နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာအေးမောင်တို့ ပါဝင်သည့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲအား နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဧပြီ ၁ဝ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ဒေါက်တာအေးမောင်က မီဒီယာများအား ပြောကြားသည်။
ဆွေးနွေးပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို တွေ့ရစဉ်
“နိုင်ငံတော်သမ္မတကြီးတို့ဘက်က ဒီခြောက်ပွင့်ဆိုင် အခင်းအကျင်းက ပြည်ထောင်စုလွှတ်တော်ဘက်က အဆိုပြုလာတာဖြစ်လို့ ဆွေးနွေးမယ့်အကြောင်းအရာတွေကို သူ့ဘက်က မပြင်ဆင်လာဘူး။ မူသဘောကိုပဲ ဆွေးနွေးမယ်။ အသေးစိတ်ဆိုရင် ပြည်ထောင်စုလွှတ်တော်နာယကကြီးတို့က အသေးစိတ်အချက်အလက်တွေကို အဆိုပြုပေးပါ။ နာယကကြီးကလည်း လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၃၁ ဦးပါ ကော်မတီက တင်ပြထားတဲ့ အစီရင်ခံစာဟာ ဒါမူပဲ။ ပုဒ်မ ဘာကို နဂိုအတိုင်းထားမယ်။ ဘာတွေကို ပြင်ဆင်လိုတယ်။အဲဒီလို ပြင်မယ်ဆိုရင် တပ်မတော်သားတွေရဲ့ ထောက်ခံချက်တွေလိုတယ်။ မပါဘဲ ၇၅ ရာခိုင်နှုန်းကျော်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။တပ်မတော်သားတွေရဲ့အထက်မှာ ကာကွယ်ရေးဦးစီးချုပ် ရှိတယ်။ လက်ရှိ တပ်မတော်ရဲ့ ဖွဲ့စည်းပုံ Command အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ အာဏာရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်ဘက်က မီးစိမ်းပြပေးမှပဲ ကျွန်တော်တို့ ပြင်နိုင်မယ်။ ဒီလိုပဲ နိုင်ငံတော်သမ္မတကြီးဟာလည်း ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ ဩဇာတိက္ကမ အကြီးဆုံးပုဂ္ဂိုလ်။
လုပ်ပိုင်ခွင့်လည်း အပြည့်အဝရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပြင်လိုကြောင်းပြပေးမှ ဖွဲ့ စည်းပုံပြင်ဆင်ရေး တစ်ဆို့မှုက ရွေ့နိုင်မယ်။ ဒါမှလည်း ၂ဝ၁၅ ရွေးကောက်ပွဲကြီးက တည်တည်ငြိမ်ငြိမ်နဲ့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကြီးဖြစ်လာမယ်။ အဲဒီတော့ သမ္မတကြီးက ပြန်ပြောတာပေါ့။ အဲဒါတွေက ပန်းတိုင်ဖြစ်တယ်။ အဲလို ပန်းတိုင်အောင်မြင်ဖို့အတွက် အားလုံးပါဝင်ပတ်သက်နိုင်တဲ့ ကဏ္ဍတွေကို ပြင်ပေးဖို့ လိုအပ်တာပေါ့။ အဲဒီတော့ ဒီ Time Frame လေးမှာ ဘာတွေကို အရေးတကြီးပြင်မှာလဲ။ အချိန်မရှိတော့ဘူး။ ရွေးကောက်ပွဲက ခြောက်လပဲ လိုတော့တယ်။ အရေးတကြီးပြင်ဖို့ လိုတာတွေကို အဆိုပြုပါ။ လာမယ့် တစ်ကြိမ်ဆွေးနွေးပွဲမှာ အသေးစိတ်လာပါလိမ့်မယ်”ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
ဆွေးနွေးပွဲ၌ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
နောက်တစ်ကြိမ် ဆွေးနွေးပွဲအား သင်္ကြန်ပြီးကာလနှင့် လွှတ်တော် ပြန်လည်စတင်မည့် မေ ၁၁ ရက် ကြားကာလအတွင်း ထပ်မံဖြစ်ပေါ်နိုင်ဖွယ်ရှိသည်ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
