ပက်ကီယောင်းကို အမှတ်ဖြင့် အနိုင်ယူပြီး မေဝယ်သာ ၄၈ ပွဲဆက် ရှုံးပွဲမရှိစံချိန် ထိန်းသိမ်း WBA (စူပါ)နှင့် WBC ခါးပတ်များ ကာကွယ်နိုင်ခဲ့ပြီး WBO ခါးပတ်ကိုပါ ရယူနိုင်ခဲ့

ပက်ကီယောင်းကို အမှတ်ဖြင့် အနိုင်ယူပြီး မေဝယ်သာ ၄၈ ပွဲဆက် ရှုံးပွဲမရှိစံချိန် ထိန်းသိမ်း WBA (စူပါ)နှင့် WBC ခါးပတ်များ ကာကွယ်နိုင်ခဲ့ပြီး WBO ခါးပတ်ကိုပါ ရယူနိုင်ခဲ့
Published 3 May 2015

ရာစုနှစ်၏ အကောင်းဆုံးလက်ဝှေ့ပွဲဟု သတ်မှတ်ခံထားရသည့် အမေရိကန် လက်ဝှေ့သမား ဖလွိုက်မေဝယ်သာနှင့် ဖိလစ်ပိုင် လက်ဝှေ့သမား ပက်ကီယောင်းတို့၏ ပွဲစဉ်ကို အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့ရှိ MGM Grand Garden Arena ၌ (မြန်မာစံတော်ချိန်) မေ ၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ မေဝယ်သာက အမှတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။မေဝယ်သာက ၎င်းထိုးသတ်နေကျ ပုံစံအတိုင်း ခံစစ်ကို လုံအောင်ပိတ်ကာ တန်ပြန်တိုက်စစ်ဖြင့် တုံ့ပြန်ခဲ့ပြီး ပက်ကီယောင်းက ပွဲချီအများစု၌ တိုက်စစ်အသားပေး ထိုးသတ်နိုင်ခဲ့သည်။ သုံးချီမြောက်အထိ ပက်ကီယောင်း၏ လက်သီးချက်များကို မေဝယ်သာ တိမ်းရှောင်နိုင်ခဲ့သော်လည်း စတုတ္ထအချီ၌ ပြင်းထန်သည့် လက်သီးချက်လေးကြိမ် ထိမှန်ခဲ့သည်။ ပက်ကီယောင်းသည် မေဝယ်သာအား ကြိုးဝိုင်းထောင့်၌ပိတ်၍ အလဲထိုးနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မေဝယ်သာက လျင်လျင်မြန်မြန်ဖြင့် တိမ်းရှောင်နိုင်ခဲ့သောကြောင့် ထိုးချက်များမှာ ထိရောက်မှု နည်းပါးခဲ့သည်။ ပွဲပြီးခါနီး ၁၁ ချီနှင့် နောက်ဆုံးအချီတွင် မေဝယ်သာက တိုက်စစ်မြှင့်တင်ခဲ့ပြီး ပက်ကီယောင်း အနည်းငယ် အထိနာခဲ့သည်။ ၁၂ ချီပြည့်သည်အထိ တစ်ဦးနှင့်တစ်ဦး အလဲထိုးနိုင်ခြင်း မရှိသဖြင့် ဒိုင်များ၏ အဆုံးအဖြတ် ခံယူခဲ့ရာ ဒိုင်သုံးဦးစလုံးက (၁၁၈-၁၁၀)၊ (၁၁၈-၁၁၀)၊ (၁၁၆-၁၁၂)မှတ်ဖြင့် မေဝယ်သာကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်။ CompuBox မှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ မေဝယ်သာမှာ ပွဲချိန်တစ်လျှောက်လုံးနီးပါး ခံစစ်ဖြင့်သာ ကစားနိုင်ခဲ့သော်လည်း လက်သီးချက်မှာ ပက်ကီယောင်းထက် ပိုများခဲ့ပြီး ၄၃၅-၄၂၉ ချက်စီ ရှိခဲ့ကြောင်း သိရသည်။မေဝယ်သာသည် ယခုပွဲ အနိုင်ရရှိခဲ့သောကြောင့် WBA (စူပါ)နှင့် WBC ဝယ်လ်တာဝိတ် ချန်ပီယံခါးပတ်များကို ကာကွယ်နိုင်ခဲ့သလို ပက်ကီယောင်း၏ WBO ခါးပတ်ကိုလည်း ရယူနိုင်ခဲ့သည်။ ထို့ပြင် မေဝယ်သာသည် ကစားသမားဘဝတစ်လျှောက် ၄၈ ပွဲစလုံး အနိုင်ရရှိပြီး ရှုံးပွဲမရှိစံချိန် ထိန်းသိမ်းနိုင်ခဲ့သော်လည်း ပက်ကီယောင်းမှာမူ ခြောက်ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။