မိဘတိုင်း မိမိရဲ့သားသမီးကို ထူးချွန်ထက်မြက်ပြီး လိမ္မာရေးခြားရှိသည်ကိုသာ လိုလားကြသည်။ သို့သော် လက်တွေ့တွင် မိဘများကိုယ်တိုင်က မိမိရဲ့သားငယ်၊ သမီးငယ်ကို ထူးချွန်ထက်မြက်စေဖို့ ကိုယ်တိုင်လုပ်ဆောင်ပေးရမည်ကို မေ့လျော့နေတတ်ကြပြီး စီးပွားရေး၊ လူမှုရေးစတဲ့ ကိစ္စများဖြင့်သာ အချိန်ကုန်နေတတ်တာ တွေ့မြင်ရပါတယ်။
မိဘတို့က မိမိသားသမီးရဲ့ အနာဂတ်ကောင်းကောင်း ဖန်တီးနိုင်ဖို့အတွက် ကိုယ်တိုင်စိတ်ကူးပုံဖော်နေရုံနဲ့ မပြီးနိုင်ပါဘူး။ ကိုယ့်ရဲ့ရင်သွေးငယ်ကို ငယ်စဉ်အရွယ်ကတည်းက လက်တွေ့ကျကျ ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ မိမိရဲ့ ကလေးငယ်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော လူသားတစ်ယောက်အဖြစ် ရပ်တည်နိုင်အောင် လုပ်ေဆောင်ပေးဖို့ လိုအပ်ပါတယ်။
ကလေးငယ်တိုင်းက ကိစ္စတိုင်းကို ကိုယ်တိုင်မဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမဲ့ မိဘတွေအနေနဲ့ မိမိရဲ့ကလေးငယ် သိတတ်စအရွယ်ကတည်းက မိမိတို့ ရွေးချယ်သတ်မှတ်ပေးတာထက် ကိုယ့်ကလေးငယ်ကို ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာ-အဝတ်အစားဝတ်ဆင်ခြင်း၊ အစားအစာ ကိုယ်တိုင်စားသုံးခြင်းတို့ပဲ ဖြစ်ပါတယ်။
မိဘတွေအနေနဲ့ ကလေးငယ်ရဲ့ သဘောထားအမြင်ကို ဖော်ပြခွင့်ပေးရပါမယ်။ လူကြီးမိဘတွေ အပေါ်မှာလည်း အလွန်အကျွံ မှီခိုမှုမရှိအောင်လည်း လုပ်ဆောင်ရပါမယ်။ နောက်ပြီး ကလေးငယ်တွေကို အလွန်အကျွံ အကာအကွယ် မပေးသင့်ပါ။ ခေါင်းဆောင်တတ်သော အရည်အချင်းရှိလာအောင် လေ့ကျင့်ပျိုးထောင်ပေးပါ။
နောက်ပြီး ကလေးငယ်တွေကို ကိုယ်တိုင်စည်းကမ်းလိုက်နာတတ်တဲ့ ကလေးငယ်တစ်ဦးဖြစ်အောင် လေ့ကျင့်သင်ကြားနိုင်ဖို့လည်း လိုအပ်ပါတယ်။ ငယ်စဉ်အရွယ်ကတည်းက စည်းကမ်းလိုက်နာတတ်သော ကလေးငယ်အများစုတို့သည် အောင်မြင်ဖို့အတွက် လိုအပ်သေကိုယ်ရည်ကိုယ်သွေး လက္ခဏာတွေပဲ ဖြစ်ပါတယ်။
Little Miss Myanmar - Nicole (ခ) ရှင်းသန့်ဖြူစင်
ကလေးငယ်တွေက အတုမြင် အတက်သင်တတ်သောကြောင့် မိဘတွေအနေနဲ့ကလည်း ကိုယ့်ကလေးငယ်တွေရဲ့ အရှေ့မှာ စံနမူနာကောင်းဖြစ်အောင် နေရပါမယ်။ ကလေးတွေရဲ့ရှေ့မှာ ညစ်ညမ်းစွာပြောဆိုခြင်းကို ရှောင်ကြဉ်ရပါမယ်။ ကလေးငယ်တွေက အသက်အရွယ်အလိုက် အမူအကျင့် ပြောင်းလဲတတ်သောကြောင့် မိဘက အမှတ်မထင် ပြောလိုက်သောစကား၊ အပြုအမူတွေကို မှတ်သားထားပြီး ပြုမူတတ်ပါတယ်။
