ရင်ဘတ်အောင့်၍ လာရောက်ပြသသည့် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး၏ ရင်သားကို ကိုင်တွယ်ခဲ့မှုအတွက် မြန်မာဆရာဝန်တစ်ဦးကို အင်္ဂလန်တရားရုံးက ထောင်ဒဏ် ၁၈ လ ချမှတ်လိုက်ကြောင်း သတင်းက ဗြိတိန်နိုင်ငံ၏ Daily Mail သတင်းဌာနဝက်ဘ်ဆိုက်၌ ပေါ်လာသည်။ အသက် ၄၃ နှစ်အရွယ်ရှိ မြန်မာဆရာဝန် ဒေါက်တာအံ့ထွန်းမောင်ကို ၂၀၁၂ ခုနှစ်က တက်ဆိုက်ဆေးခန်းတွင် အသက် ၁၉ နှစ် အရွယ် မိန်းကလေးလူနာတစ်ဦးကို ဆေးကုသစဉ် ယင်းကဲ့သို့ ပြုလုပ်ခဲ့သည်ဟုဆိုကာ အင်္ဂလန်နိုင်ငံ ဒါဟမ်းခရောင်းတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ စက် တင်ဘာလကလည်း ၁၅ နှစ်အရွယ် မိန်းကလးတစ်ဦးကို မဖွယ်မရာစမ်းသပ်မှုဖြင့် အခြားတရားရုံးတစ်ခုက ဒေါက်တာအံ့ထွန်းမောင်ကို စစ်ဆေးခဲ့ပြီး အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
ဒေါက်တာအံ့ထွန်းမောင်သည် နာမည်ကျော် စာရေးဆရာမ လွန်းထားထား၏ ခင်ပွန်းဖြစ်နေသောကြောင့် ယင်းအမှုကို မြန်မာနိုင်ငံမှလူများ ပို၍စိတ်ဝင်စားခဲ့ကြသည်။ Facebook ကဲ့သို့သော လူမှုရေးမီဒီယာတွင် အစပထမ၌ မည်သူမည်ဝါမှန်းပင် မဖော်ပြကြဘဲ တစ်စွန်းတစ်စ ထွက်ပေါ်လာရာမှ သတင်းဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးမျိုးဝေဖန်မှုများကို Facebook စာမျက်နှာများ၌ တွေ့ရှိရသည်။ ကာယကံရှင်နှင့် သူ၏ မိသားစု၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားကာ ရေနစ်သူဝါးကူ၍ ထိုးသော ဆိုးဆိုးရွားရွား ဝေဖန်မှုများကိုလည်း တွေ့ရှိရသည်။ ယင်းနှင့်ပတ်သက်၍ “ဗမာဆရာဝန်များ” ဟူသည့် “ Group Page ” တွင် (ဒေါက်တာ) Zaw Myo Htet က ယခုကဲ့သို့ သတိပေးခဲ့သည်ကို တွေ့ရသည်။
“ဒေါက်တာ အံ့ထွန်းမောင်နဲ့ပတ်သက်ပြီး ယူကေမှာ မိသားစုဆရာဝန်လုပ်ရတဲ့ ဒုက္ခကို အသေးစိတ်မသိဘဲ ဝင်ပြောနေတဲ့ ဖွသူတွေကို အံ့သြမိပါတယ်။ ရှင်းရှင်းပြောရရင်တော့ ကိုယ့်လူမျိုးဆရာဝန်တစ်ဦးက သူများနိုင်ငံမှာ မတရားအစွပ်စွဲခံရပြီး မိသားစုတစ်ခုလုံး ခံစားနေရတယ်။ သူနဲ့အတူတူ အလုပ်လုပ်ခဲ့တဲ့ နိုင်ငံခြားသားတွေကတောင် အတတ်နိုင်ဆုံး အကူအညီပေးနေပြီးတော့ စိတ်မကောင်းဘူး။ သူတို့ဘာလုပ်နိုင်သလဲ။ ပြောပါလို့ ဆိုနေကြတယ်။ နိုင်ငံခြားသား ဆရာဝန်တွေတောင် မယုံကြည်နိုင်အောင် ဖြစ်နေတယ်။
ကိုယ့်လူမျိုးတွေက ရမ်းသမ်းပြီး ဝင်စွပ်စွဲနေကြတယ်”။
ဒေါက်တာဇော်မျိုးထက်၏ ရေးသားချက်အရ ဒေါက်တာအံ့ထွန်းမောင်နှင့်အတူ အလုပ်လုပ်ခဲ့ဖူးသည့် အင်္ဂလိပ်အမျိုးသမီး ဂျီပီဆရာဝန်များသည်ပင်လျှင် အလွန်စိတ်မကောင်းဖြစ်ကာ အယူခံဝင်ရန်အတွက် ဝိုင်းဝန်းကူညီပေးရန် ကြိုးပမ်းနေကြကြောင်း သိရသည်။
အမှုဖြစ်စဉ်နှင့်ပတ်သက်၍ Zaw Ye Aung အမည်ဖြင့် Facebook စာမျက်နှာတွင် ယခုကဲ့သို့ တင်ထားသည်ကို တွေ့ရှိရသည်။
“ဒေါက်တာအံ့ထွန်းမောင် အမှုစစ်ဆေးခြင်းနှင့် ပတ်သက်၍ ရဲ၊ တရားရုံး၊ ရှေ့နေတို့၏ လုပ်ပုံကိုင်ပုံအချို့ နည်းနည်းပြောပြပါမည်။ ယခုအမှုကို ရဲက စတင်ကိုင်တွယ်စစ်ဆေးသည်မှာ ၂၀၁၃ စက်တင်ဘာမှ ၂၀၁၄ အောက်တိုဘာ တရားရုံးတင်သည်အထိ ဖြစ်ပါသည်။
ပဏာမ ရဲက စစ်ဆေးသည်မှာ ဖြစ်စဉ်တကယ် ဟုတ်နိုင် မဟုတ်နိုင်ဖြစ်သည်။ တကယ်ဖြစ်ခဲ့သည်ဟု ရဲက ယုံကြည်လျှင် တရားစွဲ၍ရအောင် စွပ်စွဲခံရသူ ပြစ်ဒဏ်ခံရအောင် အမှုကို တစ်နှစ်တိတိ စစ်ဆေး တည်ဆောက်နေခဲ့ပါသည်” ဟု ဖော်ပြထားသည်။
ဆက်လက်၍ “ရဲက အမှုတည်ဆောက်ရာတွင် ၂၀၁၃ စက်တင်ဘာက ဖြစ်ခဲ့သော ၁၅ နှစ်အရွယ် မိန်းကလေးအမှုကို ပို၍ အလေးပေးခဲ့သည်ဟု မြင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဒေါက်တာအံ့ထွန်းမောင် ဆေးခန်းမှထွက်လာပြီး ချက်ချင်း သားအမိနှစ်ဦးက ဆေးခန်းအုပ်ချုပ်ရေးမှတစ်ဆင့် ရဲကို တိုင်ကြားခဲ့သောကြောင့် ဖြစ်သည်။
၁၅ နှစ်အရွယ် မိန်းကလေးအမှုတွင် အဓိကကျသောကိစ္စမှာ ဒေါက်တာအံ့ထွန်းမောင်သည် ရင်သားကို မဖွယ်မရာကိုင်တွယ်ခြင်း၊ လိင်စိတ်နိုးကြွကာ လိင်အင်္ဂါနိုးထလာသည်ဟု ကောင်မလေးရော သူ့အမေပါ ထွက်ဆိုထားသည်။ ဒေါက်တာအံ့ထွန်းမောင်၏ ရှေ့နေက ဘောင်းဘီအိတ်ထဲရှိ ဖုန်းကဲ့သို့ သောအရာကြောင့် အထင်အမြင်မှားမှု ဖြစ်နိုင်သလားဟု ပြန်လှန်မေးခွန်းချေပမှုနှင့် မလုံလောက်သည်ကို သိသဖြင့် ဇနီးသည်ဖြစ်သော လွန်းထားထား၏ ရဲရှေ့မှောက် ကျမ်းကျိန်ထွက်ဆိုချက်ကိုပါ တရားရုံးတွင် သက်သေအဖြစ် တင်သွင်းခဲ့သည်ကို တွေ့ရှိရပါသည်။
လွန်းထားထား၏ ထွက်ဆိုချက်အရ ၂၀၁၃ ဧပြီမှ ၂၀၁၄ နှစ်ဆန်းပိုင်း သူတို့ ဇနီးမောင်နှံ အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်း ခရီးစဉ်မှ ပြန်လာချိန်အထိ ခင်ပွန်းဖြစ်သူ ဒေါက်တာအံ့ထွန်းမောင်သည် လိင်စိတ်နိုးထရန် ခက်ခဲသည့် ရောဂါဝေဒနာခံစားနေရပြီး နိုးထမှုသည် စက္ကန့်အနည်းငယ်အတွင်း ပျက်ပြားသွားသည့် အခြေအနေရှိကြောင်း ထွက်ဆိုခဲ့ပါသည်။ ထိုထွက်ဆိုချက်၏ ထင်ရှားစေလိုသောအချက်မှာ တိုင်ကြားသူသား အမိနှစ်ဦးထွက်ဆိုသော ဒေါက်တာအံ့ထွန်းမောင် လိင်စိတ်နိုးထနေသည်ဆိုသည့် အချိန်အတိုင်းအတာမှာ မဖြစ်နိုင်ကြောင်း ဂျူရီလူကြီးများ သိသာစေရန်ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။
“ဗမာဆရာဝန်များ” Page ၌ပင် (ဒေါက်တာ) Thet Mg ၏ ရေးသားချက်အရ အမျိုးသမီးလူနာအား စမ်းသပ်လျှင် သူနာပြု အမျိုးသမီးတစ်ဦး ထားရှိရမည်ဖြစ်ကြောင်း၊ မရှိလျှင် ဆရာဝန်ဘက်၌ သက်သေမရှိတော့ကြောင်းနှင့် ဥပဒေအရ အမျိုးသမီးတစ်ဦးသည် မိမိ၏အရှက်ကို မငဲ့ကွက်ဘဲ ထွက်ဆိုလျှင် ယင်းထွက်ဆိုချက်သည် ခိုင်လုံသော သက်သေဖြစ်ကြောင်း သိရှိရသည်။ သူ၏ ဆက်လက်ရေးသားချက်အရ မိန်းကလေးသည် Prostitue ကဲ့သို့ အကျင့်စာရိတ္တ မကောင်းသူဖြစ်ပါက ဆရာဝန်နိုင်မည် ဖြစ်သော်လည်း မိန်းကလေးသည် မိကောင်းဖခင်သားသမီးဖြစ်ခဲ့ပါက ဆရာဝန်ရှုံးမည်ဖြစ်ကြောင်း၊ ဗီဒီယိုမှတ်တမ်းရှိပါက လွတ်နိုင်ကြောင်း သိရသည်။
သို့သော် ဒေါက်တာအံ့ထွန်းမောင်နှင့် ဆေးကျောင်း၌ တစ်တန်းတည်းအတူတူတက်ခဲ့ပြီး ယူကေ၌ပင် သွားရောက်အလုပ် လုပ်ကိုင်နေသူ ဒေါက်တာအောင်အောင်လွင်က ယခုကဲ့သို့ ရေးသားထားသည်ကို တွေ့ရှိရသည်။
“ယူကေမှာ ဂျီပီ မလုပ်ဖူးတဲ့သူတွေ နားလည်ဖို့ မလွယ်ဘူး။ လူနာကို စီစီတီဗွီ၊ ဓာတ်ပုံ၊ ဗီဒီယို လုံးဝရိုက်ခွင့်မရှိဘူး။ MRCGP စာမေးပွဲအတွက် Consultation Record လုပ်ရင် သေသေချာချာ Consent ယူရတယ်။ ကိုယ်ပိုင်ကင်မရာ၊ ဖုန်းမှာ ကူးလို့မရဘူး။
ဂျီပီမှာ သူနာပြု Clinic Nurse ဆိုတာ ဆေးရုံတွေလို ခန့်မထားကြဘူး။ Chaperone ဆိုတာ အမြဲခေါ်ထားဖို့ မလွယ်ပါဘူး။ လိုအပ်ရင် Receptionist ကို ခဏခေါ်ရပါတယ်။ အခုလို သက်သေ Chaperone မရှိတဲ့ ကိစ္စမှာ ပြောချင်တာ ပြောလို့ရပါတယ်။
ဘယ်သူမှန်တယ်ဆိုတာ သက်သေပြလို့ မရပါဘူး။ ဒီလိုအမှုမျိုးမှာ ဂျူရီက အရေးကြီးပါတယ်။ ဂျူရီဆိုတာ ဒေသခံထဲက စိတ်ဝင်စားတဲ့သူတွေကို Random ရွေးထားတာပါ။ ဒီလိုအခါမှာ ဒေသခံလူတွေရဲ့ လက်ရှိခံယူချက် စိတ်နေစိတ်ထားက အရေးပါတယ်။
ဂျူရီဆိုတဲ့ ဒေသခံတွေရဲ့ စိတ်ထဲမှာ Preoccupied (ကြိုတင်နေရာယူထားနှင့် ပြီးသား) အချက်တွေ ရှိနေမယ်ဆိုရင် ဒီလို စွပ်စွဲမှုမျိုးကို ဘက်မလိုက်ဘဲ ဆုံးဖြတ်ချက်ပေးဖို့ဆိုတာ သိပ်မလွယ်ပါဘူး” ။
ဒေါက်တာဇော်မျိုးထက်က တရားရင်ဆိုင်ရာတွင် ဒေါက်တာအံ့ထွန်းမောင်၏ ရှေ့နေအနေဖြင့် အားနည်းချက်များစွာရှိကြောင်း ယခုကဲ့သို့ ရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။
“သူ့မှာ အမှားရှိတယ်ဆိုရင်တော့ အဲဒီအမှားက အင်္ဂလန်တရားရုံးဆိုတာ အမှန်အတိုင်းပဲ လုပ်လိမ့်မယ်လို့ ရိုးရိုးသားသားနဲ့ ယုံခဲ့မိတဲ့ အမှားပါပဲ။ သူ့ရှေ့နေက ဘယ်လောက်အားနည်းသလဲဆိုတာကို ကိုယ်တိုင်အတွေ့အကြုံအရ ဥပမာပြမယ်။ Character Reference လို့ ခေါ်တဲ့ တရားခံအတွက် တောင်းတဲ့အကျင့်စာရိတ္တကောင်းကြောင်း စာတွေကို သက်ဆိုင်သူအသီးသီးက ရှေ့နေဆီကို အစောကြီးက ပို့ထားခဲ့ကြတယ်။ နောက်ဆုံးအချိန်နားကပ်မှ လက်မှတ်ထပ်ထိုးဖို့ တောင်းတယ်။ ပြီးတော့ ပို့လိုက်တဲ့ဟာက အမှားကြီး။ ပြီးတော့ တစ်ခါထပ်ပို့ ရပြန်ရော။ ထောင်ချဖို့ အမိန့်ချခါနီးတော့လည်း ထိုနည်းလည်းကောင်းပဲ။ သူ အလုပ်လုပ်ခဲ့တဲ့ ဆေးခန်းက အင်္ဂလိပ်တွေကတောင် Petition လုပ်ကြမလားဆိုတော့ မြန်မာတချို့ကလည်း လူသိရှင်ကြားဖြစ်သွားပြီး ပိုဆိုးမှာစိုးလို့ မလုပ်ခဲ့ကြဘူး။ ဒီနေရာမှာ လူအများသိသင့်တာကတော့ အခင်းဖြစ်ပွားတဲ့ ဆေးခန်းဟာ Locum GP ။ သူလုပ်နေကျ ဆေးခန်းမဟုတ်တော့ အဲဒီက ဝန်ထမ်းတွေရဲ့ ထောက်ခံမှုက မရခဲ့ဘူး။ သူနဲ့အရင်က နှစ်နှစ်အလုပ်လုပ်ခဲ့ဖူးတဲ့ ဆေးခန်းနဲ့ ဆေးရုံက အင်္ဂလိပ်လူမျိုးတွေ အပါအဝင် တခြားလူမျိုး လုပ်ဖော်ကိုင်ဖက်တွေက သူ့အတွက် လိုလိုလားလား ထောက်ခံပေးခဲ့ကြတယ်”
ယင်းအမှုနှင့် ပတ်သက်၍ (ဒေါက်တာ) ဆောင်းဦးလှိုင်ကလည်း ယခုကဲ့သို့ ရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။