Daily Eleven သတင်းစာမှ မေးမြန်းသည့် “ယခုတွေ့ဆုံပွဲမှာ ဖွဲ့စည်းပုံပြင်ဖို့ အားလုံးက ယေဘုယျအားဖြင့် သဘောတူညီခဲ့ကြပါသလား”ဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ “သေးသေးလေးပြင်မယ့်လူနဲ့ များများပြင်မယ့်လူပဲ ကွာတာပါ။ ကာကွယ်ရေးဦးစီးချုပ်ဘက်ကတောင်မှ ၄၃၆ (က)ကို မပြင်ဘဲနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မလုပ်ဘဲနဲ့ တိုင်းဒေသကြီး ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဋ္ဌာန်းခွင့်ကို သယံဇာတခွဲဝေခွင့်ကို ပေးချင်တယ်ဆိုတဲ့ အရေးကြီးအဆိုကို တင်ကြတာပဲ။ သူတို့ဘက်က ဖွဲ့စည်းပုံကို ပြင်ချင်တာပဲ။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါးပြင်ချင်တဲ့ဟာနဲ့ ထဲထဲဝင်ဝင် ပြင်ချင်တာလေးတွေ ကွာတာပေါ့။ ကျွန်တော်တို့ဘက်ကလည်း ပြောတာပေါ့။ ဟုတ်ပြီ ဒါလေးကို ပြင်ရုံနဲ့ သူတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်ရတယ်လို့ မသတ်မှတ်နိုင်ဘူး။ အဲဒါကြောင့် ၄၃၆ (က) ပါ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပါ ပုဒ်မအချို့ကို ပြင်ပေးမှ ပြည်တွင်းစစ်ကလည်း ပြေငြိမ်းသွားနိုင်မယ်။ အထွေထွေ အကျပ်အတည်း၊ နိုင်ငံရေးအကျပ်အတည်း မဖြစ်နိုင်ဘူး။ အဲဒီဘက်က ကျွန်တော်တို့ သွားတယ်”ဟု ပြန်လည်ဖြေကြားသည်။
“ဖွဲ့စည်းပုံပြင်ဖို့ ဆွေးနွေးရာမှာ လူကြီးတွေကြားထဲမှာ အကျပ်အတည်းတွေ ရှိခဲ့ပါသလား”ဟူသည့် မေးခွန်းအပေါ် ဒေါက်တာအေးမောင်က “ဖွဲ့စည်းပုံပြင်ဖို့ အလားအလာရှိလို့ လာမယ့်ဆွေးနွေးပွဲကို ထပ်လုပ်မယ်လို့ ဖြစ်လာတာ။ မဟုတ်ရင် ဆွေးနွေးပွဲ ထပ်မဖြစ်တော့ဘူး။ ဒုတိယအကြိမ်တွေ့ပြီးကာမှ အသေးစိတ်ဆွေးနွေးတာ အောင်မြင်သွားတယ်ဆိုရင်လည်း တတိယအကြိမ် ဖြစ်လာနိုင်တယ်”ဟု ပြန်လည်ဖြေကြားသည်။
“ခြောက်လအတွင်း ပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုပြုချက်ကို သဘောတူကြပါသလား”ဆိုသည့် မေးခွန်းအပေါ် ဒေါက်တာအေးမောင်က “သဘောတူလို့သာ ဒီအဖြေကို ပေးကြတာပေါ့။ ဒီအဖြေဆိုတာ ခင်ဗျားသိတယ်လေ။ ကျွန်တော် ခုနပြောတဲ့ Arrange အတွင်းမှာ”ဟု ပြန်လည်ဖြေကြားသည်။
ဆွေးနွေးပွဲ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်
တိုင်းနှင့် ပြည်နယ်အသီးသီး၏ အာဏာခွဲဝေရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ်တော်များမှ ခန့်အပ်နိုင်ရေးနှင့် သယံဇာတခွဲဝေရေးကို ထွက်ရှိသည့် ပမာဏအပေါ် ဗဟိုအစိုးရမှ ရာခိုင်နှုန်း ၅ဝ နှင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းမှ ရာခိုင်နှုန်း ၅ဝ အသီးသီး ခွဲဝေခံစားခွင့်ပြုရန် တိုင်းရင်းသားပါတီများ၏ကိုယ်စား တင်ပြခဲ့သည်ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “အခု ဆွေးနွေးပွဲမှာ အချက်သုံးချက်ကို သဘောတူခဲ့ပါတယ်။ အဲ့ဒီအချက်တွေကတော့ ဆွေးနွေးပွဲမူဘောင်ပေါ့။ အခြေခံပြီး ဆွေးနွေးမယ့် အကြောင်းအရာတွေအပေါ်မှာ သဘောတူခဲ့တယ်။ ဒုတိယအချက်ကတော့ ဆွေးနွေးပွဲ ကျင်းပမယ့်ပုံစံကို သဘောတူခဲ့ပါတယ်။နောက်တစ်ချက်ကတော့ နောက်တစ်ကြိမ် ထပ်ပြီးတော့ တွေ့ဆုံမယ့် အချိန်ကန့်သတ်ချက်ကို သဘောတူခဲ့ပါတယ်”ဟု ပြောကြားသည်။
ဆွေးနွေးပွဲအကြောင်းအရာကို အသေးစိတ်ပြော၍ မရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးကိစ္စနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး၊ ရွေးကောက်ပွဲ လွန်ကာလ တည်ငြိမ်အေးချမ်းရေးကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးရန် သဘောတူခဲ့ကြကြောင်း ဆက်လက် ပြောကြားသည်။
“ခြောက်ပွင့်ဆိုင် နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံမှုကိုတော့ သင်္ကြန်ကာလအတွင်းမှာ လွှတ်တော်ရပ်နားပြီးနောက်ပိုင်း လွှတ်တော်များ ပြန်လည်စတင်ချိန်မှာ အားလုံး အဆင်ပြေတဲ့အချိန်ကို သတ်မှတ်ပြီးတော့မှ တွေ့ဆုံဖို့ သဘောတူခဲ့ကြပါတယ်။ နှစ်နာရီကျော် တွေ့ဆုံဆွေးနွေးတဲ့ကာလမှာ တက်ရောက်သူများအနေဖြင့် လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးပွဲပြီးတဲ့အခါမှာလည်း အားလုံးက အောင်မြင်တဲ့ဆွေးနွေးပွဲလို့ သဘောတူခဲ့ကြပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။
နောက်တစ်ကြိမ်တွင်လည်း ယခုဆွေးနွေးပွဲတွင် သဘောတူခဲ့သည့် မူဘောင်အတိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲက ခြောက်လလောက်ပဲ ကျန်တော့သည်ကိုလည်း ဆွေးနွေးကြကြောင်း၊ အဲ့ဒီကြားထဲမှာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်မည်ဆိုပြီး မူဘောင်ချထားကြောင်း၊ ရှေ့ဆက်သွားမည့် သဘောတူညီချက်ကောင်းများရခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။
ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲမှာ ဖွဲ့စည်းပုံကိုပြင်ဖို့ ဆွေးနွေးရာတွင် အများစိတ်ဝင်စားနေသည့် ၅၉(စ) စသည့် မည်သည့်ပုဒ်မမျိုးများ ဆွေးနွေးဖြစ်သလဲ မီဒီယာတစ်ခု၏ မေးမြန်းချက်အပေါ် “ကျွန်တော်ပြောလို့ရတာကတော့ ဆွေးနွေးသင့် ဆွေးနွေးထိုက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးနိုင်ဖို့ အတွက် မူဘောင်တစ်ခုကို တက်ရောက်သူတွေက သဘောတူခဲ့တယ်။ အဲ့ဒီလိုပဲ ပြောလို့ ရပါတယ်။ ပုဒ်မတစ်ခုချင်းအလိုက်တော့ ကျွန်တော်ပြောလို့ မရပါဘူး။ အစည်းအဝေးတစ်ခုလုံးက သဘောတူလိုက်တာကိုပဲ ပြောလို့ရပါတယ်။ တစ်ဦးချင်းဆွေးနွေးတာကို ပြောလို့မရပါဘူး။ ငြိမ်းချမ်းရေးကိစ္စကတော့ ရှေ့ဆက်ဆွေးနွေးမယ့်အထဲမှာ ပါတယ်။ ရွေးကောက်ပွဲဆိုတာကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆိုတာကလည်း တည်ငြိမ်အေးချမ်းဖို့လည်း လိုတာကိုး။ တည်ငြိမ်အေးချမ်းမှုရှိဖို့ဆိုတာက ငြိမ်းချမ်းရေးက အရေးကြီးတာပေါ့”ဟု ဦးရဲထွဋ်က ပြောကြားသည်။
