ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားများ ရန်ကုန်မြို့၌ပြုလုပ်ရာ တက်ရောက်သူများပြား

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားများ ရန်ကုန်မြို့၌ပြုလုပ်ရာ တက်ရောက်သူများပြား
Published 21 April 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားများကို ဧပြီ ၂၁ ရက်က ရန်ကုန်မြို့၌ပြုလုပ်ရာ တက်ရောက်သူများပြားခဲ့သည်။    ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ကိုရည်စူး၍ ၎င်း၏မိသားစုဝင်များက သံဃာတော်များအား ဆွမ်းကပ်ခြင်းအခမ်းအနားကို ဧပြီ ၂၁ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ မဟာစည်သာသနာ့ရိပ်သာ၌ပြုလုပ်ရာ ဟံသာဝတီဦးဝင်းတင်၏ လုပ်ဖော်ကိုင်ဖက်များ၊ ၎င်းကို လေးစားချစ်ခင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။    ထို့နောက် ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ကျင်းပရာ ဟံသာဝတီဦးဝင်းတင်၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံရေးပါတီအချို့မှဦးဆောင်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ စာပေပညာရှင်များ၊ အနုပညာရှင်များနှင့် ဟံသာဝတီဦးဝင်းတင်အား လေးစားသူများ တက်ရောက်ခဲ့ကြသည်။    အဆိုပါအခမ်းအနားတွင် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဦးကျော်အောင်က ဟံသာဝတီဦးဝင်းတင်၏ အတ္ထုပ္ပတ္တိအကျဉ်းကိုဖတ်ကြားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း နာယကအဖွဲ့ဝင်များဖြစ်သည့်  ဦးမောင်မောင်ခင်နှင့် စာရေးဆရာဦးမိုးသူ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်တို့က အမှတ်တရစကားများ ပြောကြားသည်။စစ်အာဏာရှင်ကို ထာဝရဆန့်ကျင်သူ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် စွန့်လွှတ်ပေးဆပ်တိုက်ပွဲဝင်သူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုများနှင့်အတူ မိမိ၏ယုံကြည်ချက်ကို မည်သည့်အခါမျှ စွန့်လွှတ်ခြင်းမရှိဘဲ နောက်ဆုံးထွက်သက်အထိ ပြည်သူဘက်မှ မားမားမတ်မတ်ရပ်တည်ဆောင်ရွက်ခဲ့သူအဖြစ် သတ်မှတ်ခြင်းခံထားရသည့် ဟံသာဝတီဦးဝင်းတင်အား ဂုဏ်ပြုသည့်ကဗျာများရွတ်ဆိုခဲ့သည်။    ဟံသာဝတီဦးဝင်းတင်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးက "ကျွန်တော်က နိုင်ငံရေးအကျဉ်းသမားတွေကိုသိတာ နည်းပါတယ်။ သူက နိုင်ငံရေးအကျဉ်းသမားတွေနဲ့ပတ်သက်တာ အားလုံးကို အပြင်မှာရော အတွင်းမှာရော ဂဃနဏအကုန်သိတဲ့ပုဂ္ဂိုလ်ပါ။ သူသွားရာခေါ်ရာကို ကျွန်တော်ကလိုက်သွားပြီးတဲ့နောက်  နိုင်ငံရေးအကျဉ်းသမားများရဲ့ မိသားစုများကို အားပေးစကားပြောရင်းနဲ့ပဲ ကျန်ရှိနေတဲ့ အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေအားလုံး အဲဒီတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း အကျဉ်းကျနေတဲ့အချိန်အခါမှာ အားလုံးကိုလွတ်မြောက်ရေးအတွက် သူဟာလုံးပန်းခဲ့တဲ့နေရာမှာ အင်မတန်မှ ရောဂါဝေဒနာဖြစ်ငြားသော်လည်း အဲဒီရောဂါဝေဒနာကိုခံစားရင်း ဆက်လုပ်သွားတာဖြစ်ပါတယ်" ဟု အမှတ်တရစကားပြောကြားသည်။    ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ဟာ တန်ဖိုးထားသင့်သူများကို တန်ဖိုးထားရပါမယ်။ အဲဒီ အထူးသဖြင့် ကျွန်မတို့တန်ဖိုးထားသင့်တဲ့ပုဂ္ဂိုလ်များ၊ ကျွန်မတို့ကို ရှေ့ဆောင်ပြီးတော့ နမူနာအားဖြင့် လမ်းပြသွားမယ့် သွန်သင်ဆုံးမသွားမယ့်ပုဂ္ဂိုလ်များကို တန်ဖိုးထားနိုင်တာဟာ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှကောင်းတဲ့ကိစ္စပါ။ ဘယ်နှယောက်လောက် ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေက ဘယ်နှရာခိုင်နှုန်းလောက်က ဒီလိုစိတ်ဓာတ်တွေရှိသေးသလဲဆိုတာကိုတော့ သေသေချာချာပြောလို့မရပါဘူး။ ဒါပေမဲ့လည်း ကျွန်မမကြာခဏ အရင်တုန်းကပြောခဲ့တဲ့စကားတစ်ခုကို ထပ်ပြီးတော့ပြောပါရစေ။ ဘဘဦးတင်ဦးပြောသလိုပဲပေါ့။ ကျွန်မတို့ ဘဘဦးတင်ဦးတို့ဟာ ဆရာကြီးဦးဝင်းတင်နဲ့စာလို့ရှိရင် အထိန်းသိမ်းခံရတယ်ဆိုတာ အင်မတန်မှသက်သာပါတယ်။ အထူးသဖြင့် ကျွန်မဆိုလို့ရှိရင် အိမ်မှာပဲအကျယ်ချုပ်ဆိုတော့ ဒီလိုတစ်ချိန်လုံးမှာ ကျွန်မအမြဲပဲစဉ်းစားခဲ့တယ်။ ဆရာဦးဝင်းတင်လိုလူတစ်ယောက်တည်းရှိရင်တောင်မှ ဒီလိုလုပ်ရကျိုး ဆက်ပြီးတော့နပ်တယ်လို့ ကျွန်မစိတ်ထဲ ဒီလိုပဲထားခဲ့ပါတယ်" ဟု ဂုဏ်ပြုအမှတ်တရစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။    အဆိုပါအခမ်းအနားအပြီးတွင် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအပါအဝင် ဦးရေတစ်ရာကျော်သည် မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုသာန်ရှိ ဟံသာဝတီဦးဝင်းတင်၏ဂူဗိမာန်သို့သွားရောက်ပြီး  ဆုတောင်းခြင်း၊ ဦးညွှတ်အလေးပြုခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။    ဟံသာဝတီဦးဝင်းတင်အား အဖဦးပု အမိဒေါ်အမာတို့မှ ၁၉၃၀ ပြည့်နှစ် မတ် ၁၂ ရက်တွင် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး အသက် ၈၄ နှစ်အရွယ် ၂၀၁၄ ခုနှစ် ဧပြီ၂၁ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent