တက္ကသိုလ်မိုးဝါ

ကြာတော့လည်း ကြာခဲ့ပြီ။
 
ဒီမိုးဦးစ၌ မုတ်သုံလေအားကောင်းသောကြောင့် တစ်နိုင်ငံလုံးနီးပါး နေရာကွက်၍ မိုးကြီးရုံသာမက ရန်ကုန်မြို့တွင် အချို့နေရာ၌ ရေလွှမ်းရေလျှံမှုဖြစ်ခဲ့သည့် သတင်းဖတ်ရှုရသည်။ ယင်းဖြစ်စဉ်သည် ယခုမှမဟုတ်၊ လွန်ခဲ့သည့် မေ့လောက်ပြီဖြစ်သော ကာလကတည်းက ဖြစ်လေ့ဖြစ်ထရှိသည့် ဖြစ်စဉ်တစ်ခုဟု ဆိုရမည်။  ဖြစ်လေ့ဖြစ်ထဟုဆိုရခြင်းမှာလည်း ရန်ကုန်မြို့ကြီးတွင် အခက်အခဲမရှိ ရေစီးရန် မြောင်းများချဲ့ခြင်း၊ ပြုပြင်ခြင်း၊ ရေထိန်းတံခါးများ ဆောက်ခြင်း စသည်တို့ကို အိပ်မက်ထဲ၌သာ ပြုပြင်ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုရမည်ထင်သည်။  ကြီးကြီးသေးသေး ရေမြောင်းများမပြုပြင်သည်ကိုတော့ ထားဦး၊ လူတွေကလည်း လူတွေ၊ ဈေးသည်တွေကလည်း ဈေးသည်တွေ၊ အမှိုက်သိမ်းရန် တာဝန်ရှိသော စည်ပင်လုပ်သားကလည်း စည်ပင်လုပ်သားတွေပင်။
 
မြောင်းဆိုသည်မှာ နက်လေကောင်းလေ။  အမှိုက်အကြွင်းအကျန်များများ ကြိုက်သလောက် ပစ်ထည့်နိုင်လေ ကောင်းလေပင် မဟုတ်ပါလား။  ရှိသမျှအမှိုက်မြောင်းထဲသို့ ပစ်ချသည်။  စာရေးသူတစ်မနက် ကမာရွတ် လှည်းတန်းဈေးဘက်သို့ လမ်းလျှောက်ထွက်ရာ ဆိုင်နှင့် ကန္နားနှင့် ဆိုင်ရှင်များကိုယ်တိုင်က သူတို့ဆိုင်ရှေ့ရှိ အမှိုက်သရိုက်များအား လှည်းကျင်းနေသည်ကိုတွေ့ရ၏။  ပြီးတော့ တစ်နေရာတွင် အမှိုက်များ စုမိသောအခါ အနီးအနားရှိမြောင်းထဲသို့ လှည်းချလိုက်တော့သည်။  လမ်းမကြီးများ၌လည်းသည် အတိုင်း။  
လူသွားစင်္ကြံပေါ်မှ အမှိုက်ကို လမ်းမပေါ်သို့ လှည်းချသည်။  မုန့်ဟင်းခါးအရောင်းဆိုင်တစ်ဆိုင်သည် အကြွင်းအကျန် မုန့်နှင့် ဟင်းရည်တို့အား အနီးအနားရှိ မြောင်းထဲသို့ စိတ်ရှိလက်ရှိ သွန်ချသည်။  မလုပ်သင့်သည်ကို ဤမျှ လွယ်ကူစွာလုပ်သည်ကို ရှောင်တခင်မြင်လိုက်သော နိုင်ငံခြားသားတို့ တအံ့တသြ ဖြစ်ကြသည်။  မြောင်းမှန်သမျှသည် အမှိုက်ပစ်ရန်၊ အမှိုက်သိုလှောင်ရန်နေရာ ဖြစ်ခဲ့သည်မှာ နှစ်ပရိ စ္ဆေဒကြာခဲ့ပြီ။  အမှိုက်သိမ်းရန် တာဝန်ရှိသူများကကော စနစ်တကျ နိုင်နိုင်နင်းနင်း အချိန်မှန်သိမ်းပါ၏လော။  သက်သေခံဓာတ်ပုံများဖြင့်သာ ရိုက်ပြရလျှင် တာဝန်ရှိသူတို့ ငြင်းဆိုရန် စကားပင်ရှာတွေ့တော့မည် မဟုတ်။  တိုက်များ၏ နောက်ဖေးလမ်းကြားက အဆိုးဆုံးဖြစ်နေသည်ဟု ကိုယ်တိုင်ကြုံ တွေ့လျက်ရှိသော မိတ်ဆွေများက ပြောပြ၍ သိရသည်။
 
