ယနေ့ခေတ်မှာ နည်းပညာပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စသည်တို့က ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ အစစအရာရာ တိုးတက်ပြောင်းလဲလာကြသလို ကလေးငယ်တို့ရဲ့ အခန်းကဏ္ဍတွေကလည်း လိုက်ပါပြောင်းလဲလာခဲ့ပါတယ်။ ကလေးတွေရဲ့ နေထိုင်ပြောဆိုမှု၊ အသိဉာဏ်တွေသာမကဘဲ မြို့ပြနေ ကလေးငယ်များစွာတို့ကလည်း လူကြီးများနည်းတူ နည်းပညာပိုင်းဆိုင်ရာတွေမှာ လိုက်ပါစီးမျော လာကြပါတယ်။ ဒါ့အပြင် ကလေးတစ်ယောက်ရဲ့ သဏ္ဌာန်ထက် ပိုမိုတဲ့ အလှအပနဲ့ ဖက်ရှင်ပိုင်း စိတ်ဝင်စားမှု၊ အနုပညာ အခွင့်အလမ်းတွေအပေါ် မိဘအုပ်ထိန်းသူတွေရဲ့ လမ်းကြောင်းပေးမှုအပေါ် အလိုက်သင့် လိုက်ပါစီးမျောရင်း ကျောင်းတက်၊ စာကျက်၊ ဆော့ကစားဆိုတဲ့ အချိန်တွေအပြင် ကျောင်းပညာရေးပိုင်းမှာ အပြိုင်အဆိုင် ကြိုးစားလာကြတာတွေ၊ ပြင်ပစာပေတွေ လေ့လာချိန်၊ ဘာသာစကား လေ့လာသင်ယူချိန်တွေ၊ ကျန်းမာရေးနဲ့ အလှအပအတွက် သင်တန်းတက်ရောက်တာမျိုးတွေအပြင် ဝါသနာပါတဲ့ အနုပညာသင်တန်းတွေကို အားလပ်ချိန်မှာ တက်ရောက်တာမျိုးတွေ၊ တိုးတက်လာတဲ့ခေတ်အရ ကလေးတွေကအစ နည်းပညာပိုင်းဆိုင်ရာတွေကို စိတ်ဝင်တစား အသုံးပြုလာကြပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ကလေးတွေအတွက် ဖျော်ဖြေရေးသက်သက် ပြိုင်ပွဲအစီအစဉ်တွေ၊ ကိုယ်ဝါသနာပါရာ လမ်းကြောင်းတစ်ခုပေါ် လျှောက်လှမ်းခွင့်ရနိုင်အောင် ပံ့ပိုးပေးနိုင်တဲ့ ပြိုင်ပွဲအစီအစဉ်တွေကလည်း များစွာလုပ်ဆောင်နေကြတာကိုလည်း တွေ့ရမှာပါ။ ဒါ့ကြောင့် အခုနောက်ပိုင်းမှာ ကလေးတွေရဲ့ လုပ်ဆောင်စရာ အခန်းကဏ္ဍတွေက များပြားလာသလို ကလေးတွေအတွက် ကိုယ်တက်ချင်တဲ့သင်တန်း၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ခွင့်ရဖို့အတွက် အခွင့်အလမ်းနဲ့ ရွေးချယ်စရာတွေလည်း များပြားလာတာကို တွေ့ရမှာပါ။ဒါပေမဲ့လည်း ဒီလိုအခွင့်အရေးနဲ့ ရွေးချယ်စရာတွေက မြို့ပြနေ ကလေးငယ်အချို့အတွက်သာ ဖြစ်သလို အခုအချိန်အထိ ကျေးလက်တောရွာမှာ ဖြစ်သလိုနေပြီး မိသားစုနဲ့အတူ ရုန်းကန်ရှာဖွေ စားသောက်နေရတဲ့ ကလေးငယ်တွေလည်း ရှိပါတယ်။ သဘာဝဘေးအန္တရာယ်တွေ၊ မငြိမ်းချမ်းနိုင်သေးတဲ့ စစ်ပွဲတွေကြားမှာ မြေစာပင်ဖြစ်နေရတဲ့ ကလေးတွေ၊ ကလေးတစ်ယောက်ရဲ့ အခွင့်အရေးတွေ များစွာဆုံးရှုံးနေကြရတဲ့ ကလေးတွေ ကမ္ဘာတစ်ဝန်းမှာ ဒုနဲ့ဒေး ရှိနေကြပါတယ်။
