စပိန်လူမျိုးကဗျာဆရာ ရာမွန်ဂျင်မနဲ့ဟာ အားလပ်တဲ့အချိန်တွေမှာ သူ့ဇာတိမောဂါရွာတစ်ဝိုက်ကို လှည့်လည်သွားလာလေ့ ရှိပါတယ်။ အဲဒီလို လှည့်လည်ရာမှာ သူနဲ့အတူ အဖော်အဖြစ် မြည်းကလေး ပလေတရိုလည်း ပါလာလေ့ရှိပါတယ်။
တစ်ခါတော့ ရာမွန်ဂျင်မနဲ့ဟာ ပလေတရိုနဲ့အတူ လှည့်လည်ပြီး နေဝင်ခါနီးအချိန်မှ အိမ်ကိုပြန်လာခဲ့တယ်။ ပလေတရိုရဲ့ ကျောပေါ်မြည်းကုန်းနှီးအိတ်တင်ပြီး ပြန်လာရာ ရွာအဝင်ရောက်တဲ့အခါ လူညိုညိုတစ်ယောက်က သူတို့ကို ရုတ်တရက်ရပ်တန့်ခိုင်းပါတယ်။ အဲဒီမြင်ကွင်းလေးကို ကဗျာစာဆိုက အောက်ပါအတိုင်း ရေးဖွဲ့ခဲ့ပါတယ်။
“ဟေ့ ရပ်လိုက်စမ်း၊ မင့်ခြင်းတောင်းထဲမှာ ရောင်းစရာတွေ ပါလာသလား”
“ဟောဒီမှာ ကြည့်ပါခင်ဗျာ၊ တောပန်းဖြူဖြူတွေသာ ပါပါတယ်”
လူညိုညိုသည် ပလေတရို၏ကျောပေါ်က ခြင်းတောင်းထဲသို့ သံတုတ်ထိုးထည့် ကာမွှေကြည့်ပါမည်ဟု ပြောပါသည်။ ကျွန်တော်မတားပါ။ မြည်းကုန်းနှီးအိတ်ကိုပင် ဖွင့်ပြလိုက်သည်။ ရောင်းစရာဘာကိုသူမတွေ့ပါ။ ထို့ကြောင့် ခြင်းတောင်းထဲက လွမ်းချင်စရာတို့သည် လွတ်လွတ်ကျွတ်ကျွတ် ရွာဝင်ခွင့်ရခဲ့ကြသည်။ မုသားမဆိုရဘဲ ရွာဝင်ခွင့်ရခဲ့ ကြပါသည်။ အကောက်အရာရှိတို့အား အကောက်အခွန် မပေးဆောင်ရဘဲ ရွာဝင်ခွင့် ရခဲ့ကြပါသည်။
အထက်ပါစာပိုဒ်လေးကို ဖတ်ပြီးသွားတဲ့အခါ “မုသားမဆိုရဘဲ ရွာဝင်ခွင့်ရခဲ့ကြပါသည်” ဟူသော စာကြောင်းလေးက ကျွန်တော့်နားထဲမှာ ပဲ့တင်ထပ်ပြီး ကျန်ရစ်ခဲ့ပါတယ်။ အဲဒီကဗျာကို ဘာသာပြန်တဲ့ ဆရာဇော်ဂျီက “ဤကဗျာတွင် ရိုးသားဖြောင့်မတ်လိုခြင်း (ဝါ) ဘဝကူးဖြောင့်လိုခြင်း အလှကို တွေ့နိုင်သည်” ဟု မှတ်ချက်ချခဲ့ပါတယ်။
ကျွန်တော်တို့တစ်တွေ ရိုးသားဖြောင့်မတ်လိုပါက (ဝါ) ဘဝကူးဖြောင့်လိုပါက မုသားကိုရှောင်ကြဉ်မှ ဖြစ်မယ်လို့ ကဗျာဆရာက ဆိုလိုချင်ပုံရပါတယ်။
မုသားကင်းစင်မှ ဘဝဟာလှပလာမယ် မဟုတ်ပါလား။
တစ်ခါတုန်းက ရုရှားကဗျာဆရာယက် ဖတူရှင်ကိုဟာ ကဗျာတစ်ပုဒ် ရေးဖွဲ့ခဲ့ပါတယ်။ သူ့ကဗျာထဲမှာ လူငယ်တွေကို အမှန်တရားအကြောင်း ပြောပြဖို့ရေးဖွဲ့ခဲ့ပါတယ်။ သမိုင်းကိုအမှန်အတိုင်း ရေးဖို့လိုသလို သမိုင်းအမှန်ကို လူငယ်တွေသိဖို့လည်း လိုပါတယ်။
