၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) က ချင်းပြည်နယ်တစ်ဝန်းလုံးတွင်သာမက ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောကြားသည်။“ရွေးကောက်ပွဲအတွက်ကတော့ လောလောဆယ် ပါတီစည်းရုံးရေး ဆင်းနေတယ်။ အခုက ချင်းပြည်နယ်က ခုနစ်မြို့နယ်ရယ်၊ နောက်ပြည်နယ်ပြင်ပမှာ ရခိုင်ပြည်နယ်ရယ်၊ စစ်ကိုင်းတိုင်းမှာ ကလေးရယ်၊ တမူးရယ်ပေါ့။ အဲဒီမှာ အဓိကပြိုင်ဖို့ ရည်မှန်းထားတယ်” ဟု ပြောကြားသည်။ချင်းဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၄ ဇူလိုင်တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး သြဂုတ်လတွင် ပါတီရုံးချုပ်ကို ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ကာ လက်ရှိပါတီသက်တမ်း တစ်နှစ်ခန့်သာ ရှိသေးကြောင်း သိရသည်။“ကိုယ်စားလှယ်လောင်းတွေက တချို့မြို့နယ်မှာ ရှိနေပြီ။ တချို့မြို့နယ်ကကျတော့ အားလုံးမစုံသေးဘူးပေါ့။ ဥပမာ တစ်မြို့နယ်မှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် စသည်ဖြင့် ပြိုင်ရမှာဆိုတော့ တချို့ကတော့ အားလုံးရွေးချယ် လျာထားတာရှိပြီ။ တချို့မြို့နယ်တွေမှာကတော့ ရွေးချယ်ဖို့ တစ်ယောက်တလေ ရွေးဖို့လိုနေတာမျိုး ရှိနေပါသေးတယ်” ဟု ဦးငိုင်ဆာ့ခ်က ဆက်လက်ပြောကြားသည်။အဆိုပါ ချင်းဒီမိုကရေစီအဖွဲ့ချုပ်အား တည်ထောင်သူများတွင် လူငယ်အများစု ပါဝင်ပြီး ပါတီအနေဖြင့် ဆက်လက်၍ စစ်မှန်သော ဒီမိုကရေစီရရှိရေး၊ စစ်မှန်သော ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ တိုင်းရင်းသားအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော နိုင်ငံရေးပါတီများ၊ တရားဝင်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြားသော ချင်းနိုင်ငံရေးပါတီများနှင့် အချင်းချင်း ရင်းနှီးမှုတည်ဆောက်ရန်နှင့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးတွင် ချိတ်ဆက်မှုရှိရှိဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်တို့အတွက် အခြားသော ချင်းပါတီကိုးခုနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ချင်းဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးခံယူချက် တူညီသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သို့ ဝင်ရောက်နိုင်ရန်လည်း ကမ်းလှမ်းထားကြောင်း သိရသည်။
၂၀၁၅ ရွေးကောက်ပွဲ၌ ချင်းပြည်နယ်၊ ရခိုင်နှင့် စစ်ကိုင်းတိုင်းတို့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်မည်