ကျန်းမာသန်စွမ်းတဲ့ ကလေးတွေ၊ ချမ်းသာတဲ့မိသားစု အသိုင်းအဝိုင်းမှာ ရှင်သန်ကြီးပြင်းရတဲ့ ကလေးတွေရှိသလို မွေးဖွားလာစဉ်ကတည်းက ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့ ကလေးတွေ၊ ကုန်းကောက်စရာ မရှိလောက်အောင် ဆင်းရဲချို့တဲ့လွန်းတဲ့ မိသားစုအသိုင်းအဝိုင်းမှာ ကြီးပြင်းကြရတဲ့ ကလေးတွေ စသဖြင့် မတူညီတဲ့ ပတ်ဝန်းကျင်အသီးသီးကနေ မတူညီတဲ့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ရှင်သန်နေကြတဲ့ ကလေးတွေကိုလည်း တွေ့မြင်ကြရမှာပါ။ကလေးဆိုတာက အပြစ်မဲ့ပြီး ရိုးသားဖြူစင်တယ်။ ပြည့်စုံကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ချက်ကြီး တစ်ခုလည်း ဖြစ်တယ်။ အခုချိန်မှာ ဘာမှမသိနားမလည်သေးတဲ့ ကလေးတွေကို ငယ်ရွယ်နုနယ်တုန်း ပြုပြင်လို့ အလွယ်ကူဆုံး အချိန်မှာ ကိုယ်လိုသလို ပြုပြင်ပုံသွင်းယူနိုင်ပါတယ်။ ကလေးတစ်ယောက်ကို လိမ်မာတဲ့ ကလေးတစ်ယောက်ဖြစ်အောင်၊ ပညာတတ်တစ်ယောက်ဖြစ်အောင်၊ အပြုအမူကောင်းတွေနဲ့ လူယဉ်ကျေးတစ်ယောက်ဖြစ်အောင်၊ လူတော်တစ်ယောက်ဖြစ်အောင် ငယ်ရွယ်စဉ်ကတည်းက ပြုပြင်ထားသင့်ပါတယ်။ ကလေးတွေက အနာဂတ်ရဲ့ သားသမီးကောင်းတွေ ဖြစ်လာနိုင်သလို အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေလည်း ဖြစ်ပါတယ်။ သူတို့က သူတို့ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင်တစ်ခုကနေ သူတို့ဘ၀ ဖြတ်သန်းမှုအတွက် သင်ယူတာဖြစ်တဲ့အတွက် ကလေးတစ်ယောက်ရှင်သန်ရာ ပတ်ဝန်းကျင်ကလည်း သိပ်ကိုအရေးကြီးပါတယ်။
ကျေးလက်တောရွာတွေက ကလေးတွေမှ မဟုတ်ပါဘူး။ မြို့ပြမှာလည်း ပြည့်စုံကြွယ်ဝတဲ့ အသိုင်းအဝိုင်း၊ သာမန်လူတန်းစေ့ သင့်တင့်စွာနေနိုင်တဲ့ အသိုင်းအဝိုင်း တစ်ခုမှာ ရှင်သန်ကြရတဲ့ ကလေးတွေရှိသလို မပြည့်စုံတဲ့ အသိုင်းအဝိုင်းမှာ ရှင်သန်ကြရတဲ့ ကလေးတွေ၊ အပြစ်မဲ့ ကလေးတစ်ယောက် ဖြစ်ပါလျက်နဲ့ မိဘဖြစ်သူတွေရဲ့ ပေါ့ပေါ့ဆဆ မဆင်မခြင် နေထိုင်မှုတွေကြောင့် ငယ်စဉ်ကတည်းက HIV ပိုးရှိနေခဲ့ရတဲ့ ကလေးတွေ၊ မိဘအုပ်ထိန်းသူတွေရဲ့ စာနာမှုကင်းမဲ့စွာ စွန့်ပစ်မှုတွေကြောင့် မိဘမဲ့အဖြစ် ရှင်သန်ကြီးပြင်းလာကြရတဲ့ ကလေးတွေ၊ ငယ်စဉ်ကတည်းက ကိုယ်လက်အင်္ဂါ မသန်စွမ်းဘဲ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတွေ၊ ကလေးတစ်ယောက် ဖြစ်ပါလျက်နဲ့ ဆင်းရဲချို့တဲ့မှုကြောင့် နေပူမရှောင်၊ မိုးရွာမရှောင် မိဘအုပ်ထိန်းသူတွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့စွာ ခိုင်းစေမှုတွေကြောင့် တောင်းရမ်းစားသောက် နေရတဲ့သူတွေ၊ ပညာသင်ရမယ့်အချိန်မှာ အမှိုက်ကောက်နေရတဲ့ ကလေးတွေ၊ ဝမ်းရေးအတွက် ကိုယ်တိုင်ခက်ခက်ခဲခဲ သမ္မာအာဇီဝကျစွာ လုပ်ကိုင်နေကြရတဲ့ ကလေးတွေလည်း များစွာရှိနေပါတယ်။ ကလေးတစ်ယောက် ဖြစ်ပါလျက်နဲ့ ကလေးတစ်ယောက်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေကြတဲ့ ကလေးတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့ အခမဲ့ပညာရေးတွေ၊ အခမဲ့ အတတ် ပညာသင်ကျောင်းတွေ၊ သက်မွေးမှုသင်တန်းကျောင်းတွေလည်း ဖွင့်လှစ်သင်ကြားပေးနေတာတွေ ရှိနေပါတယ်။အခက်အခဲတွေ၊ ဘဝရဲ့ လောကဓံတွေကြားမှာ ကလေးတစ်ယောက်ရဲ့ နုနယ်မှုနဲ့ မလိုက်ဖက်လောက်အောင် ရုန်းကန်နေကြရတဲ့ ကလေးတွေနဲ့ယှဉ်ရင် အစစအရာရာ သာလွန်အေးချမ်းတဲ့ ကလေးတွေဘဝကတော့ ရွေးချယ်စရာတွေ များလွန်းလှပါတယ်။ မိဘအုပ်ထိန်းသူတွေရဲ့ ဆုံးမပဲ့ပြင်မှု၊ ဇိမ်ခံအသုံးအဆောင် ပစ္စည်းများ၊ လေ့လာသင်ယူစရာ များပြားလွန်းလှတဲ့အတွက် သူတို့ဘဝကတော့ ကိုယ်တိုင်ကြိုးစားအားထုတ်မှုနဲ့ လေ့လာသင်ယူတတ်မှုကို ထပ်ထည့်ပေါင်းလိုက်မယ်ဆိုရင် တစ်နေ့မှာ အနာဂတ်ကို ဦးဆောင်နိုင်တဲ့ ကြယ်ပွင့်လေးတွေဖြစ်ဖို့ ဧကန်မလွဲပါပဲ။ ဒါပေမဲ့လည်း လက်ရှိအချိန်မှာ ဆင်းရဲချို့တဲ့မှု၊ လောကဓံရဲ့ အထုအထောင်းကို ခံစားနေကြရတဲ့ ကလေးတွေထဲမှာ ကိုယ်တိုင်နာခံတတ်ဖို့၊ ဖြတ်ထိုးဉာဏ်၊ တိုးတက်လိုတဲ့ စိတ်အခြေခံ၊ ကြိုးစားအားထုတ်မှုအပြင် ကူညီဖေးမပေးမယ့်၊ ဘဝလမ်းကို တစ်ဆင့်မြင့် တက်ရောက်နိုင်ဖို့ ပံ့ပိုးပေးမယ့်သူတွေ ရှိလာမယ်ဆိုရင် သူတို့ဘဝကလည်း မြင့်မားလာပြီး အနာဂတ်ကို အရောင်တင်ပေးမယ့် ကြယ်ပွင့်လေးတွေ ဖြစ်လာနိုင်မှာပါ။မြို့ပြနေ ကလေးတွေပဲ ဖြစ်ဖြစ်၊ ကျေးလက်တောရွာနေ ကလေးတွေပဲ ဖြစ်ဖြစ်၊ ပြည့်စုံကြွယ်ဝတဲ့ အသိုင်းအဝိုင်းကပဲ ဖြစ်ဖြစ်၊ မပြည့်စုံတဲ့ အသိုင်းအဝိုင်းကပဲ ဖြစ်ဖြစ်၊ ရုပ်ဆိုးတဲ့ကလေးပဲ ဖြစ်ဖြစ်၊ ရုပ်ရည်ချောမောတဲ့ ကလေးပဲ ဖြစ်ဖြစ်၊ ကလေးတစ်ယောက်ရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိတဲ့ ကလေးတွေပဲ ဖြစ်ဖြစ်၊ မရရှိတဲ့ ကလေးပဲ ဖြစ်ဖြစ်၊ အေးချမ်းသာယာတဲ့ ဘဝကို ဖြတ်သန်းကြီးပြင်းရတဲ့ ကလေးပဲ ဖြစ်ဖြစ်၊ ကြမ်းတမ်းခက်ခဲတဲ့ လောကဓံရဲ့ အထုအထောင်းတွေကြားမှာ ရှင်သန်ရတဲ့ ကလေးပဲ ဖြစ်ဖြစ် ကလေးက ကလေးပါပဲ။ အခုချိန်မှာ ဘာမှ မသိနားမလည်သေးတဲ့ ကလေးကစလို့ လောကကြီးအကြောင်းကို လူကြီးတစ်ယောက်ထက်တောင် ပိုနားလည်နေခဲ့ရတဲ့ ကလေးတစ်ယောက်ပင် ဖြစ်စေဦးတော့ သူတို့တွေအတွက် တူညီတဲ့ အခွင့်အရေးတစ်ခုကတော့ သူတို့တစ်ဦးချင်းစီက တစ်နေ့မှာ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေ ဖြစ်လာဖို့ ယုံကြည်စွာ ကြိုးစားခွင့်ပါပဲ။ ဘယ်လိုပတ်ဝန်းကျင် အသိုင်းအဝိုင်းကလာတဲ့ ကလေးပဲ ဖြစ်ပါစေ အနာဂတ်မှာ တောက်ပတဲ့ ကြယ်တစ်ပွင့်က ဘယ်သူတွေ ဖြစ်လာမလဲဆိုတာတော့ ကြိုတင်ပြောပြလို့ မရတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေကို ကောင်းမွန်စွာ ပျိုးထောင်ပေးကြစေချင်ပါတယ်။










