ပြည်လုံးကျွတ် သန်းခေါင်စာရင်း နောက်ဆုံးရလဒ် ပင်မအစီရင်ခံစာကို အကြောင်းအရာ ဇယားပေါင်း ၆၅ ခုဖြင့် မေလနောက်ဆုံးပတ်တွင် ထုတ်ပြန်မည်

ပြည်လုံးကျွတ် သန်းခေါင်စာရင်း နောက်ဆုံးရလဒ် ပင်မအစီရင်ခံစာကို အကြောင်းအရာ ဇယားပေါင်း ၆၅ ခုဖြင့် မေလနောက်ဆုံးပတ်တွင် ထုတ်ပြန်မည်
Published 30 April 2015
ဇာလီမြင့်ဦး

ပြည်လုံးကျွတ် သန်းခေါင်စာရင်း နောက်ဆုံးရလဒ် ပင်မအစီရင်ခံစာကို လူဦးရေနှင့် သက်ဆိုင်သော အကြောင်းအရာ ဇယားပေါင်း ၆၅ ခုဖြင့် ၂၀၁၅ မေလနောက်ဆုံးပတ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။အရပ်ဘက် အဖွဲ့အစည်းများက မေလကုန်တွင် ထုတ်ပြန်မည့် ၂၀၁၄ ပင်မသန်းခေါင်စာရင်းရလဒ်မှ လူထုအမြင် လွဲမှားစေနိုင်သည့် အချက်များနှင့် ပတ်သက်၍ အသိပေး ရှင်းလင်းမှုများကို ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) နှင့်ပူးပေါင်း၍ စတင်ပြုလုပ်နေကြောင်းလည်း သတင်းရရှိသည်။ပင်မသန်းခေါင်စာရင်း ရလဒ်ထွက်ရှိပါက အဆိုပါရလဒ်ပါ အချက်အလက်များနှင့် ပတ်သက်၍ ကောက်ယူခဲ့ပုံ အဆင့်ဆင့်နှင့် လူထုအထင်အမြင် လွဲမှားစေနိုင်သည့် အချက်အလက် ပါဝင်ခဲ့ပါက မည်သည့်အတွက် ကွဲလွဲမှုများ ရှိရခြင်း အကြောင်းများကို အသိပေးသည့် အနေဖြင့် ယခုကဲ့သို့ ကြိုတင်ရှင်းလင်း အသိပေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။  ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဖန်တီးအိမ်မှ အစီအစဉ်မန်နေဂျာ မခင်လေးငယ်က “အစိုးရက ၂၀၁၄ သန်းခေါင်စာရင်း ရှေ့ပြေးထုတ်ပြန်တဲ့ဟာက ကျား၊ မ စာရင်းပဲ ရှိသေးတယ်။ အသေးစိတ် အချက်အလက်တွေကို မေလနောက်ဆုံးပတ်လောက်မှာ ထုတ်မယ်။ မထုတ်ခင်မှာ လူထုကို သင်တန်းတွေပေးပြီးတော့ ဒီသန်းခေါင်စာရင်းကို သူတို့ ဘယ်လိုအဆင့်ဆင့်တွေ ကောက်ယူခဲ့ပါတယ်။ အဲဒီအထဲမှာ လူထုအမြင်လွဲမယ့် အချက်တွေ ပါခဲ့ရင် ဘယ်လိုအခြေအနေကြောင့် ဘယ်လိုဖြစ်ခဲ့ပါတယ်။ အဲ့ဒီလိုပေါ့ လူထုအမြင်မလွဲအောင် သူတို့က ပြန်ပြီးတော့ အသိပေးတဲ့ သဘောမျိုး လုပ်စေချင်တာပေါ့။ ဒီ့အတွက် UNFPA က ကျွန်မတို့ အရပ်ဘက် အဖွဲ့အစည်းတွေကို သင်တန်းပေးတယ်။ ဒီတော့ ကျွန်မတို့ ဖန်တီးအိမ်ကလည်း UNFPA နဲ့ပေါင်းပြီးတော့ အဲဒီရှင်းလင်းမှုနဲ့ ပညာပေးသင်တန်းတွေကို လိုက်လုပ်ခြင်းဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့ အနေနဲ့ဆိုရင် ရှင်းလင်းပွဲရှစ်ခု လုပ်သွားမှာ ဖြစ်တယ်” ဟု ပြောကြားသည်။အရပ်ဘက် အဖွဲ့အစည်းများ၏ သန်းခေါင်စာရင်းနှင့် ပတ်သက်၍ အသိပေးရှင်းလင်းမှုများအား ၂၀၁၅ မတ်လကတည်းက စတင်ပြုလုပ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကလည်း “သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းမှုတွေကို UNFPA က သင်တန်းတွေ ပေးတယ်။ INGOs အဖွဲ့တွေ၊ စေတနာ လုပ်အားပေးတွေပေါ့။ UNFPA နဲ့ ပေါင်းပြီးတော့ INGOs ပထမ ၁၇ ဖွဲ့၊ နောက် ၁၀ ဖွဲ့နဲ့ပေါင်းပြီးတော့ စုစုပေါင်း ၂၇ ဖွဲ့ပေါ့။ သူတို့က တိုင်းနဲ့ ပြည်နယ်ကနေ မြို့နယ်အဆင့်အထိ သန်းခေါင်စာရင်းအကြောင်းလည်း ရှင်းလင်းပြောကြားနေခြင်းဖြစ်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အဲဒီအဖွဲ့တွေကနေတစ်ဆင့် လိုက်ပြီးတော့ နောက်သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက် စာအုပ်လေးတွေနဲ့ သန်းခေါင်စာရင်းဆိုင်ရာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ CD တွေကို ဖြန့်ဝေနေတယ်” ဟု ပြောကြားသည်။မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၃၀ ကျော်ကြာမှ ပြန်လည်ကောက်ယူခြင်း ပြုလုပ်ခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ၂၀၁၄ ခုနှစ်မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ပြုလုပ်ခဲ့ပြီး အဆိုပါသန်းခေါင်စာရင်း ရည်ညွှန်းချိန် ကာလအတွင်း မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၄ သန်းကျော် နေထိုင်လျက်ရှိကြောင်း သန်းခေါင်စာရင်း ရှေ့ပြေးရလဒ်အဖြစ် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ၂၀၁၄ သြဂုတ် ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူစဉ် ကာလအတွင်း မေးမြန်းသည့် မေးခွန်းများအပေါ် အမှန်တကယ်လိုအပ်ခြင်း ရှိ၊ မရှိအပေါ် အရပ်ဘက် အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့များနှင့် ပြည်သူအချို့က မေးခွန်းထုတ်မှုများ ရှိခဲ့သလို ရှေ့ပြေးသန်းခေါင်စာရင်းရလဒ် ထုတ်ပြန်စဉ်ကလည်း သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက် အချို့အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။

Most Read

Most Recent