“ကျွန်တော် ဆရာအံ့နဲ့ ပတ်သက်တဲ့ Data တချို့ တိတိကျကျ ရထားပါတယ်။ နောက်ဆုံး အမိန့်ချချိန်မှာ အနီးကပ်ရှိနေခဲ့တဲ့ ဒေါက်တာသန့်လှိုင်ဦးနဲ့ မိသားစုဆီက ရပါတယ်။ (၁) ဒီအမှုမှာ မျက်မြင်သက်သေ လုံးဝမရှိပါဘူး။ ဒါကြောင့် ရင့်သီးစွာ ဝေဖန်နေတာတွေ ရပ်တန့်ပေးကြပါ။ (၂) မျက်မြင်သက်သေမရှိလို့ ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေဟာ အမှုကို အဓိကဆုံးဖြတ်ပေးသလို ဖြစ်ခဲ့ရပါတယ်။ (၃) ဆရာအံ့တို့က ငွေအများကြီးပေးရတဲ့ ကောင်းတဲ့ရှေ့နေ မငှားနိုင်ခဲ့ပါ။ နှစ်စဉ်ပေးဆောင်ထားတဲ့ Legal Insurance Company က လွှတ်လိုက်တဲ့ ရှေ့နေနဲ့ အမှုရင်ဆိုင်တာ။ ဆရာအံ့က သူမကျူးလွန်ခဲ့တော့ ယုံကြည်မှုအပြည့်ရှိပြီး ရှေ့နေကိစ္စ သိပ်အာရုံမထားခဲ့ပါ။ (၄) တရားသူကြီးနဲ့ Jury ကလည်း မျက်မြင်သက်သေမရှိတဲ့အခါ လူဖြူတွေဘက်ကို အလေးပိုခဲ့ပါတယ်။ ရှေ့နေလျှောက်လဲချက်တွေလည်း နားထောင်တာပေါ့။ ဒါပေမဲ့ ဆရာအံ့ ရှေ့နေ က မစွံ။ (၅) မိသားစု ဆွေမျိုးများ၊ သူငယ်ချင်းများ ငွေစုပြီး ရှေ့နေကောင်းကောင်းနဲ့ ပြန်ရင်ဆိုင်ပါတော့မယ်။ စရိတ်က ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ မကြားဖူးတဲ့ တစ်နာရီကို ပေါင် ၂၀၀၀ လောက်ရှိမယ်တဲ့ဗျာ”။
အဆိုပါအမှုကိစ္စနှင့်ပတ်သက်၍ ဆေးပညာကျင့်ဝတ်ဆိုင်ရာ ဆောင်းပါးများ ရေးသားသူ ဒေါက်တာမြင့်ဦး (GP) နှင့်လည်း The Daily Eleven သတင်းစာက တွေ့ဆုံမေးမြန်းခဲ့သည်။ ဒေါက်တာမြင့်ဦးက “ရင်ဘတ်အောင့်တာကို လူနာက လာတယ်။အဲဒါကို ဘရာစီယာကို ချွတ်ပြီးတော့ စမ်းသပ်ကိုင်တွယ်ရင်းနဲ့ ရင်သားကို ထိတယ်။သက်သက်ပဲ ထိတာလား၊ စမ်းသပ်ရင်း ထိတာလားတော့ သိပ်မရှင်းဘူးပေါ့။ ကောင်မလေးဘက်က တိုင်တယ်။ အမှုဖြစ်တယ်။ နောက်ပိုင်း သူ့ကို ထောင်ချတယ်။ ထောင်ချတယ်ဆိုတာကလည်း ဒီဆရာဝန်က ဘာသာတရားလည်း ကိုင်းရှိုင်းတယ်။ နဂိုကတည်းက လူတွေကိုလည်း အရမ်းကူညီတယ်။ သူက နာမည်ပျက်မရှိဘဲ လူတွေကလည်း အင်မတန် ချစ်ခင်လေးစားတဲ့သူဆိုပြီး ပြောကြတယ်။
အမှတ်တမဲ့နဲ့ ဖြစ်သွားတာကို သူတို့ နိုင်ငံသားက ဆရာဝန်ကို သိက္ခာချချင်လို့လား၊ ငွေပဲတောင်းချင်လို့လားတော့ မသိဘူး။ ခုထက်ထိတော့ ငွေကြေးတောင်းတယ်လို့တော့ မကြားသေးဘူးပေါ့” ဟု ပြောကြားခဲ့သည်။
ဒေါက်တာမြင့်ဦးက ဆရာဝန်များအနေဖြင့် သင်ခန်းစာယူရန်လည်း ယခုကဲ့သို့ ပြောကြားခဲ့သည်။ “ဆရာဝန်တွေဘက်ကတော့ သင်ခန်းစာယူရမှာကတော့ အမျိုးသမီးတစ်ယောက်ကို စမ်းတယ်ဆိုရင် အခန်းထဲမှာ အဖော်တစ်ယောက် ကိုယ့်ဘက် သူ့ဘက် ဝန်ထမ်းထားပေးရမယ်။ အခုကတော့ အင်္ဂလန်နိုင်ငံက Consultation Room တွေမှာ လူနာကို တစ်ယောက်ချင်းကြည့်ရတာ။ ဒါကလည်း လူနာရဲ့ Privacy ပေါ့။ လူနာရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် ကြည့်ရတာပေါ့။ အမျိုးသမီးမှာဆိုရင် သူတို့ဘက်က အစောင့်တွေ ထားပေးရတာရှိတယ်။ သူက ရုတ်တရက်မေ့ပြီး မခေါ်ထားမိတာလည်း ဖြစ်နိုင်တယ်။ အဲဒါတော့မသိဘူး။ မြန်မာနိုင်ငံက ဒါကို အတုယူပြီးတော့ တိုင်တောတာတွေ ဖြစ်လာနိုင်တယ်။ ဆရာဝန်တွေဘက်က ပိုပြီးသတိထားရမယ်။ အမျိုးသမီးတွေကို ရင်သားသော်လည်းကောင်း၊ အောက်ပိုင်းသော်လည်းကောင်း စမ်းမယ်ဆိုရင် ခွင့်တောင်းရမယ်။ အမျိုးသမီးအဖော်တစ်ယောက် ထားရမယ်” ဟု ဆိုသည်။
ဒေါက်တာမြင့်ဦးက ပြစ်မှုနှင့် ပြစ်ဒဏ် မမျှတဟု ဝေဖန်မှုနှင့်ပတ်သက်၍လည်း ယခုကဲ့သို့ ရှင်းပြခဲ့သည်။ “မြန်မာဆရာဝန် ဖြစ်သွားတဲ့ကိစ္စကတော့ အမှတ်တမဲ့နဲ့ သူ့ကိုယ်သူ မကာကွယ်လိုက်တော့ ထောင်ချခံရတဲ့အထိ ဖြစ်သွားတယ်။ ပြီးရင် ဒီအလုပ်မလုပ်ရတော့ဘူးဆိုပြီး Criminal List ထဲ ပါသွားတာပေါ့။ သူ့နိုင်ငံရဲ့ ဥပဒေအရလုပ်တာပေါ့။ ပြီးတော့ နောက်ထပ်မလုပ်အောင် မှတ်လောက်အောင် ပြစ်ဒဏ်ပေးတာဆိုတော့ မြန်မာနိုင်ငံကလူအနေနဲ့ကြည့်ရင် ဒါက ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှဘူးလို့ ဆိုနိုင်တာပေါ့။
ဒီအမှုက ခံရတဲ့သူဘက်က ဒီဆရာဝန်အပေါ် လျော်ကြေးတောင်းတာမျိုးတွေ ဖြစ်လာနိုင်တာပေါ့။ ဒီနိုင်ငံအနေနဲ့ကြည့်ရင်တော့ ဒီဥပဒေက များလွန်းတယ် ထင်တာပေါ့။သူ့နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဟုတ်တာပေါ့”။
ယခုကဲ့သို့ ရနိုင်သမျှ အချက်အလက်များကို စုစည်းတင်ပြရခြင်းမှာ ဖြစ်ရပ်တစ်ခုအပေါ် အသေအချာလေ့လာသုံးသပ်ပြီးမှ မျှတမှန်ကန်သော ဝေဖန်မှုမျိုးပြုလုပ်သည့်အလေ့အထ ထွန်းကားလာစေလိုသောကြောင့် ဖြစ်ပါသည်။ မည်သည့်သတင်းကို မဆိုနားစွန်နားဖျားကြားရုံဖြင့် အလွန်ပျံ့နှံ့လွယ်သော လူမှုရေးမီဒီယာများတွင် ထင်ရာမြင်ရာ ဝေဖန်ခြင်းသည် သက်ဆိုင်သူတို့၏ ဂုဏ်သိက္ခာကိုသာမက ရေးသူကိုယ်တိုင်၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်ကျဆင်းစေပြီး မလိုလားအပ်သည့်ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ကို သတိပြုစေလိုသောကြောင့် ဖြစ်ပါသည်။










