မေလအတွင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရန် လက်ရှိအနေအထားအရ မဖြစ်နိုင်ကြောင်းနှင့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုပေါ်တွင် မူတည်မည်ဟု ဒေါက်တာအေးမောင်က ဧပြီ ၁၈ ရက်တွင် Daily Eleven သတင်းစာသို့ ပြောကြားသည်။
ဒေါက်တာအေးမောင်က “မေလထဲမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ဖို့ကတော့ သိပ်မဖြစ်နိုင်တော့ဘူး။ သိပ်မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်မိတယ်”ဟု ပြောကြားသည်။
ဆက်လက်၍“ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြစ်မြောက်ရန်အတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုက အများကြီး သက်ရောက်မှုရှိပါတယ်။ ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုမရှိ ဘဲ၊ သဘောတူညီမှုမရဘဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။သဘောတူညီမှုမရှိဘဲ ပြည်ထောင်စုလွှတ်တော်ထဲကို ဥပဒေကြမ်းတင်သွင်းနိုင်ဖို့ မလွယ်ကူပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်တဲ့ ဥပဒေကြမ်းတင်လာရင်လည်း ၂၅ ရာခိုင်နှုန်းလောက်ကတော့ ကန့်ကွက်မှာပဲ။ ထပ်မံ မတွေ့ဆုံဘဲ ဘယ်လိုမှ ရှေ့ဆက်သွားလို့ မရနိုင်ဘူး။ တွေ့ဆုံဆွေးနွေးခြင်းက မအောင်မြင်ရင်လည်း မဖြစ်ဘူး။ တွေ့ဆုံဆွေးနွေးခြင်း အောင်မြင်ဖို့လိုတယ်။အဲဒီလို အောင်မြင်မှသာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဖြစ်လာမှာပေါ့” ဟု ၎င်းကပြောကြားသည်။
ခြောက်ပွင့်ဆိုင်တွေ့ဆုံရန် ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်ကတည်းက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုအတည်ပြုပြီး လေးလခန့်ကြာမှ တစ်ကြိမ်သာ တွေ့ဆုံဆွေးနွေးရသေးကြောင်း၊ နောက်တစ်ကြိမ် တွေ့ဆုံမှုမေလအတွင်း ဖြစ်မြောက်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းလည်း ကြိုးစားခဲ့ကြောင်း၊ ဧပြီ ၂၂ မှ မေ ၁၁ ကြားတွင် ထပ်မံတွေ့ဆုံနိုင်ရန် ကြိုးစားမှုများ ရှိခဲ့ကြောင်း၊ သမ္မတကြီးတို့ဘက်က မေ ၁၁ ရက် နောက်ပိုင်းဟုသာ ကြေညာခဲ့ကြောင်း၊ အဆိုပါ သဘောထားများအရ မေလအတွင်းတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြစ်ဖို့က မလွယ်ကူကြောင်း ဒေါက်တာအေးမောင်က သုံးသပ်သည်။
“မေလထဲမှာပြုလုပ်မယ့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဟာ ထိရောက်ပြီး အကျိုးရှိဖို့လိုတာပေါ့။ ထိထိရောက်ရောက် ဦးတည်ချက်ရှိတယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်မယ့် ပုဒ်မတချို့ကို ဆွေးနွေးအတည်ပြုပြီးမှ အားလုံး သဘောတူညီချက်နဲ့ ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် မခက်ပါဘူး။ ကျွန်တော်ထင်တယ် မေလနောက်ဆုံးရက် သတ်မှတ်မယ်ဆိုလည်း ရတာပဲ။ ဒါမှမဟုတ်ရင် ဇွန်လထဲမှာ သတ်မှတ်လို့လည်း ရတာပဲ။ တကယ်လို့များ မေလအတွင်း မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမဖြစ်ခဲ့ရင်လည်း ဇွန်လအတွင်း ဖြစ်လို့ရပါသေးတယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို လာမည့် ၂၀၁၅ မေလအတွင်း ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အချိန်ဇယား သတ်မှတ်ပေးထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း အပြီးသတ်ပြင်ဆင်ရေးဆွဲတင်သွင်းခြင်းကို လက်ရှိ ကျင်းပနေသည့် (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးကာလအတွင်း ဆောင်ရွက်မည်ဟု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက် က ဧပြီ ၃ ရက်တွင် ပြောကြားထားသည်။
ပြီးခဲ့သည့် (၁၁) ကြိမ်မြောက် အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့နှင့်အညီ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်း အဝေး၌ တင်သွင်းဆွေးနွေးနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ရေးအဆိုကို အတည်ပြုပြီးဖြစ်သဖြင့် လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအား သက်ဆိုင်ရာအဖွဲ့များက ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာသုံးသပ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ သူရဦးအေးမြင့်က ၂၀-၃-၂၀၁၃ တွင် အဆိုတင်သွင်းသည်။ ၎င်းအဆိုအား ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်က ထောက်ခံခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကာ်မတီက ၃၁-၁-၂၀၁၄ တွင် အစီရင်ခံစာ တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဆက်လက်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉(စ) အပါအဝင် ပုဒ်မပေါင်း ၂၁၀ အား ပြင်ဆင်ရန် အကြံပြုခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မေလအတွင်းပြုလုပ်ရန် လက်ရှိအနေအထားအရ မဖြစ်နိုင်ကြောင်း ဒေါက်တာအေးမောင် ပြောကြား















