လာမည့်လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းအပါအဝင် ဥပဒေကြမ်းများကို အဓိကထားဆောင်ရွက်မည်

လာမည့်လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းအပါအဝင် ဥပဒေကြမ်းများကို အဓိကထားဆောင်ရွက်မည်
Published 28 April 2015
စိုးမင်းထိုက်

မေ ၁၁ ရက် လွှတ်တော်အစည်းအဝေးများပြန်စချိန်တွင် မပြီးပြတ်သေးသည့် ဥပဒေကြမ်းများကို အဓိကထားဆောင်ရွက်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ရန်မှာ အရေးကြီးဆုံးဥပဒေဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဧပြီ ၂၈ ရက်တွင် ပြောကြားသည်။ဒေါက်တာမြတ်ဉာဏစိုးက "အခုပြန်လည်ကျင်းပမယ့် (၁၂) ကြိမ်မြောက်အစည်းအဝေးမှာတော့ ဥပဒေတွေကိုပဲ အဓိကထားဆောင်ရွက်ဖို့ရှိပါတယ်။ ဥပဒေကြမ်းပူးပေါင်းကော်မတီအနေနဲ့လည်း အရေးအကြီးဆုံးဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆောင်ရွက်ရဦးမှာပါ။ ဒါကတော့ ပြည်ထောင်စုလွှတ်တော်ကို တိုက်ရိုက်တင်ရမှာကိုး။ ဥပဒေကြမ်းပူးပေါင်းကော်မတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဓိကထားဆောင်ရွက်သွားဖို့ရှိပါတယ်" ဟုပြောကြားသည်။လက်ရှိဆောင်ရွက်နေသည့် ဥပဒေများအပြင် အသစ်တင်လာမည့် ဥပဒေကြမ်းများကိုလည်း ယခုအကြိမ်တွင် အပြီးဖြတ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် လွှတ်တော်အစည်းအဝေးများမှာ ရှိချင်မှရှိတော့မည်ဖြစ်သည့်အတွက်ဖြစ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ အပြီးဖြတ်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပထမအကြိမ်မှာ အတည်မပြုနိုင်ဘဲ ကျန်ခဲ့သည့်ဥပဒေများရှိမည်ဆိုပါက နောက်တစ်ကြိမ်သက်တမ်းတွင် အခက်အခဲများရှိလာနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လွှတ်တော်ကိုယ်စားလှယ်များလည်း ပြောင်းကုန်ပြီး အားလုံးပြောင်းသွားပြီဆိုရင် အဆက်အစပ်မရှိဖြစ်သွားနိုင်ကြောင်း၊ ထို့အတွက် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ဥပဒေများကို ပြီးပြတ်အောင် ဆောင်ရွက်သွားရန်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။"ဒီတစ်ခေါက်မှာ အပြီးအပြတ်ဆောင်ရွက်ရမှာကတော့ အသစ်တင်လာမယ့် ဥပဒေလေးခုရှိတယ်။ အဲဒါတွေကတော့ မူပိုင်ခွင့်ဥပဒေတွေပေါ့။ အဲဒီဥပဒေတွေကလည်း လုပ်ကိုလုပ်ရမယ်။အဲဒါမှလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက မြန်မာနိုင်ငံမှာလုပ်ရဲမှာပေါ့။ အဲဒီဥပဒေတွေက အကာအကွယ်ပေးရမယ့်ဥပဒေတွေပေါ့။ လွှတ်တော်နှစ်ရပ်ကို ဥပဒေနှစ်ခုစီခွဲပြီးရောက်လာမှာပဲ။ ဒါကလည်း ဦးစားပေးဆောင်ရွက်ရမယ့်ဥပဒေထဲမှာပါတာပေါ့" ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။မေ ၁၁ ရက်တွင် လွှတ်တော်အစည်းအဝေးများ ပြန်လည်စတင်ချိန်တွင် အမျိုးသားလွှတ်တော်အနေဖြင့် အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း၊ မျိုးစောင့်ဥပဒေကြမ်းများ၊ မူပိုင်ခွင့်ဥပဒေကြမ်းများ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ပီအာရ်စနစ်ကျင့်သုံးရေးဥပဒေကြမ်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းများ စသည်ဖြင့်ဆွေးနွေးရန် ဥပဒေကြမ်းများကျန်ရှိနေကြောင်း သိရသည်။"အမျိုးသားလွှတ်တော်အနေနဲ့ အစိုးရအောင်ဘာလေထီကိစ္စရှိမယ်။ အဲဒါကလည်း နည်းနည်းဂယက်ရိုက်နေတာရှိတယ်။ ထီလုပ်ငန်းရှင်တွေဘက်ကလည်း တစ်ချိန်တစ်ခါတုန်းကတော့ အမြတ်တွေတင်ပြီး လုပ်ခဲ့တာတွေရှိခဲ့တယ်။ အခုဥပဒေအတွက် အလယ်အလတ်ဖြစ်အောင်လုပ်ရမှာပေါ့။ အရမ်းချုပ်လိုက်လို့လည်း မဖြစ်ပြန်ဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လေးလုပ်ဖြစ်မယ်။ ထီလုပ်ငန်းရှင်တွေလည်း ဖိတ်ကြားပြီးတော့ပေါ့။ ကြားနာမှုတွေလုပ်ဖြစ်မယ်" ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။အမျိုးသားလွှတ်တော်ပြန်စချိန်တွင် အရေးကြီးဆုံးဆောင်ရွက်ရမည့်ဥပဒေကြမ်းမှာ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းဖြစ်ကြောင်း၊ ထို့အပြင် လက်ရှိဆောင်ရွက်ပြီး ကျန်နေသည့် ဥပဒေများလည်းရှိကြောင်း သိရသည်။ပြီးခဲ့သည့် (၁၁) ကြိမ်မြောက်အစည်းအဝေး၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကိုပြင်ဆင်သည့်ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့နှင့်အညီ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး၌ တင်သွင်းဆွေးနွေးနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ရေးအဆိုကို အတည်ပြုပြီးဖြစ်သဖြင့် လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဥပဒေကြမ်းအား သက်ဆိုင်ရာအဖွဲ့များက ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။လွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းမတင်မီ ဒုတိယအကြိမ်မြောက် ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ကိုယ်စားလှယ်အချို့က ခန့်မှန်းကြသည်။    ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၅ မေလအတွင်းဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အချိန်ဇယားသတ်မှတ်ပေးထားသည်။ ၎င်းသတ်မှတ်ထားသည့်အချိန်ဇယားမှာ လက်ရှိအနေအထားအရ ဖြစ်နိုင်ဖွယ်မရှိတော့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က သုံးသပ်ထားသည်။၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပရန် ခြောက်လကျော်သာလိုအပ်တော့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန်အချိန်မှာ နည်းပါးနေပြီဖြစ်သဖြင့် မကြာမီပြန်စမည့် လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာကိစ္စများကို မဆောင်ရွက်နိုင်ပါက လက်ရှိလွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်နိုင်ရန် အခွင့်အလမ်း အလွန်နည်းပါးသွားမည်ဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာသုံးသပ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ သူရဦးအေးမြင့်က ၂၀-၃-၂၀၁၃ တွင် အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုအား ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်ကထောက်ခံခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီက ၃၁-၁-၂၀၁၄ တွင် အစီရင်ခံစာတင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဆက်လက်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။    ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာအစီရင်ခံစာကို တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉(စ)အပါအဝင် ပုဒ်မပေါင်း ၂၁၀ အား ပြင်ဆင်ရန် အကြံပြုခဲ့သည်။

Most Read

Most Recent