နိုင်ငံနှင့် အများပြည်သူအတွက်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့၊ မနက်ဖြန်နှင့် အနာဂတ်အထိ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိဟု သူရဦးရွှေမန်း ပြောကြား

နိုင်ငံနှင့် အများပြည်သူအတွက်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့၊ မနက်ဖြန်နှင့် အနာဂတ်အထိ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိဟု သူရဦးရွှေမန်း ပြောကြား
Published 3 May 2015
ဇာလီမြင့်ဦး

နိုင်ငံနှင့် အများပြည်သူအတွက်ဆိုပါ က ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့၊ မနက်ဖြန်နှင့် အနာဂတ်အထိ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကပြောကြားခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
 
မေ ၁ ရက်က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ Carnegie Endowment for International Peace အဖွဲ့က ကြီးမှူးပြုလုပ်သည့် ဆွေးနွေးပွဲတွင် သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။  
 
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အကြား ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်မည့်အလားအလာ ရှိ၊ မရှိဟူ၍ မေးခွန်းထုတ်မှုများ ရှိသည့်အပေါ် သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
“နိုင်ငံအတွက်၊ အများပြည်သူအတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ရော၊ မနက်ဖြန်ရော၊ အနာဂတ်အတွက်ရော ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားခဲ့ကြောင်း သိရသည်။
 
သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ရွေးချယ်မှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးစွာဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ပါတီက အမည်စာရင်း တင်သွင်းသည်ကို ပြည်သူ့ကိုယ်စားလှယ်များ ဖွဲ့စည်းထားသည့် လွှတ်တော်က ရွေးချယ်အတည်ပြုပေးမည်ဆိုပါက ၎င်းအနေဖြင့် နိုင်ငံတော်သမ္မတအတွက် မျှော်လင့်ချက်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းဖော်ပြချက်အရ သိရသည်။ 
 
ထို့ပြင် မိမိနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မိတ်ကောင်းဆွေကောင်းများဖြစ်သလို တစ်ဖက်တွင်လည်း ပြိုင်ဆိုင်မှု အားကောင်းကြမည့်သူများ ဖြစ်မည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
 
ထို့ပြင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “လွှတ်တော် ဆက်ပြီးကျင်းပတဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဆက်ပြီး ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ပါမယ်။ ပြီးတာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ (ခ)နဲ့ ဆိုင်တဲ့ ကိစ္စများကတော့ လွှတ်တော်အတွင်းမှာ ဆက်လက်ဆောင်ရွက်ပြီး အကယ်လို့များ ၄၃၆ (က) များပါလာတယ်ဆိုရင်တော့ အမျိုးသားဆန္ဒခံယူပွဲ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ နေရာမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီနဲ့ အလွန်ဆုံး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကာလအတွင်းမှာ ပြီးမြောက်အောင် ဆောင်ရွက်ဖို့ မျှော်မှန်းထားရှိပါတယ်”ဟု ပြောကြားခဲ့ကြောင်း ဗွီအိုအေ မြန်မာပိုင်းတွင် ဖော်ပြထားချက်အရ သိရသည်။
 
ရွေးကောက်ပွဲပြီးနောက် ထွက်ပေါ်လာမည့် ရွေးကောက်ပွဲရလဒ်သည် လက်ရှိမြန်မာအစိုးရခေါင်းဆောင်များနှင့် စစ်တပ်က မကြိုက်နှစ်သက်သည့် အဖြေထွက်ရှိလာမည်ဆိုပါက လက်ခံမည်လားဆိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်သူ၏ဆန္ဒကို မိမိတို့ အလေးထားရမည်ဖြစ်ကြောင်း၊ ပြည်သူ၏ ရွေးချယ်မှုကို မိမိတို့ အတည်ပြုပေးရမည် ဖြစ်ကြောင်းနှင့် ထိုမှသာ ပြည်သူ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း  ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဖြေကြားခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ 
 
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက အမေရိကန်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ယခုခရီးစဉ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ကာ မေ ၇ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။          

Most Read

Most Recent