အမှန်တရားကိုဖုံးကွယ်ပြီး လူငယ်တွေကို လိမ်ညာတတ်တဲ့ အပြုအမူကို ကဗျာဆရာက စက်ဆုပ်ရွံရှာပုံ ရပါတယ်။ ပြီးတော့ ကဗျာဆရာက ဆက်ပြောပါတယ်။ လူငယ်တွေကို လျှော့မတွက်ပါနဲ့။ လူငယ်တွေက ဖုံးကွယ်ထားတဲ့ အမှန်တရားကို မြင်အောင်ကြည့်ပါ လိမ့်မယ်တဲ့။ ဒါကြောင့် အမှန်တရားအကြောင်း ပြောပြပါတဲ့။ “မုသား” လို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီကဗျာကို ဆရာမောင်သာနိုးက ဘာသာပြန်ခဲ့ပါတယ်။ ကဗျာ ကောက်နုတ်ချက်လေးကို ဖတ်ကြည့်ပါဦး။
လူငယ်တွေကို မုသားပြောတာမှားတယ်။
မုသားကိုမှန်ပါတယ်လို့ သက်သေပြနေတာလည်း မှားတယ်။
ကောင်းကင်မှာ ဒေဝသခင်စံနေတယ်။
ကမ္ဘာလောက အေးချမ်းပေတယ်လို့ သူတို့ကိုပြောတာမှားတယ်။
ခင်ဗျားတို့ ဘာဆိုလိုတယ်ဆိုတာ လူငယ်တွေကသိတယ်။
လူငယ်တွေဟာ ပြည်သူတွေပဲ။
အခက်အခဲတွေ မရေမတွက်နိုင်အောင် ရှိနေတယ်ဆိုတာ သူတို့ကိုပြောပြပါ။
နောင်ဘာဖြစ်မယ်ဆိုတာသာ သိမြင်ခွင့်မပြုလိုပါနဲ့။
ဒီပစ္စက္ခခေတ်ကိုလည်း ရှင်းရှင်းလင်းလင်းမြင်ကြပါစေ။
အနှောင့်အယှက်တွေ ရင်ဆိုင်စရာရှိနေတယ်ပြောပြပါ။
ဝမ်းနည်းစရာကြုံရတယ်။ ခက်ခဲစရာ ဖြစ်နေတယ်ပြောပြပါ။.....တဲ့။
ဟုတ်ပါတယ်။ ကဗျာဆရာပြောသလိုပါပဲ။ လက်ရှိပစ္စက္ခခေတ်ကို ကျွန်တော်တို့တွေ ရှင်းရှင်းလင်းလင်း မြင်မှဖြစ်မယ်။ အဲဒီလို ရှင်းရှင်းလင်းလင်း မြင်ဖို့အတွက် ဖုံးကွယ်ထားတာတွေ ဖယ်ရှားပေးမှဖြစ်လိမ့်မယ်။ အဲဒီအတွက် အလိမ်အညာတွေ မုသားတွေ မရှိပါမှ အမှန်တရားက ပေါ်ပေါက်လာမှာ မဟုတ်လား။
“မုသား” ကို ဖယ်ရှားမှ “အမှန်တရား” ကို ဖွားမြင်မယ်။
ဘုန်းကြီးကျောင်းသားလေး မောင်ချစ်ဟာ ကျောင်းသို့အသွား ပန်းပုဆရာကြီး ဦးအောင်ချာရဲ့ ကနားဖျင်းထဲမှာ ကျောင်းသားတွေ ဝိုင်းအုံကြည့်နေတာကို တွေ့လိုက်ရတဲ့အတွက် သူလည်းတိုးဝင်ပြီး ကြည့်ပါတယ်။ အဲဒီမှာ ဦးအောင်ချာထုနေတဲ့ ဆင်စွယ်မင်းသမီးရုပ်ကလေးကို သူအရမ်းသဘော ကျသွားပါတော့တယ်။
