ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် ပါတီ၏ သမ္မတလောင်း ရွေးချယ်နိုင်ဖွယ် ရှိကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ ပြိုင်ဘက်ကင်းစွာ နိုင်မည်မထင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ပြောကြား

ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် ပါတီ၏ သမ္မတလောင်း ရွေးချယ်နိုင်ဖွယ် ရှိကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ ပြိုင်ဘက်ကင်းစွာ နိုင်မည်မထင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ပြောကြား
Published 25 May 2015
စိုးမင်းထိုက်

မေ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ပြုလုပ်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် ပါတီ၏ သမ္မတလောင်း ရွေးချယ်မှု ပြုလုပ်ဖွယ်ရှိကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ ပြိုင်ဘက်ကင်းစွာ နိုင်မည်မထင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေ ၂၅ ရက်တွင် မီဒီယာများအား ပြောကြားသည်။ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီဝင် ဦးလှဆွေက “၂၈ ရက်မှာ ပဏာမအစည်းအဝေး ရှိတယ်။ ၂၉ ရက်နဲ့ ၃၀ ရက်ကတော့ အဓိကပေါ့။ ကျွန်တော်တို့ မဲဆန္ဒနယ်မြေတွေ လျာထားတာတွေလဲ လုပ်လိမ့်မယ်လို့ ထင်တယ်။ သမ္မတလောင်းအဖြစ် ဘယ်သူ့ကို လျာထားမယ်ဆိုတာတွေ ဆုံးဖြတ်နိုင်တယ်။ ဒီအချိန်မှာ ရွေးချယ်ထားသင့်ပြီလေ။ ဒီထက်နောက်ကျရင် မကောင်းဘူးပေါ့” ဟု ပြောကြားသည်။ဆက်လက်၍ “ကျွန်တော် ကြားတာကတော့ အသက်ကြီးတဲ့သူတွေ နားတော့မယ် ကြားတယ်။ လွှတ်တော်ကိုယ်စားလှယ်ထဲမှာလည်း အသက်ကြီးတဲ့သူတွေ အများကြီး ရှိတယ်လေ။ သူတို့ကို အနားပေးလိမ့်မယ်ထင်တယ်။ လုပ်ချင်ပါတယ် ပြောတဲ့သူတွေကိုလည်း ဆက်ခန့်ချင်မှ ခန့်မယ်။ မလုပ်တော့ပါဘူး ပြောတဲ့သူတွေကိုလည်း မင်းငယ်ပါသေးတယ်၊ အရည်အချင်းလည်း ရှိတယ်။ ဆက်လုပ်လို့ ပြောချင်ပြောမှာပေါ့” ဟု ဦးလှဆွေက ပြောကြားသည်။ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် လူလတ်ပိုင်းများလာမည့် သဘောရှိကြောင်း၊ များသောအားဖြင့် ဒေသခံများ တကယ်ကြိုက်နှစ်သက်ပြီး ဒေသအကျိုးလည်း တကယ်လုပ်မည့်သူများကို ဦးစားပေးလိမ့်မည်ဖြစ်ကြောင်း သိရသည်။“ကျွန်တော့်အနေနဲ့တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဝင်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ အသက်ကြီးပြီလို့ ထင်တယ်လေ” ဟု ဦးလှဆွေက ပြောကြားသည်။လက်ရှိတွင် ပြည်ပနိုင်ငံများ၌ နိုင်ငံ့ခေါင်းဆောင် ပြိုင်နေသည်မှာ အသက် ၅၀ တန်းများဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင် အသက် ၇၀ တန်းများ ပြိုင်နေရကြောင်း၊ ယင်းအခြေအနေများကို ၎င်းအနေဖြင့် မနှစ်မြို့ကြောင်း၊ ကွန်မြူနစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံပင်လျှင် မြန်မာနိုင်ငံကဲ့သို့ အသက်မကြီးတော့ကြောင်း ဦးလှဆွေက ဆိုသည်။“ကျွန်တော်တို့ပါတီ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲလို ပြိုင်ဘက်ကင်းစွာနဲ့ နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ အခုလို အပြိုင်အဆိုင်နဲ့ သူနိုင်မလား၊ ကိုယ်နိုင်မလား စိတ်လှုပ်ရှားရင်ခုန်စွာ ပြိုင်ရမယ့် အနေအထားကို ကြိုက်တယ်။ တစ်ဖက်သတ်တည်းဆိုရင် မကောင်းဘူး” ဟု ၎င်းက ပြောကြားသည်။လက်ရှိတွင် ကြံ့ခိုင်ရေးပါတီက အင်အားအကြီးဆုံး ပါတီဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ဘတ်ဂျက်အင်အား အတောင့်ဆုံး ပါတီဖြစ်ကြောင်း၊ ရပ်ကျေးစည်းရုံးရေးမှူးအထိ ငွေကြေးထောက်ပံ့နိုင်ကြောင်း၊ ယှဉ်ပြိုင်ရာတွင် ဓနအင်အား လိုအပ်ကြောင်း၊ ရွေးကောက်ပွဲတွင် အသုံးစရိတ် လိုအပ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တစ်ဦးကို ၂၅ သိန်းစီ ထုတ်ပေးကြောင်း၊ လာမည့်ရွေးကောက်ပွဲအတွက် အသုံးစရိတ် မည်မျှပေးမည် မသိသေးကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သိန်း ၁၀၀ အထိ သုံးစွဲခွင့်ရှိသည်ဟု ပြောထားကြောင်း၊ သိန်း ၁၀၀ အထိ ထုတ်ပေးမည်ဟု ကြားနေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“ကျွန်တော့်အနေနဲ့ ပြည်သူလူထုကို မက်ဆေ့ပေးချင်တာကတော့ အဘပါတီ၊ အမေပါတီတွေ နောက်မှစဉ်းစား။ ပါတီက အရေးမကြီးဘူး။ တကယ်လုပ်မယ့်သူကို ရွေးချယ်ဖို့လိုတယ်။ ပြီးတော့မှ အမေ့သားလား၊ အဘသားလား စဉ်းစားသင့်တယ်။ တပ်မတော်က အရာရှိတွေ အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးက ပြိုင်မလား၊ တခြားပါတီတစ်ခုခုကပဲ ပြိုင်မလား မသိသေးဘူး” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆက်လက်ပြောကြားခဲ့သည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီဝင် ဦးတင့်ဇော်က “ပုံမှန်လုပ်နေကျ အစည်းအဝေးတစ်ခုပါပဲ။ ကိုယ်စားလှယ်တွေ ရွေးချယ်တာနဲ့ ပတ်သက်ပြီး ဗဟိုကော်မတီက လုပ်ထားတာကို ဗဟိုအလုပ်မှုဆောင် ကော်မတီကို တင်ပြမှာပေါ့။ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဆွေးနွေးဆုံးဖြတ်ရမှာပေါ့” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။

Most Read

Most Recent