တစ်ခါတုန်းက လူတစ်ယောက်က လှိုင်းတွေတက်လာပြီး ရေပြန်ကျသွားတဲ့အချိန်မှာ ကမ်းစပ်သဲပြင်ပေါ်မှာ တင်ကျန်နေတဲ့ ခရုလေးတွေကို ကောက်ပြီး ရေထဲကို ပြန်လွှတ်ပေးနေတယ်။ အဲ့ဒီအချိန်မှာ သူ့အနားကဖြတ်သွားတဲ့ လူတွေက ဒီလူတော့ တော်တော်အားနေတယ်ထင်တယ်။ တော်တော်ရူးတာပဲ စသဖြင့် အမျိုးမျိုး ဝေဖန်မှတ်ချက်တွေပေးပြီး သူ့အနားက ထွက်သွားကြတယ်။အဲ့ဒီထဲမှာမှ မနေနိုင်တဲ့သူတစ်ယောက်က သူလုပ်နေတာကို ဝေဖန်ပြစ်တင်စကားပြောဖို့ သူ့အနားကို ရောက်လာခဲ့တယ်။ “ခင်ဗျား တော်တော်ရူးတာပဲ။ ဒါတွေလုပ်နေလို့ ဘာအကျိုးရှိမှာလဲ။ ကိုယ့်အတွက်လည်း ဘာမှအကျိုးမရှိဘူး” လို့ သူက သရော်သလိုလို ခနဲ့သလိုလိုပြောတဲ့အခါမှာ ခရုကောက်နေတဲ့သူက “ခင်ဗျားက ကျွန်တော့်လုပ်ရပ်ကို ဘာမှအကျိုးမရှိဘူးဆိုပြီး ပြစ်တင်ဝေဖန်နေတယ်။ ဒါပေမဲ့ ခင်ဗျားအဲ့ဒီလိုတွေပြောနေတုန်းမှာ ကျွန်တော် အခု ခရုငါးကောင်ကို ကောက်ပြီး ရေထဲလွှတ်ပေးပြီးပြီ။ ကျွန်တော်က ခရု ငါးကောင်အသက်ကို ကယ်တင်နိုင်ခဲ့ပြီ။ ခင်ဗျားက ကျွန်တော့်ကို ပြစ်တင်ဝေဖန် ကဲ့ရဲ့နေတာနဲ့ ခင်ဗျားဘာမှမလုပ်နိုင်ခဲ့ဘူး။ ခင်ဗျားအတွက်လည်း ဘာမှအကျိုးမရှိ၊ ဘယ်သူ့အတွက်မှလည်း အကျိုးမရှိဘဲ ခင်ဗျားအချိန်တွေကို သူများကို ဝေဖန်ကဲ့ရဲ့ရင်း အလဟဿဖြုန်းတီးလိုက်တာပဲ”လို့ ခရုကောက် မပြတ်ဘဲ ပြန်လည်ပြောခဲ့ပါတယ်။
ဒီခရုကောက်တဲ့အကြောင်းကို ဖတ်ပြီးသွားတဲ့ အချိန်မှာ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဒီလိုလူတွေ များစွာရှိနေတယ်ဆိုတာကို ပြန်လည်ဆင်ခြင် သုံးသပ်မိခဲ့ပါတယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း ခရုကောက်တဲ့လူလို လူမျိုးလား၊ ခရုကောက်နေတဲ့လူကို ကြည့်ပြီး ဝေဖန်နေတဲ့သူမျိုးလားဆိုတာလည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ်လာတယ်ဆိုတဲ့ အသိတစ်ခုရ လိုက်ပါတယ်။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ လူတစ်ယောက် တစ်ခုခုလုပ်ပြီဆိုတာနဲ့ အဲ့ဒီလူကို ကြည့်ပြီး လိုက်ပြီးဝေဖန်ကဲ့ရဲ့တဲ့သူတွေ၊ မနာလိုဖြစ်ပြီး အဲ့ဒီလူဒုက္ခရောက်အောင် ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့သူတွေလည်း များစွာရှိနေပါတယ်။ လူတစ်ယောက်လုပ်တဲ့ အလုပ်တစ်ခုကို အပြုသဘောနဲ့ ဝေဖန်တဲ့သူတွေရှိ သလို၊ မနာလိုစိတ်နဲ့ တမင်တကာ ဝေဖန်ကဲ့ ရဲ့ပြစ်တင်တတ်တဲ့သူမျိုးဆိုပြီး ရှိနေပါတယ်။ ဒါ့အပြင် အဲ့ဒီလိုဝေဖန်တိုက်ခိုက်သူတွေမှာမှ တစ်ဖက်လူ ကောင်းတာပဲလုပ်လုပ်၊ ဆိုးတာပဲလုပ်လုပ် တမင်တကာလိုက်ပြီး ကဲ့ရဲ့ဝေဖန်တဲသူ၊ ပျက်စီးရာပျက်စီးကြောင်း တိုက်ခိုက်တဲ့သူတွေရှိသလို တစ်ဖက်လူကို မနာလိုစိတ်နဲ့ အားကျစိတ်နှစ်ခုယှဉ်တွဲပြီး အဲ့ဒီလူ လုပ်တဲ့အလုပ်တွေကို ဝေဖန်တိုက်ခိုက်ရင်း တစ်ဖက်ကလည်း ကိုယ်တိုင်က အဲ့ဒီလူလုပ်သလို လိုက်ပြီး အတုခိုးလုပ်နေတတ်တဲ့သူမျိုး ဆိုပြီးတော့လည်း လူနှစ်မျိုးနှစ်စားရှိနေပါတယ်။