“ဘကြီးအောင် ဒီမင်းသမီးရုပ်ကလေးကို ဘယ်သူ့ပေးဖို့ထုနေတာလဲဟင်” လို့ မေးတဲ့အခါ “ငါ့တူလိုချင်လို့လား ငွေတစ်ကျပ်ယူခဲ့ရင် ဘကြီးပေးမယ်သိလား” လို့ ဘကြီးအောင်က ပြန်ပြောပါတယ်။
အဲဒီနေ့ကစပြီး မောင်ချစ်ဟာရသမျှ မုန့်ဖိုးကို အကုန်စုတော့တာပါပဲ။ သူ့မှာ ဝါးဆစ်စုဘူးလေးရှိတယ်။ ရသမျှကို အဲဒီစုဘူးထဲမှာ အကုန်ထည့်တော့တာပဲ။ နေ့လယ်သူများတွေ မုန့်စားနေချိန်မှာ သူအောင့်အည်း သည်းခံပြီးနေတယ်။ မကြာခင်မှာ မင်းသမီး ရုပ်ကလေးကို ပိုင်ဆိုင်ရတော့မယ်ဆိုတဲ့ အတွေးနဲ့ သူပျော်နေတယ်။ သူဒုက္ခခံရသမျှ အားလုံးကို အဲဒီအပျော်နဲ့ပဲ ကျေနပ်နှစ်သိမ့်ခဲ့ပါတယ်။
အဲဒီလိုနဲ့ မောင်ချစ်စုထားတဲ့ပိုက်ဆံ တစ်ကျပ်ပြည့်ဖို့ သိပ်မလိုတော့တဲ့ အချိန်မှာ ဘကြီးအောင်က မင်းသမီးရုပ်ကလေးကို သူ့အိမ်ရောက်လာတဲ့ ဝန်ထောက်မင်းလက်ထဲ ထည့်လိုက်ပါတော့တယ်။ အို ဘကြီးအောင် သိပ်ရက်စက်တာပဲ။ ကျွန်တော့်မှာတော့ အဲဒီအရုပ်လေး လိုချင်လွန်းလို့ နေ့နေ့ညညဒုက္ခခံပြီး စုလိုက်ရတာ။ ခုတော့ ဘကြီးအောင်ညာတယ်။ ညာရက်တယ်ဗျာ။
မောင်ချစ်တစ်ယောက် စားမဝင်အိပ်မပျော်တော့။ ထမင်းလည်းမစား စကားလည်းမပြော။ ငေးငေးငိုင်ငိုင်နဲ့။ နောက်ဆုံးမှာတော့ မောင်ချစ်ဟာ မင်းသမီးရုပ်ကလေးကို စွဲလမ်းစိတ်နဲ့ပဲ ဆုံးသွားရှာပါတယ်။ မောင်ချစ်မဆုံးခင် သူ့နှုတ်ခမ်းကနေ “ဘကြီးအောင်ညာတယ်” ဆိုတဲ့စကားကို မပီတပီ ရေရွတ်သွားရှာပါတယ်။
ဆရာမင်းသုဝဏ်ရဲ့ “ဘကြီးအောင်ညာတယ်” ဝတ္ထုကိုဖတ်ရတာ တကယ်ကြေကွဲဖို့ ကောင်းပါတယ်။ မသိနားမလည်တဲ့ ကလေးပဲဆိုပြီး ကတိစကားကို ပြီးစလွယ်ပြောခဲ့တဲ့ ဘကြီးအောင်ရဲ့မုသားတစ်ခွန်းက မောင်ချစ်ရဲ့ဘဝကို သတ်ပစ်လိုက်တာပါ။ “မုသား” ရဲ့အစွမ်းက အဲဒီလောက် ပြင်းထန်ပါလားလို့ ကြေကွဲဆို့နင့်စွာ ရင်နဲ့အမျှခံစားလိုက်ရတဲ့ ဝတ္ထုလေးတစ်ပုဒ်ပါပဲ။
ခုခေတ်မှာ ဘကြီးအောင်လိုလူစားတွေ ဘယ်လောက်များ ရှိနေပြီလဲ။
“သစ္စာတရားကို ကျောခိုင်းပြီး မုသားစကားကို ဆိုတတ်သူအဖို့ ဤလောကမှာသူ မလုပ်ဝံ့သည့် မကောင်းမှုမည်သည် မရှိတော့ပါ” ဟု ဗုဒ္ဓမြတ်စွာက ဟောကြားတော်မူခဲ့ပါတယ်။
တကယ်တော့ သစ္စာသည်သာ အချိုမြိန်ဆုံးအရာ မဟုတ်ပါလား။