ဒါကြောင့် ကိုယ့်ကလေးငယ်ရဲ့ စကားအပြောအဆို အပြုမူတွေက မိဘတွေရဲ့ အပြောအဆို အပြုအမူနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဒါ့အပြင် မိမိရဲ့ ကလေးငယ်ကို ငယ်စဉ်ကတည်းက ရိုးသားဖြောင့်မတ်အောင် သင်ကြားပေးရပါမယ်။
မိမိရဲ့ ကလေးငယ်များကို ထူးချွန်တဲ့ ကလေးတစ်ယောက် ဖြစ်လိုလျှင်
(၁) ကလေးငယ်တွေရဲ့ အားသာချက်များကိုရှာပြီး ချီးမြှောက်ဂုဏ်ယူပေးပါ။
(၂) မိမိကိုယ်ကိုယ် တန်ဖိုးထားလေးစားတတ်တဲ့ အလေ့အကျင့်များကို လေ့ကျင့်ပျိုးထောင်ပေးပါ။
(၃) အာရုံကြာကြာစူးစိုက်အောင် သင်ကြားပေးပါ။
(၄) ကြိုတင်ပြင်ဆင် လုပ်ကိုင်တတ်သော အလေ့အကျင့်ရအောင် လေ့ကျင့်ပေးပါ။
(၅) နောက်အရေးကြီးသော အချက်ကတော့ ကလေး၏ အောင်မြင်မှုများကို ကလေးတွေ့မြင်တိုင်း သတိရနေအောင် မြင်သာသောနေရာမှာထားပြီး ဆက်လက်အောင်မြင်မှု ရရှိအောင် ကြိုးစားလိုစိတ်ကို နှိုးဆွပေးပါ။
(၆) ကလေးကိုတိကျတဲ့ ရည်မှန်းချက်ကို ချစေပြီး ရည်မှန်းချက် အမှန်တကယ် ပေါက်မြောက်ရေးအတွက် ကိုက်ညီသော ခြေလှမ်းကို လုပ်ဆောင်ပေးပါ။
အခုဖော်ပြပေးထားတဲ့ အချက်တွေက ကလေးတစ်ယောက် ထူးချွန်ထက်မြက်ဖို့အတွက် အမှန်တကယ် လိုအပ်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ မိမိရဲ့ကလေးကို ထူးချွန်ထက်မြက်စေလိုလျှင် ဒီအချက်တွေ လိုက်နာသင့်ပါတယ်။
အချို့သော ကလေးများသည် ငယ်စဉ်ကတည်းက စကားပြောစွမ်းရည် နည်းပါးတာကို တွေ့မြင့်ရပါတယ်။ ကလေးငယ်တွေ အနေနဲ့ စကားပြောစွမ်းရည် မနည်းပါးအောင်လုပ်ဆောင်ဖို့ အထူးလိုအပ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို စကားပြောစွမ်းရည် တိုးတက်အောင် လုပ်ဆောင်ပေးပါ။ စကားပြောစွမ်းရည်သည် သူ့အလိုအလျောက် ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ သင်ယူတက်မြောက်လာခြင်းသာ ဖြစ်ပါတယ်။ ကလေးငယ်၏ အသံထွက်ရာ အင်္ဂါအစိတ်အပိုင်းကို ဖွံ့ဖြိုးတိုးတက်အောင် မွေးစအရွယ်မှစတင်ပြီး လေ့ကျင့်ပေးပါ။ ကလေးငယ်တွေ အနေနဲ့ အသက်ငါးနှစ် အရွယ်လောက်မှာ စကားမပီသေးလျှင် စိတ်ပူပန်စရာ မလိုပေမယ့် အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ရောက်သည့်တိုင် စကားပြောမပီလျှင် ပြဿနာရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအသက်အရွယ်မှာ စကားပြောမပီပြင်လျှင် စကားပြုပြင်မှု ကျွမ်းကျင်သူများနှင့် ပြသရန် လိုအပ်ပါတယ်။
Junior Mister Myanmar - သောမတ်စ်
ကလေးငယ်တစ်ဦးရဲ့ စကားပြောစွမ်းရည် တိုးတက်ကောင်းမွန်မှုဟာ ထိုကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးရှိနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိစေပါတယ်။ ဒါကြောင့် ကိုယ့်ရင်သွေးငယ်ကို ငယ်စဉ်အရွယ်ကတည်းက အသေအချာလေ့ကျင့် သင်ကြားပေးရမှာ ဖြစ်ပါတယ်။
နောက်ပြီး ကလေးငယ်တွေကို စာဖတ်တတ်အောင် လေ့ကျင့်သင်ကြားပေးရမယ့် နည်းလမ်းတွေကတော့ -
(၁) ကလေးစကားပြောသည့် အချိန်မှစ၍ ကလေးကဗျာ၊ ကလေးသီချင်း၊ ကလေးစိတ်ဝင်စားတဲ့ပုံပြင်တွေ အမြဲတမ်း ထပ်ကာထပ်ကာ ဆိုပြ၊ ရွတ်ပြပေးပါ။ ထိုသို့ပြုလုပ်ပေးမှုသည် ကလေးငယ်၏ သိလိုမှုကို အားပေးရာရောက်ပါသည်။
(၂) ကြော်ငြာစကားလုံးများ၊ ရုပ်ပုံများ၊ ပစ္စည်းများတွင် ရေးထားသော စာများနှင့် ရုပ်ပုံများကို တွဲ၍မြင်အောင်၊ ကြားအောင် ပြောပြပေးပါ။ ကလေး၏ မှတ်ဉာဏ်တွင် အသံမှတ်မိမှု၊ အရုပ်မှတ်မိမှုများ ယှဉ်တွဲဖြစ်ပေါ်လာပြီး ကြားရသော အသံများနှင့် အဓိပ္ပာယ်များကို ပို၍သိခွင့်ရနိုင်ပြီး သိလိုစိတ်လည်း ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ထိုစိတ်သည် ကလေးငယ်၏ စာဖတ်ချင်စိတ်ကို ဖြစ်ပေါ်လာစေရန် အကောင်းဆုံးတွန်းအားတစ်ခု ဖြစ်သည်။
(၃) ကလေးငယ် စာဖတ်ပြသည့်အခါ ကလေး၏ ကြိုးပမ်းဆောင်ရွက်မှုကို အားပေးအားမြှောက်ပြုလုပ်၍ စာဖတ်စွမ်းရည် တိုးတက်အောင် လုပ်ဆောင်ပေးပါ။
(၄) နောက်ပြီး ကလေးငယ်များ စာဖတ်ရာတွင် အသံထွက်ရန် ခက်ခဲသည့် စကားလုံးများကို လွယ်ကူစွာဖတ်နိုင်အောင် ကူညီပေးပါ။
ဒီအချက်တွေက ကိုယ့်ကလေးငယ်ကို လိမ္မာပြီး ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက် ဖြစ်စေနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ထို့ကြောင့် မိဘများအနေနဲ့ ကိုယ့်သားသမီးငယ်ကို အောင်မြင်တဲ့ လူတော်လူကောင်းတစ်ဦး ဖြစ်စေဖို့အတွက် ငွေကြေးအကူအညီ တစ်ခုတည်းနဲ့ ပံ့ပိုးတာထက် မိမိကိုယ်တိုင်က ကလေးငယ်စဉ် အရွယ်ကတည်းက စနစ်တကျ လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မိဘများအနေဖြင့် အခုဖော်ပြပေးထားသော အချက်အလက်များကို ကြည့်၍ မိမိသားသမီးများကို လိမ္မာပြီး ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် လုပ်ဆောင်နိုင်စေဖို့ ကြိုးပမ်းရင်းဖြင့် ...။
ကိုးကား
သင့်ကလေးလူတော်လူကောင်းဖြစ်အောင်
-ဒေါက်တာသိန်းလွင်
(ပညာရေး စိတ်ပညာပါရဂူ)










