ယနေ့ပြုလုပ်မည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲတွင် နိုင်ငံအတွက် အကျိုးဖြစ်စေမည့် သဘောတူညီချက်များရရှိရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ယနေ့ပြုလုပ်မည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲတွင် နိုင်ငံအတွက် အကျိုးဖြစ်စေမည့် သဘောတူညီချက်များရရှိရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 9 April 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်

ဧပြီ ၁ဝ ရက်(ယနေ့)ပြုလုပ်မည့် ခြောက် ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ၌ နိုင်ငံအတွက် အကျိုးဖြစ်စေမည့် သဘောတူညီချက်များ ရရှိနိုင်ရန် အရေးကြီးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဧပြီ ၉ ရက်တွင် နေပြည်တော် လွှတ် တော်အဆောက်အအုံ I-12 ၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီတွေ့ဆုံပွဲကနေ တကယ်ပဲ နိုင်ငံအတွက် အကျိုးဖြစ်စေမယ့် သဘောတူညီချက်တွေ ရနိုင်ဖို့ ဒါကသာ အရေးကြီးတာ” ဟု ပြောကြားသည်။
သတင်းထောက်များ မေးမြန်းသည့် “ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ အောင်မြင်နိုင်မှု ရှိ၊ မရှိ ခန့်မှန်းပေးပါ” ဆိုသည့် မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က “ဒီလိုကိစ္စမျိုးဆိုတာ ဘယ်လိုမှ ကြိုတင်ပြောလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ကြိုတင်ပြီး ပြောထားလို့ရှိရင် ကိုယ့်ရဲ့ကြိုတင်ပြင်ဆင်မှုတွေကို မဖြစ်မြောက်အောင် လုပ်ချင်တဲ့လူတွေကလည်း ရှိတယ်။ ဒါလည်း နိုင်ငံရေးပဲ” ဟု ပြန်လည်ဖြေကြားပေးသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ခြောက်ပွင့်ဆိုင်ဆိုလည်း အန်တီတို့ ကျေနပ်တယ်။ အရင်တုန်းက လေးပွင့်ဆိုင်ဆိုတာ လွှတ်တော်ကို ပြည်ထောင်စုလွှတ်တော် နာယကတစ်ဦးတည်းက ကိုယ်စားပြုတဲ့ပုံစံ။ အခုတော့ အထက်လွှတ်တော် အောက်လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးစလုံးပါတယ်။ နောက်ပြီးတော့ လွှတ်တော်ထဲက တိုင်းရင်းသားနိုင်ငံရေး အဖွဲ့တွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တစ်ယောက်ပါတယ် ဆိုတာလည်း ပိုပြီးပြည့်စုံတာပေါ့” ဟု ထည့်သွင်းပြောကြားသည်။
ထို့ပြင် သတင်းထောက်များ မေးမြန်းသည့် “ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုကနေ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဘယ်လောက်အထိ ရည်မှန်းထားပါသလဲ” ဆိုသည့် မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က “ဒီလိုတွေ့ဆုံပွဲဆိုတာ မစခင်ကတည်းက ဟိုဟာလုပ်မယ်။ ဒီဟာလုပ်မယ်။ ဒါလိုချင်တယ်။ ဟိုဟာလိုချင်တယ် ပြောလို့ရှိရင် အောင်မြင်မှုကို အကျိုးမပြုဘူး လို့ပဲထင်ပါတယ်။ ပထမဦးဆုံးတွေ့တယ် ဆိုကတည်းက ဘယ်လိုပုံစံနဲ့ ဆက်သွားမလဲ ဆိုတာကို စပြီးဆွေးနွေးပါမယ်” ဟု ပြန်လည် ဖြေကြားပေးသည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတ အိမ်တော်တွင် ယနေ့ ဧပြီ ၁ဝ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာအေးမောင်တို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်သတင်းယူမည့် သတင်းထောက်များ အနေဖြင့် မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ် နောက်ဆုံးထားပြီး ဝင်ရောက်ရမည်ဖြစ်ကြောင်း၊ သတင်းဓာတ်ပုံရယူပြီး ဆွေးနွေးပွဲစတင်ချိန်တွင် ပြန်လည်ထွက်ခွာ ရမည်ဖြစ်ကြောင်း သိရသည်။
ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲအပြီး ညနေ ၄ နာရီခန့်တွင် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဧပြီ ၁ဝ ရက်တွင် ပြုလုပ်မည် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ဧပြီ ၈ ရက်တွင် နိုင်ငံတော်သမ္မတ အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည့် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော်တွင်းရှိ တိုင်းရင်းသားပါတီများ ကိုယ်စားပြုတစ်ဦး စသည်ဖြင့် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး အဆိုအား ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် အတည်ပြုထားခဲ့ကြောင်း၊ အဆိုအတည်ပြုပြီး လေးလနီးပါးခန့် အကြာတွင် ပထမဆုံးအကြိမ်အဖြစ် ခေါင်းဆောင်ခြောက်ဦး တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။
ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် အဆိုတင်သွင်းခဲ့သူ ဦးမြင့်ထွန်းက “ကျွန်တော်အဆိုတင်ခဲ့တာ အခုဆိုလေးလနီးပါး ရှိလာပြီ။ အခုတွေ့ဆုံမယ်ဆိုတော့ ဝမ်းသာတာပေါ့။ တွေ့တယ်ဆိုရာမှာလည်း မကြာခဏ တွေ့ဆုံနေဖို့လိုတယ်။ တစ်လတစ်ခါ ဒါမှမဟုတ်ရင် တစ်လနှစ်ခါ။ အဲလို တွေ့နေရမှာ။ ခေါင်းဆောင်ခြောက်ယောက် ညီသွားပြီဆိုရင် တိုင်းပြည်အတွက် ပိုကောင်းသွားမှာပါ” ဟု ပြောကြားသည်။
 
 
 

Most Read

Most Recent