ရေးမည်ဆိုလျှင် ရေး၍ဆုံးခန်းတိုင်မည် မဟုတ်။  မိုးရွာပြီဆိုလျှင် ရန်ကုန်၏ ရေကြီးရေလျှံမှုပြဿနာက စပြီ။  လမ်းပေါ်တွင် လမ်းလျှောက်သူများသာ ရေကြီးရေလျှံသည့်ဒဏ်ကို ခံကြရသည်မဟုတ်၊ ကားဖြင့် သွားလာသူများလည်း ရေများသည့်နေရာသို့ ဖြတ်သန်းသွားလာကြရသဖြင့် ခရီးမတွင်တော့။ ပြီးခဲ့သော ၂၀၁၄ ခုနှစ်က ရန်ကုန်၏ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများအတွက် ဘဏ္ဍာငွေ ကျပ်စ်ဘီလျံကျော် သုံးစွဲမည်ဟု လွှတ်တော်တွင် သက်ဆိုင်ရာက တင်ပြခဲ့သည်ဆိုသည်။  သို့သော်လည်း ပြုပြင်ထိန်းသိမ်းမှု ထိရောက်ခြင်းအားနည်းကာ ပြည်သူလူထုသည် ဒုက္ခရောက်မြဲ ရောက်နေကြသည်။ ယင်းပြဿနာကို လွှတ်တော်ကိုယ်စားလှယ်အချို့က လွှတ်တော်တွင် တင်ပြမေးခွန်းထုတ်ခဲ့စေကာမူ ပြဿနာပြေလည်မှုမရှိသေးသည်ကို တွေ့ရ သည်ဆိုသည်။ 
 
စာရေးသူတွင် တစ်ချိန်တစ်ခါတုန်းက နာမကျန်းဖြစ်သော မိတ်ဆွေတစ်ဦးရှိခဲ့ဖူးသည်။  သူသည် သားတစ်ယောက်ရှိပြီး အလွန်တရာလည်း ချို့တဲ့ဆင်းရဲသည်။  သို့ဖြစ်ရာ ၁၉၈၆ ခုနှစ်တစ်ဝိုက်က ထိုမိတ်ဆွေ၏ သားအကြောင်းကို စာရေးသူက ကဗျာတစ်ပုဒ်ဖြင့် ရေးသားဖွဲ့နွဲ့ ဖူးသည်။  သားက မမာမကျန်းဖြစ်နေသောအဖေကို တိုင်တည်သည့်ကဗျာဖြစ်သည်။  စကားပြေဖြင့် ပြန်လည်တင်ပြပါရစေ။
 
“အဖေ…  ညစောင့်အလုပ် လုပ်နေတဲ့သားဟာ တာဝန်ကျေပွန်အောင် လုပ်တတ်လေ့ရှိတဲ့ သားပါ။  ဒီဘဝတစ်ကွေ့မှာတော့ အဖေ့သားဟာ တာဝန်ထမ်းဆောင်ရင်း မှက်ခြင်တွေ ကိုက်တာခံရဖန်များလာတော့ သားရဲ့ အရေပြားလည်း ထူနေပါပြီအဖေ။  
ညလုံးပေါက်လည်း ခြင်တွေရဲ့ တဝီဝီ အော်သံကြောင့် သားမအိပ်ဘဲ နေတတ်သွားပြီမို့ သားရဲ့မျက်ပေါက်တွေလည်း ပြူးကြောင်နေပါပြီ ”
 
“အဖေ….  သား သွားနေကျလမ်းတစ်လျှောက်မှာ ဆူးငြောင့်ချိုင့်ကျင်းတွေ၊ အဖုံးမရှိတဲ့မြောင်းတွေ ဘယ်နေရာမှာရှိရှိ တဖျပ်ဖျပ်အသံမြည်တဲ့ ခြေညှပ်ဖိနပ်စီးပြီး ရေလွှမ်းနေတဲ့ မြောင်းတွေထဲ ကျွံကျမသွားအောင် သားကိုယ်သား ရှောင်တတ်တိမ်းတတ်သွားပြီ။  ဒီတော့ သားအတွက် မစိုးရိမ်ပါနဲ့နော် အဖေ”။
 
“အဖေ…. သားတို့က အမှောင်ထဲမှာ နေနေကျဖြစ်လို့ လပဲ ဆန်းဆန်း၊ လပဲ ဆုတ်ဆုတ် အရေးမကြီးတော့ပါဘူး အဖေ။  မီးခလုတ်ဖွင့်ပြန်တော့လည်း  မီးက မလာ၊ ဖယောင်းတိုင်ဖိုးလည်း မတတ်နိုင်လို့ မထွန်းနိုင်ဘူး။  အိမ်ထဲမှာက ဟိုဟာနင်းမိ၊ ဒီဟာခလုတ်တိုက်မိတာမျိုး မဖြစ်တော့ပါဘူး။  ကြာလာတော့လည်း သားဟာ အမှောင်ထဲမှာ အမြင်အောင်တဲ့ ကြောင်မျက်လုံးပိုင်ရှင် ဖြစ်နေပါပြီအဖေရယ် ”
 