အဲ့ဒီထဲက ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် တခြားသူ၊ တခြားအဖွဲ့အစည်းရဲ့ မကောင်းကြောင်းကို လိုက်ပြီး ပြောဆိုကဲ့ရဲ့ဝေဖန်တဲ့သူတွေအတွက် ကိုယ်တိုင်အတွက်လည်း ကောင်းမွန်တဲ့အကျိုး တစ်စုံတစ်ရာမရှိပါဘူး။ ဒါပေမဲ့ တခြားသူတစ်ယောက် ဒုက္ခရောက်မှ ပျော်ရွှင်တတ်တဲ့စိတ်၊ ကျေနပ်ပီတိဖြစ်တဲ့စိတ်တွေနဲ့ ကိုယ့် ကိုယ်ကိုယ် အဟုတ်ကြီးထင် ဂုဏ်ယူနေတတ်တဲ့သူမျိုးတွေရဲ့ စိတ်ကတော့ သိပ်ကိုအောက်တန်းကျပြီး လူသားမဆန်တဲ့စိတ်ပဲ ဖြစ်ပါတယ်။
နာမည်ကျော်ကြားတဲ့ အနုပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေမှ မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်အတွက်လည်း ဝေဖန်တိုက်ခိုက်ခံရမှုဆိုတာကို တွေ့ကြုံနိုင်တာပါပဲ။ ဝေဖန်တိုက်ခိုက်တဲ့သူက ဘာမှမဖြစ်ပေမယ့် တိုက်ခိုက်ခံရတဲ့သူအတွက်တော့ သူလုပ်နေတဲ့အလုပ်တင်မကဘဲ စိတ်ခံစားမှုပိုင်းဆိုင်ရာအရရော၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာမှာတော့ ထိခိုက်မှုများစွာ ရှိနိုင်ပါတယ်။ အဲ့ဒီလို တစ်ဖက်လူကို အသားလွတ် ဝေဖန်ပြစ်တင်ကဲ့ရဲ့တဲ့သူတွေ ကိုယ်တိုင်ကရော အပြစ်ကင်းရဲ့လားဆိုတာ ကိုယ့် ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ကြည့်သင့်တယ်လို့ ဆရာတော်တစ်ပါးက မိန့်ကြားဖူးတယ်။
လူတစ်ယောက် သူ့အလုပ်သူလုပ်နေတာကို အပြုသဘောမပါဘဲ တမင်တကာ သက်သက်ဝေဖန်တဲ့သူတစ်ယောက်၊ နေရာတကာမှာ သူတစ်ပါးကို လက်ညှိုးထိုး ကဲ့ရဲ့တတ်တဲ့သူတစ်ယောက်က သူများကိုသာ လက်ညှိုးထိုးတတ်ပြီး ကိုယ့်ကို ပြန်ထိုးနေတဲ့ လက်ညှိုးတွေကိုတော့ မမြင်နိုင်ကြတဲ့ သနားစရာ သတ္တဝါတွေဖြစ်နေပါတယ်။ကျွန်မတို့ ငယ်ငယ်တုန်းက ဆရာမတစ်ယောက်ပြောတာကို မှတ်မိပါတယ်။ “မင်းတို့ သူများကို လက်ညှိုးတစ်ချောင်းထိုးကြည့်လိုက်၊ မင်းတို့ဘက်ကို ပြန်ထိုးနေတဲ့ လက်ညှိုးက သုံးချောင်းရှိနေတယ်။ အဲ့ဒီတော့ လောကမှာ သူများကို လက်ညှိုးထိုးကဲ့ရဲ့ဝေဖန်မယ်ဆိုရင် ကိုယ့်ကိုလည်း ကဲ့ရဲ့ဝေဖန်မယ့်သူတွေ ရှိလာလိမ့်မယ်ဆိုတာကို အမြဲသိရှိ ဆင်ခြင်သင့်တယ်။ လူတစ်ဖက်သားကို ထိခိုက်နစ်နာအောင်လုပ်ရင် ကိုယ်တိုင်လည်း ပြန်လည်ထိခိုက်နစ်နာရလိမ့်မယ်။ ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့လုပ်ရပ်ကို မလုပ်နဲ့”လို့ ကျွန်မတို့ကို ဆုံးမပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ လူအများစုက ကိုယ်နဲ့မဆိုင်တဲ့ အလုပ်တွေမှာဝင်ပြီး ဝေဖန်ဖို့ လွယ်ကူနေကြတယ်။ ကိုယ်တိုင်က ဘာမှမလုပ်ဘဲ လုပ်နေတဲ့သူတွေကိုလည်း အပြစ်တင်ဝေဖန်တတ်ကြတယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း အဲ့လိုလူတွေထဲမှာ မပါဝင်ဖို့ကြိုးစားနေထိုင်သင့်တယ်။
