အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့အကြား ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် ပဋိပက္ခဖြစ်နိုင်ခြေရှိသော နေရာများကို သွားလာမည်ဆိုပါက နှစ်ဖက်အကြား ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်အတွက် ဧပြီ ၆ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အိုဆက်ဆံရေးရုံးတွင် နှစ်ဖက်ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံ၍ ဆွေးနွေးသဘောတူခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ၊ ပဋိပက္ခများလျှော့ချရန် ရည်ရွယ်ဖွဲ့စည်းထားသည့် နှစ်ဖက်ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တို့သည် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တပ်မတော်ဘက်က KIA ဗိုလ်သင်တန်းကျောင်းသို့ ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က “ဒီတစ်ခေါက်ကတော့ တစ်နေရာရာ လှုပ်ရှားမယ်၊ သွားလာမယ် ဆိုရင် ပဋိပက္ခဖြစ်နိုင်ခြေရှိတဲ့နေရာ သွားမယ်ဆိုရင် ကြိုတင်ပြီးမှ ညှိနှိုင်းအကြောင်းကြားပြီး သွားလာကြဖို့ဆိုပြီးမှ နောင်ပဋိပက္ခတွေ လျော့နည်းနိုင်မယ်ဆိုတဲ့ အနေအထားမျိုးနဲ့ သဘောတူတဲ့ သဘောမျိုး ရှိပါတယ်။ အရင်တုန်းက ပြဿနာက အရင်ဖြစ်ပြီးမှ ဖြေရှင်းတာက နောက်မှပေါ့။ အခုဟာက ပြဿနာကို မဖြစ်ဘဲ ကြိုတင်ကာကွယ်တဲ့အနေနဲ့ တစ်ဖက်နဲ့ တစ်ဖက်က အသိပေးပြီးမှ သွားတာ၊ လာတာမျိုးတွေ လုပ်သွားမယ်ဆိုရင်တော့ အခုတစ်ခေါက်က တော်တော်လေး တိုးတက်တယ်လို့ မြင်ပါတယ်”ဟု ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မတ်လအတွင်းက နေပြည်တော်၌ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် ရန်ကုန်မြို့၌ ပြုလုပ်သည့် ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးညှိနှိုင်းမှုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် မေ ၁၃ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကေအိုင်အိုအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်ဦးဆောင်ပြီး ပြည်နယ်အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိများပါဝင်သော အစိုးရ၏ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ကေအိုင်အိုမှ ဗိုလ်မှူးကြီးဇော်တောင် ဦးဆောင်သည့် ကေအိုင်အို၏ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကို ဖွဲ့စည်းပြီးနောက် လစဉ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားမှု လျှော့ချနိုင်ခဲ့ကြောင်း၊ သို့ရာတွင် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် တပ်မတော်မှ KIA ဗိုလ်သင်တန်းကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုဖြစ်ပြီးနောက် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးများ၏ ပုံမှန်တွေ့ဆုံမှုကို KIO က ရပ်ဆိုင်းခဲ့သည်။
ထို့နောက် ၂ဝ၁၅ ခုနှစ် မတ် ၁၅ ရက်နှင့် ၁၆ ရက်များတွင် KIO မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်တို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် နှစ်ဖက်ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့များ ယခုကဲ့သို့ ပြန်လည်တွေ့ဆုံနိုင်ခဲ့ခြင်းဖြစ်ပြီး လစဉ်ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တပ်မတော်နှင့် KIO တို့အကြား ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် ပဋိပက္ခဖြစ်နိုင်ခြေနေရာများကို သွားလာမည်ဆိုပါက နှစ်ဖက်အကြား ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူ















