ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် အကောင်အထည်ဖော်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ညှိနှိုင်းနိုင်ရန် အစိုးရ၊ လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် အကောင်အထည်ဖော်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ညှိနှိုင်းနိုင်ရန် အစိုးရ၊ လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး
Published 9 May 2015
ဇာလီမြင့်ဦး

၂၀၁၅ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ပါတီအများစု လက်မှတ်ရေးထိုး ကတိပြုခဲ့သည့် “ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်”ကို အကောင်အထည်ဖော်နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ညှိနှိုင်းနိုင်ရန် အစိုးရ၊ လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများသည် မေ ၉ ရက်တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ 
 
အဆိုပါ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာဆွေးနွေးပွဲအား ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ Myanmar Peace Center ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများက ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသဘာပတိအဖြစ် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA )မှ စိုင်းခွန်စိုင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း စသူတို့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 
 
ဆွေးနွေးပွဲသဘာပတိတစ်ဦးဖြစ်သူ KNU ဥက္ကဋ္ဌစောမူတူးစေးဖိုးက “ဒီနေ့ အစည်းအဝေးဟာ Deed of Commitment ကို လက်မှတ်ရေးထိုးထားကြတဲ့ ကိုယ်စားလှယ်များအကြား သဘောတူ လက်မှတ်ရေးထိုးထားခဲ့ကြတဲ့ ကတိကဝတ်တွေကို စာရွက်ထဲမှာပဲ မထားရှိဘဲ အမှန်တကယ် “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်” ကို ဘယ်ကစပြီး အကောင်အထည်ဖော်မလဲဆိုတာ တိုင်ပင်ဆွေးနွေးတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်”ဟု ဆိုသည်။
 
ကတိပြုချက်များထဲမှ “နိုင်ငံရေးဆွေးနွေးပွဲများကို အလျင်အမြန်ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်”အတွက်  နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ယခုကတည်းက ညှိနှိုင်းမှုပြုရန်နှင့် “နိုင်ငံရေးဆွေးနွေးမှု မူဘောင်နှင့်အညီ ပဏာမနိုင်ငံရေးဆွေးနွေးပွဲများကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ မတိုင်မီကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်”ဟူသည့်အချက်တွင် ပါရှိသည့်မူ ဘောင်ရရှိရေးအတွက် အချိန်နှင့် ပတ်သက်သည့် အခက်အခဲကိုကျော်လွန်နိုင်ရန် အကောင်အထည်ဖော်ရေးလမ်းစရှာသည့် ဆွေးနွေးပွဲလည်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 
“နိုင်ငံရေးမူဘောင်ရရှိရေး ညှိနှိုင်းမှုဆိုင်ရာ အခုလိုအစည်းအဝေးမျိုးဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အောင်မြင်ချောမွေ့စွာ ဖြစ်ပေါ်ရေးအတွက် အထောက်အကူပြုရန်ဖြစ်ပြီး လွှမ်းမိုးသွားရန်အတွက် မဟုတ်ကြောင်း အခိုင်အမာ ပြောကြားလိုပါတယ်”ဟု စောမူတူးစေးဖိုးက ဆက်လက်ပြောကြားသည်။
 
အဆိုပါ “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်”တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ပါဝင်သင့် ပါဝင်ထိုက်သူများပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန်၊ နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲများမတိုင်မီ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်စသည့် အချက် ခြောက်ချက်ပါဝင်ကြောင်း သိရသည်။ 
 
 ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိကဝတ်ပြုထားတဲ့ အချက်တွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရေးဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားတဲ့ နိုင်ငံသားများကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာလည်း တာဝန်ရှိတယ်။ အမျိုးသားရေးစိတ်ဓာတ်နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြမယ်လို့လည်း ယုံကြည်ပါတယ်”ဟု ပြောကြားသည်။ 
 
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ  ဒုတိယ အဖွဲ့ခေါင်းဆောင်(၁) ပဒိုစောကွယ်ထူးဝင်းက“ ကျွန်တော်ပြောကြားလိုချင်တာက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေက အတူတူပဲဖြစ်ကြမှာပါ။ ကွာခြားမှုမရှိပါဘူး။ အထူးသဖြင့် framework နဲ့ပတ်သက်ပြီး ဆွေးနွေးမယ်ဆိုရင် ကိုယ်စားပြုမှု အချိုးအစား ဒီနှစ်ခုပဲ ဆွေးနွေးရမယ့်ကိစ္စဖြစ်ပါတယ်။ ကျန်တဲ့အချက်တွေက ကျွန်တော်တို့ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ပြဿနာ ကျွန်တော်တို့ ဆွေးနွေးသင့်တဲ့ အချက်တွေဟာ အတူတူပဲဖြစ်မှာပဲလို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ပြောကြားသည်။ 
 
“ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ” ကတိပြုချက်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က ကျရောက်သည့် ပြည်ထောင်စုနေ့တွင် အစိုးရဘက်မှ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ၁၅ ဦး၊ လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်သုံးဦး၊ တပ်မတော်ကိုယ်စားပြု ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ သုံးဦး၊ နိုင်ငံရေးပါတီ ၅၅ ပါတီ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေး ဖွဲ့မှ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုခဲ့ကြကြောင်း သိရသည်။
 
သို့သော် အဆိုပါကတိပြုချက်အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) အဖွဲ့ဝင် ပါတီ များနှင့် ကျန်ပါတီအချို့မှာမူ လက်မှတ်ရေးထိုးထားခြင်း 
မရှိပေ။
 
အစိုးရအနေဖြင့်မူ အဆိုပါကတိပြုချက် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပါတီများ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ပြောကြားထားမှုရှိသည်။ 
 
မေ ၉ ရက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ၆၄ ပါတီမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၁၉ ဦး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။                      
 

Most Read

Most Recent