၂၀၁၅ ရွေးကောက်ပွဲတွင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များချမှတ်ရန် ချင်းနိုင်ငံရေးပါတီများ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမည်

၂၀၁၅ ရွေးကောက်ပွဲတွင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များချမှတ်ရန် ချင်းနိုင်ငံရေးပါတီများ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမည်
Published 5 May 2015
ဇာလီမြင့်ဦး

လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ချင်းနိုင်ငံရေးပါတီများက မေ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရန်ကုန်မြို့ Summit Parkview ဟိုတယ်၌ ဒုတိယအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ရွေးကောက်ပွဲတွင် ချင်းမိသားစုနိုင်ငံရေးပါတီများအကြား အချင်းချင်းရင်းနှီးမှုတည်ဆောက်ရန်နှင့် ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် အချင်းချင်းချိတ်ဆက်မှုရှိရှိဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်ရည်ရွယ်၍ ချင်းနိုင်ငံရေးပါတီကိုးခုမှ တာဝန်ရှိသူများသည် မတ်လကုန်ပိုင်းက ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ခဲ့သည်။၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း မြို့နယ်ကိုးမြို့နယ်တွင် ချင်းပါတီခြောက်ခုက ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်းနှင့် ချင်းပါတီအများစုမှာ ပြည်နယ်ပြင်ပဖြစ်သော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။"လက်ရှိရွေးကောက်ပွဲအတွက် အားလုံးကတော့ ပြင်ဆင်နေပြီပေါ့။ ဒီနေရာမှာ ပါတီတွေကွဲပြားတဲ့အခါကျတော့ ၂၀၁၅ ရွေးကောက်ပွဲမှာဖြစ်စေ၊ ပါတီလုပ်ငန်းစဉ်တွေမှာဖြစ်စေ ပါတီတစ်ခုနဲ့တစ်ခုက ထပ်လာတဲ့အခါကျတော့ ပွတ်တိုက်မှုတွေကရှိလာနိုင်တယ်။ အဲဒါကြောင့် တွေ့ဆုံကြပြီးတော့ ပွတ်တိုက်မှုအနည်းဆုံးဖြစ်အောင်အပါအဝင် အခြားလုပ်ဆောင်သင့်တာတွေကို လက်တွေ့ဆောင်ရွက်နိုင်အောင် ညှိကြမှာပါ။ ပထမတစ်ခေါက်တွေ့တုန်းကတော့ ဘာလုပ်ငန်းစဉ်မှမချမှတ်ဖြစ်ဘူးပေါ့။ ဒီတစ်ခေါက်မှာတော့ ဒါတွေအတွက် ဆွေးနွေးကြမယ်လို့တော့ သိရပါတယ်" ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်ကပြောကြားသည်။လက်ရှိချင်းပါတီမှာ ၁၀ ခုရှိပြီး ချင်းပြည်နယ်အခြေစိုက်ပါတီငါးခုနှင့် ပြည်နယ်ပြင်ပတွင်ငါးခုဖြစ်ကာ ချင်းအမည်ခံပါတီမှာသုံးခုဖြစ်၍ ကျန်ပါတီများမှာ မျိုးနွယ်စုပါတီများဖြစ်ကြောင်း သိရသည်။ချင်းလူမျိုးစုများမှဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီ ၁၀ ခုမှာ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းအမျိုးသားပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ခူမီးအမျိုးသားပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပါတီတို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent