အများပြည်သူသိခွင့်သိလမ်းဆိုင်ရာ ဥပဒေပေါ်ပေါက်ရေးဆွေးနွေးပွဲများ OMI အဖွဲ့ မေလတွင်ပြုလုပ်မည်

အများပြည်သူသိခွင့်သိလမ်းဆိုင်ရာ ဥပဒေပေါ်ပေါက်ရေးဆွေးနွေးပွဲများ OMI အဖွဲ့ မေလတွင်ပြုလုပ်မည်
Published 21 April 2015

အများပြည်သူသိခွင့်သိလမ်းဆိုင်ရာ ဥပဒေပေါ်ပေါက်ရေးဆွေးနွေးပွဲများကို လွှတ်တော်စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) က မေလအတွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ လက်ထောက်ဒါရိုက်တာ ကိုထင်ကျော်အေးက ပြောကြားသည်။ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့မှ ဒုတိယဒါရိုက်တာ ကိုထင်ကျော်အေးက "ကျွန်တော်တို့ မေလအတွင်းမှာ Workshop နှစ်ခုလုပ်ဖို့ရှိတယ်။ ဒီဆွေးနွေးပွဲတွေမှာက အထူးသဖြင့် သိခွင့်သိလမ်းနဲ့ဆိုင်တဲ့ဥပဒေတွေမှာ ပါဝင်ရမယ့်အချက်တွေ ပိုပြီးတော့ အသေးစိတ်ထပ်ဆွေးနွေးကြဖို့ရှိတယ်။ နောက်တစ်ခုက ဒီသိခွင့်သိလမ်းကိုတားဆီးထားတဲ့ ဥပဒေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြဖို့ရှိတယ်။ သိခွင့်သိလမ်းဥပဒေနဲ့ သိခွင့်သိလမ်းဆိုင်ရာ Mechanism ပါတဲ့ကိစ္စရပ်တွေကို ပိုပြီးတော့ အသေးစိတ်ဆွေးနွေးသွားဖို့ရှိပါတယ်။ လုပ်မှာက မေလဒုတိယပတ်နဲ့ နောက်ဆုံးပတ်တို့မှာပါ။ ရန်ကုန်မှာပဲလုပ်မှာဖြစ်ပါတယ်" ဟု ဧပြီ ၂၀ ရက်ကပြောကြားသည်။အဆိုပါ အများပြည်သူသိခွင့်သိလမ်းဆိုင်ရာ ဥပဒေပေါ်ပေါက်ရေးဆွေးနွေးပွဲကို အများပြည်သူသိခွင့်သိလမ်းကို အာမခံချက်ပေးမည့်ဥပဒေများပေါ်ပေါက်ရေး၊ ဥပဒေရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များကို ဖော်ထုတ်ရန်နှင့် ဥပဒေရေးဆွဲရာတွင် အဓိကပါဝင်ရန်လိုအပ်သည့် ပုဂ္ဂိုလ်များနှင့်ကဏ္ဍများကို ဖော်ထုတ်ရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။OMI အနေဖြင့် ၂၀၁၅ မတ်လတွင် ပထမအကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ အရပ်ဘက်အဖွဲ့အစည်း၂၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။             အဆိုပါပထမအကြိမ်ဆွေးနွေးပွဲတွင်တက်ရောက်ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက အများပြည်သူသိခွင့်သိလမ်းအတွက် လျှို့ဝှက်ချက်များသတ်မှတ်ရာတွင် ခြွင်းချက်များကို တိကျစွာ ဥပဒေပြဋ္ဌာန်းသတ်မှတ်ပေးရန် လိုအပ်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် အများပြည်သူသိခွင့်သိလမ်း သို့မဟုတ် သတင်းအချက်အလက် လွတ်လပ်စွာရရှိနိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းထားနိုင်ခြင်းမရှိသေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အာမခံချက်ပေးထားသည့်တိုင် သတင်းအချက်အလက်ရပိုင်ခွင့်ကို တိုက်ရိုက်ဖော်ပြသည့် အပိုဒ်မပါဝင်သည်ကိုတွေ့ရကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆွေးနွေးသုံးသပ်ခဲ့ကြသည်။

Most Read

Most Recent