အဲ့ဒီလိုပဲ ကိုယ်တိုင်က ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နေပါရဲ့နဲ့ ကိုယ့်သိက္ခာကျအောင်၊ ကိုယ်ဒုက္ခရောက်အောင် တမင်ဝေဖန်တိုက်ခိုက်သူတွေ ရှိလာရင်လည်း ကျွန်မတို့အနေနဲ့ လျစ်လျူရှုတတ်ဖို့ လိုပါတယ်။ ကျွန်မကိုယ်တိုင်လည်း အဲ့ဒီလို လျစ်လျူမရှုဘဲ ဝေဖန်တိုက်ခိုက်တဲ့သူတွေကို ပြန်လည်ဖြေရှင်းရင်းနဲ့ သူတစ်ခွန်း၊ ကိုယ်တစ်ခွန်း ပြန်လည်ချေပပြောရင်းကနေ ပြဿနာက ပိုငြိမ်းမသွားဘဲ ပိုကြီးထွားခဲ့တဲ့ ကိစ္စမျိုးတွေ ရှိခဲ့ဖူးပါတယ်။ “ကျွန်မတို့ ကောင်းတာပဲ လုပ်လုပ်၊ ဆိုးတာပဲ လုပ်လုပ် အပြုသဘောနဲ့ ဝေဖန်တဲ့သူတွေရှိသလို၊ တမင်တကာ ဖျက်လိုဖျက်ဆီးကဲ့ရဲ့ ဝေဖန်တဲ့သူတွေလည်း ရှိနေမှာဖြစ်လို့ ကျွန်မတို့ကသာ ကိုယ့်အလုပ်ကိုယ် အာရုံဝင်စားပြီးလုပ်နေရင် ဝေဖန်တိုက်ခိုက်သူတွေရှိနေတာကို မေ့သွားပါလိမ့်မယ်။ ကျွန်မတို့အနေနဲ့ တကူးတက လျစ်လျူရှုဖို့ ကြိုးစားနေစရာမလိုဘဲ လျစ်လျူရှုပြီးသား ဖြစ်သွားပါလိမ့်မယ်”လို့ နာမည်ကျော်စာရေးဆရာမတစ်ယောက် က ဝေဖန်တိုက်ခိုက်သူတွေကို လျစ်လျူရှုပြီး ကိုယ့်အလုပ်ကိုသာ အကောင်ဆုံး အာရုံဝင်စားလုပ်ဆောင်သင့်တဲ့ အကြောင်းပြောတဲ့ စကားတစ်ခွန်းကိုလည်း မှတ်သားခဲ့ဖူးပါတယ်။
အချိန်တွေအားလပ်ပြီး၊ စိတ်ဓာတ်အင်အားနည်းသူတွေသာ သူတစ်ပါးလုပ်နေတာတွေကို ဝေဖန်ကဲ့ရဲ့ပြီး၊ သူများ မကောင်းကြောင်းတွေ လျှောက်ပြောတတ်ကြတာပါ။ အဲ့လိုလူတွေအတွက် ကိုယ်တိုင်လည်း ဘာမှအကျိုးမရှိသလို သူများအတွက်လည်း ဘာမှ ကောင်းကျိုးမစွမ်းဆောင်ပေးနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ တကယ်အလုပ်လုပ်နေတဲ့သူဆိုတာ ကိုယ့်ဘဝအတွက်၊ ကိုယ့်မိသားစုအတွက်၊ အများအကျိုးအတွက် ကိုယ်လုပ်စရာရှိတာတွေကို အာရုံဝင်စားပြီး လုပ်ဆောင်နေတဲ့ သူတွေဖြစ်ပြီး သူများမကောင်းကြောင်းပြောဖို့တောင် အချိန်မရှိတဲ့သူတွေ ဖြစ်ပါတယ်။ကျွန်မတို့အားလုံးက သူများကို ဝေဖန်ကဲ့ရဲ့တဲ့သူမျိုးတွေ မဖြစ်ဖို့လိုသလို ကိုယ့်ကို ဝေဖန်တိုက်ခိုက်ကဲ့ရဲ့ စကားသံတွေကိုလည်း သတိမမူမိလောက်အောင် ကိုယ့်အလုပ်ကိုယ် အာရုံဝင်စားလုပ်ဆောင်တတ်တဲ့သူတွေဖြစ်နေဖို့သာ လိုအပ်ပါတယ်ဆိုတာ ပြောကြားရင်း...။
ဝေဖန်ကဲ့ရဲ့ခြင်း
Most Read
Most Recent
2 hours ago
2 hours ago
2 hours ago
2 hours ago
2 hours ago
2 hours ago
2 hours ago