‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ် (UWSA) ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းဒေသတွင် လာမည့် မေ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်များတွင် ပြုလုပ်ရန် စီစဉ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံသို့ တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကိုသာ UWSA က ဖိတ်ကြားထားရာ ကျန်နေသည့် အဖွဲ့အစည်းများ ထပ်မံဖိတ်ကြားခြင်း ပြု မပြုကို မဆုံးဖြတ်ရသေးဟု UWSP/UWSA ၏ ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က ဧပြီ ၂၀ ရက်တွင် ပြောကြားသည်။
UWSA အဖွဲ့မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကိုသာ ရွေးချယ်ဖိတ်ကြားထားသဖြင့် ကျန်နေသည့် အဖွဲ့များကို ထပ်မံဖိတ်ကြားရန် NCCT ( တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) က အကြံပြု ထားကြောင်းနှင့် UWSA အဖွဲ့မှ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မခံရသည့် အဖွဲ့များတွင် အစိုးရက အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပါဝင်သကဲ့သို့ NCCT အဖွဲ့ဝင် အဖွဲ့အစည်းများလည်း ပါဝင်ကြောင်း သိရသည်။
ပန်ဆန်းညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းမခံရသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ထပ်မံဖိတ်ကြားရန် NCCT ၏ အကြံပြုမှုအပေါ် မည်ကဲ့သို့ ဆုံးဖြတ်ထားသနည်းဟု ဦးအောင်မြင့်အား မေးမြန်းရာ ၎င်းက “ဒီဟာလေးတော့ သူတို့ တင်ပြထားတာရှိတယ်။ နောက်ဆုံး ဆုံးဖြတ်တာ မရှိသေးဘူးနဲ့ တူတယ်။ နောက်တစ်ရက်၊ နှစ်ရက်ဆိုရင်တော့ ဆုံးဖြတ်ချက် ရနိုင်မယ်လို့ ထင်တယ်” ဟု ပြောကြားသည်။
အကယ်၍ ညီလာခံပြင်ဆင်ရေး ကော်မတီမှ ဆုံးဖြတ်ချက်ထပ်မံ မပြုလုပ်ပါက မူလ ဖိတ်ကြားထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ဖြင့်သာ ညီလာခံကို ကျင်းပသွားနိုင်ဖွယ် ရှိသည်ဟုလည်း ဦးအောင်မြင့်က ပြောကြားသည်။
ညီလာခံတွင် ဆွေးနွေးမည့်အကြောင်း အရာများနှင့် ပတ်သက်ပြီး ဦးအောင်မြင့်က “တိုင်းပြည်ရဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ရရှိရေးအတွက် ရေရှည်ငြိမ်းချမ်းရေး ရရှိရေးအတွက် ဒါတွေပါ” ဟု ပြောကြားသည်။
NCCT အဖွဲ့အနေဖြင့်လည်း အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် မတ်လကုန်က နှစ်ဖက်သဘောတူညီခဲ့သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းအား ၎င်းတို့ အဖွဲ့အစည်း အသီးသီး၏ ထိပ်သီးခေါင်းဆောင်များထံသို့ ပြန်လည်တင်ပြ သဘောထားယူရန် ရှိသောကြောင့် UWSA မှ စီစဉ်သည့် ညီလာခံတွင် NCCT အဖွဲ့ဝင် အဖွဲ့အစည်းအားလုံးကို မဖိတ်ကြားပါက NCCT ထိပ်သီးအစည်းအဝေးကို သီးခြားထပ်မံ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက “တကယ်လို့ ဒီ NCCT အဖွဲ့ဝင်အားလုံးကို သူတို့က မဖိတ်ဘူးဆိုရင် တို့က NCCT အတွက် သီးသန့်ပြန်လုပ်ရမယ်။ သူတို့ ဖိတ်ထားတဲ့ ၁၂ ဖွဲ့က ဒီအစိုးရလက်ခံထားတဲ့ ၁၆ ဖွဲ့ ချည်းပဲလည်း မဟုတ်ဘူးဗျ။ သူတို့ ရွေးချင်တဲ့ အဖွဲ့တွေကို သူတို့ရွေးတာပါ။ လက်ရှိအထိကတော့ သူတို့က အဖွဲ့တိုင်းကို ဖိတ်တာ မဟုတ်ဘူးဗျ။ တို့က အဖွဲ့တိုင်းကို ဖိတ်ဖို့ အဲဒီလို အကြံပေးထားတယ်” ဟုပြောကြားသည်။
ပန်ဆန်းဒေသ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း ခံထားရသည့် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရခိုင်တပ်မတော် (AA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ ဖြစ်ကြောင်း သိရသည်။
ညီလာခံတက်ရောက်ရန် ဖိတ်ကြားခြင်းမခံရသည့် အဖွဲ့အစည်းများမှာ အစိုးရက ဆွေးနွေးဘက်အဖြစ် အသိအမှတ်ပြုထားသည့် ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၊ နာဂအဖွဲ့ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်ပြီး အစိုးရက ဆွေးနွေးဘက်အဖြစ် အသိအမှတ် မပြုထားသော်လည်း NCCT အဖွဲ့ဝင်များဖြစ်သည့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO)၊ ရခိုင်အမျိုးသားကောင်စီ (ANC) တို့ ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ကို ညီလာခံ တက်ရောက်ရန် မဖိတ်ကြားရသည့် အကြောင်းရင်းအား မေးမြန်းရာ ဦးအောင်မြင့်က “ဒါက ဆွေးနွေးတုန်းက မဆွေးခဲ့တဲ့ ဆုံးဖြတ်ချက် မရှိခဲ့တဲ့ဟာကြောင့်ပါ” ဟု ပြောကြားသည်။
ပန်ဆန်းညီလာခံ တက်ရောက်ရန် ဖိတ်ကြားထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့အပြင် ထပ်မံတိုးဖိတ် မဖိတ် ဆုံးဖြတ်ချက် မချရသေးဟု ‘ဝ’ အဖွဲ့ ဗဟိုရုံးအတွင်းရေးမှူး ပြောကြား