ခြောက်ပွင့်ဆိုင်အား ၄၈ ကဲ့သို့ ဆွေးနွေးပွဲများထက် အလေးထားမထားနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဦးရဲထွဋ်က ရှေ့မှာ တွေ့ခဲ့သည့် တိုင်းရင်းသားဝန်ကြီးတွေ အပါအဝင်တွေ့ဆုံခြင်း၊ နောက်တစ်ခါ သမ္မတကြီး ရန်ကုန်မှာ သွားတွေ့ခဲ့သည့် ပါတီတွေနှင့် တွေ့ဆုံခြင်းများသည် အခြားအဖွဲ့အစည်းများ၏ သဘောထားများကို တတ်နိုင်သမျှ စုခြင်းဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ခြောက်ဦး တွေ့ဆုံပွဲမှာ ပါဝင်သည့်သူများတက်ခဲ့ကြောင်း၊ တက်ခဲ့သည့်အတွက် အမြင်များအားလုံးကို သူတို့က နားထောင်ခွင့်ရခဲ့ကြောင်း၊
ယခု ဆွေးနွေးသည့်အခါ အထောက်အကူဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသော ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ရစဉ် (ဝဲမှယာ) (ဓာတ်ပုံ-စိုးမင်းထိုက်)
“သမ္မတကြီးကလည်း ပြောပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်တဲ့အခါမှာ အားလုံးရဲ့အသံကို ပါဝင်နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးပွဲတွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်သွားမယ်။ ဒါကြောင့်မို့ လိုအပ်ရင်တော့ ဆက်ရှိနေဦးမှာပေါ့။ သို့သော် သီးခြားစင် ပြိုင်တော့ မဟုတ်ဘူးပေါ့။ ဟိုဘက်ကဟာသည် ဒီဘက်မှာ အထောက်အကူပြုဖို့ စဉ်းစားနိုင်ဖို့ ဒီလိုမျိုးဖြစ်သွားမှာပေါ့”ဟု ၎င်းက ပြောကြားသည်။
ခြောက်ပွင့်ဆိုင်ကို ပိုအလေးထားမထားနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဒီမိုကရေစီစနစ်အရပြောရရင် ပြည်သူတစ်ဦးချင်းကဏ္ဍကိုလည်း အလေးထားရကြောင်း၊ အဖွဲ့အစည်းတစ်ခုချင်း၏ ပါဝင်မှုကိုလည်း အလေးထားရကြောင်း၊ ခြောက်ဦးတွေ့ဆုံ ခြင်းကို ပိုပြီးအလေးထားသည်ဆိုသည့် သဘောမျိုးပြော၍ မရကြောင်း၊ အားလုံးကို အလေးထားရကြောင်း၊ ဒီခြောက်ဦးကတော့ အဖွဲ့အစည်းကြီးတွေကို ကိုယ်စားပြုထားတာဖြစ်သည့်အတွက် အားလုံးရဲ့ဆန္ဒတွေကို ဝိုင်းစဉ်းစားပေးသည့်သဘောဖြစ်ကြောင်း၊
ဘယ်သူက ဘယ်သူ့ထက် ပိုအရေးပါတယ်ဟု မပြောချင်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။
“ကျွန်တော့် တစ်ဦးချင်း ယုံကြည်မှုအရ ပြောရရင် ဒီလိုမျိုးတွေ့ဆုံမှု၊ ဒီဟာမတိုင်ခင် အဖွဲ့အစည်းအများစုတွေရဲ့ တွေ့ဆုံမှုတွေကြောင့် ကျွန်တော်တို့နိုင်ငံရဲ့အရေးကြီးဆုံးကိစ္စဖြစ်တဲ့ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာနဲ့ အေးချမ်းစွာ ကျင်းပနိုင်ဖို့အတွက် အများကြီး အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အားလုံးလည်း ဒီလိုပဲယုံကြည်မယ်လို့ ထင်ပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ယခုဆွေးနွေးပွဲတင် မဟုတ်ကြောင်း၊ ကျန်သည့်အချိန်များတွင်လည်း ပုဂ္ဂိုလ်ခြောက်ဦးစလုံးက အလျဉ်းသင့်သည့်နေရာတွင် လိုအပ်ပါက အခြေအနေအချိန်အခါနှင့် ကိုက်ညီအောင် ပြင်ဆင်ရမည်ဆိုသည်ကို သဘောတူခဲ့ကြကြောင်း ဦးရဲထွဋ်က ပြောကြားသည်။
ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် မီဒီယာများ သွားရောက်စောင့်ဆိုင်းခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ခြင်းမရှိကြောင်း သိရသည်။















