နှစ်သစ်တွင် နိုင်ငံ့အကျိုးအတွက် မိမိတို့၏ ဆန္ဒ၊ လိုအပ်ချက်နှင့် မျှော်လင့်ချက်များကို ကြိုးစားအကောင်အထည်ဖော်နိုင်ပါစေဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁၇ ရက်တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ အတွက် ဆုတောင်းစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ဆုတောင်း ရုပ်သံဖိုင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဧပြီ ၁၆ ရက်ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “တစ်နှစ်ထက်တစ်နှစ် ပြောင်းသွားတဲ့အခါကျတော့ နှစ်သစ်ကူးခြင်း၊ နှစ်သစ်ကူးခြင်းက မတူပါဘူး။ ဒါပေမဲ့ တစ်ခုတူတာ ဘာလဲဆိုတော့ နှစ်သစ်ကူးအချိန်မှာ အားလုံးကနေပြီးတော့ ဒီနှစ်သစ်ဟာ နှစ်ဟောင်းထက်ပိုပြီးတော့ ချမ်းမြေ့ပါစေ၊ နှစ်ဟောင်းထက်ပိုပြီးတော့ ကောင်းမွန်ကြပါစေလို့ ဆုတောင်းကြတာကြီးပါပဲ။ ကျွန်မလည်း ဒီအတိုင်းပါပဲ။ ကျွန်မတို့နိုင်ငံအတွက် နှစ်သစ်ဟာ နှစ်ဟောင်းထက်ပိုပြီးတော့ ကောင်းစေချင်တယ်” ဟု ပြောကြားသည်။
ထို့ပြင် နှစ်သစ်တိုင်း၊ နှစ်သစ်တိုင်းသည် နှစ်ဟောင်းတိုင်း၊ နှစ်ဟောင်းတိုင်း ထက်ပိုပြီးတော့ ကောင်းသွားသည်ဆိုသည် မှာ တကယ် ဒီနိုင်ငံတွင် တိုးတက်နေသည်ဆိုသည်ကို ပြသခြင်းပင်ဖြစ်ကြောင်းနှင့် သို့သော် ထိုအရာများသည် မိမိတို့ကြိုးစားမှသာ ရမည်ဆိုသည်ကို မိမိအနေဖြင့် မကြာခဏပြောခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်းပြောကြားသည်။ “အဲဒီတော့ တိုတိုနဲ့ နှစ်သစ်အတွက် ဆုတောင်းပေးရမယ်ဆိုလို့ရှိရင် ကျွန်မနဲ့ ကျွန်မရဲ့နိုင်ငံရဲ့ပြည်သူလူထုဟာ နိုင်ငံ့အကျိုးအတွက် ဆန္ဒတစ်ထပ်တည်းဖြစ်ပြီးတော့ ကျွန်မတို့ရဲ့ ဆန္ဒနဲ့ ကျွန်မတို့ရဲ့ လိုအပ်ချက်တွေ၊ ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကို ကြိုးစားအားထုတ်ခြင်းအားဖြင့် အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်း မေတ္တာပို့ပါတယ်။ အားလုံး နှစ်သစ်ကူးမှာ ကျန်းမာချမ်းသာကြပါစေ ဘေးဘယာဝေးကွာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒ အ၀၀နဲ့ ပြည့်စုံကြပါစေ”ဟု နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ဆုတောင်းစကား ပြောကြားသည်။
နှစ်သစ်တွင် နိုင်ငံ့အကျိုးအတွက် မိမိတို့၏ ဆန္ဒ၊ လိုအပ်ချက်နှင့် မျှော်လင့်ချက်များကို ကြိုးစား အကောင်အထည်ဖော်နိုင်ပါစေဟု ဒေါ်အောင်ဆန်းစုကြည် နှစ်သစ်ဆုတောင်းစကား ပြောကြား















