လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့အကြား နှစ်လကျော်အတွင်း တိုက်ပွဲပေါင်း ၂၅၀ ကျော်ဖြစ်ပွားပြီး နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှုများပြား

လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့အကြား နှစ်လကျော်အတွင်း တိုက်ပွဲပေါင်း ၂၅၀ ကျော်ဖြစ်ပွားပြီး နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှုများပြား
Published 21 April 2015
အောင်ဇော်ထွန်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသတွင် ဝင်ရောက်အခြေပြုလှုပ်ရှားနိုင်ရေး ရည်ရွယ်ဆောင်ရွက်နေသည့် ဦးဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့ (MNDAA) နှင့် အစိုးရတပ်မတော်တို့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ စတင်တိုက်ပွဲဖြစ်ပွားရာ လက်ရှိအချိန်အထိ တိုက်ပွဲပေါင်း ၂၅၀ ကျော်ဖြစ်ပွားပြီး နှစ်ဖက်စလုံးထိခိုက်ကျဆုံးမှုများပြားခဲ့ကြောင်း သတင်းရရှိသည်။တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်အထိ တပ်မတော်ဘက်မှအရာရှိ၊ စစ်သည်စုစုပေါင်း ၁၂၅ ဦးကျော်ကျဆုံးပြီး ၂၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ၃၆၅ ဦးကျော်ရှိကြောင်း တပ်မတော်၏ သတင်းဖော်ပြချက်များအရ သိရသည်။အလားတူကိုးကန့်အဖွဲ့ဘက်မှကျဆုံးသည့် အလောင်း ၇၄ လောင်းရရှိခဲ့ကြောင်း၊ ဖမ်းမိသူနှင့် အလင်းဝင်သူ ၂၂ ဦးရှိခဲ့ကြောင်း တပ်မတော်၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။ထို့ပြင် ကိုးကန့်အဖွဲ့ထံမှ လက်နက်မျိုးစုံ ၂၂၆ လက်၊ ကျည်မျိုးစုံ ၂၄၆၂၇ တောင့်နှင့် ဗုံးသီးမျိုးစုံ ၂၈၉ လုံးသိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၇၇၆၀၀ ကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးမျိုးစုံသိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်၏သတင်းထုတ်ပြန်ချက်အရ သိရသည်။ကိုးကန့်အဖွဲ့သည် ပြည်ထောင်စုနေ့မတိုင်မီ လောက်ကိုင်မြို့ကိုသိမ်းပိုက်ပြီး နိုင်ငံတော်အစိုးရအား အကျပ်အတည်းဖြစ်စေရေး အကျပ်ကိုင်မှုများပြုလုပ်ရန်ရည်ရွယ်၍ ဖေဖော်ဝါရီ ၉ ရက်မှစတင်ကာ လောက်ကိုင်ဒေသအား တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ လက်ရှိတွင် ကိုးကန့်အဖွဲ့၏ အလစ်အငိုက်တိုက်ခိုက်မှုကို ခုခံရှင်းလင်းနိုင်ခဲ့ပြီး ၎င်းတို့ အဓိကအခြေပြုလျက်ရှိသော တောင်ကုန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ လောက်ကိုင်ဒေသတစ်ခုလုံး၏ အဓိကကျသည့်နယ်မြေများအား သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ ကိုးကန့်အင်အားစုအား ခြေမြန်တပ်မဌာနချုပ် စစ်ကြောင်းများနှင့် နယ်မြေခံစစ်ကြောင်းများက အပြီးအပိုင်ချေမှုန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော ကိုးကန့်အဖွဲ့ (MNDAA) ဘက်မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ရက္ခိုင့်တပ်ဖွဲ့ (AA) တို့ကလည်း ပါဝင်တိုက်ခိုက်ပေးလျက်ရှိပြီး TNLA အဖွဲ့မှာ အစိုးရနှင့် အပစ်ရပ်စဲရေးတစ်ကြိမ် ဆွေးနွေးဖူးသော်လည်း AA နှင့် MNDAA တို့ကို အစိုးရကဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုမထားပေ။

Most Read

Most Recent