AAPP က ထုတ်ပြန်ထားသည့် နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အရေးယူခံရသူ ၄၅၀ ကျော်အနက် အများစုမှာ အစိုးရသစ်လက်ထက်၂၀၁၃ ခုနှစ်နောက်ပိုင်း ဖမ်းဆီးအရေးယူခံရခြင်းဖြစ်

AAPP က ထုတ်ပြန်ထားသည့် နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အရေးယူခံရသူ ၄၅၀ ကျော်အနက် အများစုမှာ အစိုးရသစ်လက်ထက်၂၀၁၃ ခုနှစ်နောက်ပိုင်း ဖမ်းဆီးအရေးယူခံရခြင်းဖြစ်
Published 17 April 2015
အောင်ဇော်ထွန်း

မြန်မာနိုင်ငံ၌ လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၇၂ ဦးရှိပြီး နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေရသူ အနည်းဆုံး ၂၉၆ ဦး ခန့်ရှိမည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီ ၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ ယင်းသို့ အရေးယူခံရသူများအနက် အများစုမှာ ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ဖမ်းဆီးအရေးယူခံရခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
 
လက်ရှိနိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အရေးယူခံထားရသည့် စာရင်းအား ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက ရန်ကုန်မြို့၌ AAPP နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ပူးပေါင်းပြီး ကျင်းပခဲ့သည့်နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် အလုပ်ရုံဆွေးနွေးပွဲမှ ပေါ်ထွက်လာသော နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အခြေခံ၌ ပြုစုထားခြင်းဖြစ်ကြောင်းနှင့် လက်ရှိအကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများအနက် ၂၇ ဦးသာ ယခင်အစိုးရလက်ထက်က ဖမ်းဆီးခံရသူများဖြစ်ပြီး ကျန်သူများမှာ ယခုအစိုးရလက်ထက်တွင် ဖမ်းဆီးခံရသူများဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားဆောင်ရွက်နေသည့်အဖွဲ့အစည်းများထံမှ သိရသည်။
 
AAPP မှ ဦးအောင်မျိုးကျော်က  အခု ကျွန်တော်တို့ကြေညာထားတဲ့ သူအများစုကတော့  ဒီအစိုးရသစ်လက်ထက်မှာ ဖမ်းဆီးထိန်းသိမ်းအရေးယူခံထားရတဲ့ သူတွေပါ။ အရင်အစိုးရလက်ထက်ကသူ အများစုက လွတ်သွားပါပြီ။ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ ပေါ်ပြီးတဲ့နောက်  မှာ ၂၇ ယောက်ပဲ ကျန်ပါတယ်။ ကျန်တဲ့ဟာတွေက ဒီဘက်လက်ထက်မှာ ဖြစ်တာပါ။ ဒီဘက်လက်ထက်ဆိုတာတောင်မှ ၂၀၁၃ အကုန် ၂၀၁၄ မှာ ဖြစ်တာပါ”ဟု ပြောကြားသည်။
 
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က “၂၀၁၃ အထိမှာ ကျွန်တော်တို့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကနေ စီစဉ်ပြီး လွှတ်ပေးလိုက်တာတွေရယ် တချို့တွေကို ပြန်ပြီးတော့ အမှုရုပ်သိမ်းလိုက်တာတွေ ၂၀၁၃ ဒီဇင်ဘာမှာ လုပ်လိုက်တဲ့အတွက် ဒါက ၂၀၁၄ ကနေပြီးတော့မှ ဒီဘက်ပိုင်းမှာကျတဲ့သူတွေ အများစုဖြစ်သွားတယ်” ဟု ပြောကြားသည်။
 
လက်ရှိအရေးယူခံထားရသူအများစုမှာ အလုပ်သမားအရေး၊ လယ်သမားအရေး လှုပ်ရှားသူများ၊ လယ်သိမ်း၊ မြေသိမ်းခံရမှုကြောင့် မိမိလယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်သည့် တောင်သူလယ်သမားများ၊  မိမိအခွင့်အရေးရရှိရန် ဆန္ဒပြ တောင်းဆိုခြင်းများအား ပုဒ်မ(၁၈)၊ (၁၉) အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)စသည်တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရခြင်းတို့ဖြစ်ကြောင်း သိရသည်။
 
ယင်းသို့ အရေးယူခံရမှုများနှင့် ပတ်သက်ပြီး ဦးရဲအောင်က “ကျွန်တော်တို့က လောလောဆယ် ကျွန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲကာလမှာကတော့ ဒါတွေအားလုံးကို ကျွန်တော်တို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ သတ်မှတ်ထားပါတယ်။ အဓိက ကတော့ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ နိုင်ငံရေးအရဖြစ်သွားတဲ့ သားကောင်တွေ၊ နိုင်ငံရေးအခြေအနေအရ ဖြစ်သွားတဲ့သူတွေ ဒီနှစ်မျိုးလုံးကို နိုင်ငံရေးသမားအဖြစ် သတ်မှတ်ပြီး နိုင်ငံရေးသမားစာရင်းထဲမှာ ထည့်ထားပါတယ်။ ဒါအားလုံးဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်နေတဲ့သူတွေ တိုက်ရိုက်ဆောင်ရွက်တာဖြစ်သလို ကျန်တာကတော့ နိုင်ငံရေးစနစ်ကြောင့် ကိုယ့်ရဲ့အခွင့်အရေးတွေ ဆုံးရှုံးတဲ့ဟာကို တိုက်ပွဲဝင်တဲ့အတွက် ထောင်ကျတဲ့ သူ ဒါကလည်း နိုင်ငံရေးစနစ်ကြောင့် ဖြစ်တဲ့အတွက် သွယ်ဝိုက်ပြီး ပတ်သက်နေတာပါပဲ။ ဒါကို လောလောဆယ် ဒီကာလမှာ နိုင်ငံရေးသမားအဖြစ် အကုန်သတ်မှတ်ထားပါတယ်ဗျ” ဟု ပြောကြားသည်။
 
ရန်ကုန်မြို့၌ ၂၀၁၄ ခုနှစ် သြဂုတ် ၁၇ ရက်နှင့် ၁၈ ရက်များက ပြုလုပ်ခဲ့သည့်နိုင်ငံရေးအကျဉ်းသားဖွင့်ဆိုချက် အလုပ်ရုံဆွေးနွေးပွဲမှ “မည်သူမဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများအားကို   နိုင်ငံရေးအကျဉ်းသားအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
 
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ဖွဲ့စည်းပေါ်ပေါက်လာသော မဏ္ဍိုင်(၃)ရပ်နှင့် လုပ်ငန်းအဖွဲ့များ (သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲ့များ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊ ကန့်ကွက်ခြင်း၊ ဟောပြောခြင်း၊ ရေးသားပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်းကို အခြားပုံသဏ္ဌာန်တစ်ခုခုဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းစသည်တို့ကြောင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများအားကိုလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း သိရသည်။
 

Most Read

Most Recent