“အဖေ…  ကုန်စိမ်းသားငါးတွေရောင်းတဲ့ ဈေးနေရာတွေကို သားက ညှီတယ်ဆိုပြီး အနားမသီဖြစ်တာကြာပြီ အဖေ။  ခပ်ဝေးဝေးကပဲ မတ်တတ်ရပ်ကြည့်ခဲ့တာလည်း ကြာပါပြီ။  ဒီလိုအနေကြာလာလို့ သားဟာ ဗယာကြော်တစ်လုတ်စာနဲ့ ရေတစ်မှုတ်လောက်နဲ့ ဝမ်းရေးကိ ဖြေရှင်းခဲ့တာကြာပါပြီ။  အဲဒါကြောင့်လည်း သားဟာ ခုခေတ် ရုပ်ရှင်မင်းသားတွေလို ပိန်ပိန်ပါးပါးနဲ့ ဗိုက်ချပ်နေတာ ဘယ်လောက်ကြည့်ကောင်းသလဲနော် အဖေ”
 
“အဖေ။  သားအတွက် မစိုးရိမ်ပါနဲ့ အဖေ။  သားဟာ စိတ်အလိုမလိုက်တဲ့ သားပါ။  အမိုက်ဇာတ်လည်း မခင်းတတ်တဲ့ သားပါ။  အဲဒါကြောင့် သား မသေမချင်းတော့ သားမှာ ရန်သူမရှိ၊ ဘေးအန္တရာယ်ကင်းလျက် ရှိနေပါတယ်အဖေ…”
 
ယခုတော့ ထိုသား၏ အဖေလည်း ရောဂါဖြင့် ဆုံးပါးသွား၍ မရှိတော့ပါ။  “သား” လည်း မည်သည့်နေရာသို့ ရောက်နေမှန်း မသိတော့ပါ။ သို့ရာတွင် စာရေးသူ၏ ရင်ထဲမှာတော့ ထိုထိုသော တကယ့်အဖြစ်အပျက် ဇာတ်လမ်းမျိုးများစွာရှိနေသေးသည်ဆိုသည်ကို သိသောကြောင့် ရင်ထဲ၌ နာကျင်စွာ ခံစားနေရဆဲ ဖြစ်ပါသည်။
 
အဖေများကို တိုင်တည်ချင်သော သားများ၊ အမေများကို တိုင်တည်ချင်သော သမီးများ မည်မျှရှိနေသေးသနည်းဆိုသည်ကိုတော့ မမှန်းဆတတ်ပါ။  လောကဓံ၏ မညှာမတာ ထုထောင်းမှုကို ခါးစည်းခံကာ အဖေ အမေကို တိုင်တည်ရုံမှတပါး တိုင်တည်ရင်ဖွင့်ရန် လမ်းစရှာမတွေ့သူတွေ များစွာရှိနေဦးမည်မှာ မလွဲပါ။  လောကဓံကျင့်သားရနေပြီးပြီဟုဆိုသော်လည်း “လူ” ဖြစ်လာသူ လူတစ်ယောက်အနေဖြင့် စားရေး၊ နေရေး၊ သက်သာချောင်ချိစွာသွားလာလှုပ်ရှားနိုင်ရေး စသည်တို့မှာ မွေးရာပါ အခွင့်အရေးများသာ ဖြစ်သည်။
 
ရန်ကုန်မြို့ကြီးကို ကြည့်လျှင် ခေတ်အဆက်ဆက် အစိုးရများလက်ထက်တွင် ရေစီး ရေလာ ပိတ်ဆို့စေသောမြောင်းများအား မပြု ပြင်၊ အမှိုက်ပစ် စည်းကမ်းကြပ်မတ်ခြင်းမရှိခဲ့သည်မှာ အထင်အရှားဖြစ်သည်။  ရေစီးရေလာကောင်းစေမည့် လူလုပ်မြောင်းများသာမက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသဖြင့် စီးဆင်းမှုချောမွေ့စေရန် “လူမြောင်း”  များကို ရှင်းလင်းရန်လည်း အချိန်တန်ပြီဖြစ်သည်။  မြောင်းကြီးထဲတွင် ပိတ်ဆို့နေသော မတရားဥစ္စာဓနငွေကြေးများတည်းဟူသော  “အမှိုက်သရိုက်” များ စုပြုံလျက်ရှိနေပါက မြောင်းငယ်မှ စီးပွားရေး၊လူမှုရေးဟူသော “ရေ” သည် အလွယ်တကူချောမွေ့စွာ ဖောက်ထွက်စီးဆင်းရန် မဖြစ်နိုင်တော့ပါ။
 
မြောင်းများပိတ်ဆို့၍ ပုပ်အဲ့အဲ့ အနံ့ဆိုးကို ရှူရှိုက်နေရသည်မှာလည်း ကြာပါပြီ။