ထပ်ထပ်သာ စောတော့တယ်မြကြောငယ်ရစ်သီ၊ ကိုက်ဖူးငယ်စီသည် ပွင့်သိင်္ဂီရွှေရင်ခတ်ကယ်တို့၊ရှစ်ရပ် ကယ်နယ်တခိုကစိုလှတယ်လေး။နွေခါမှီငယ်...ရာသီမိဿ ဂိမှာနမို့၊ စိတြကြယ်တိမ်မိုးလယ်မှာ၊စံပယ်ကွန့်ကာ၊ တိမ်ဗွေချာဝယ်ဒေသစာလမ်း၊ လှည့်လည်ငယ်မြန်းလို့၊နှစ်ဆန်းငယ်သင်္ကြန်၊သစ်သစ်သာဖန်တော့တယ်၊နိုင်ငံကြော့ပြည်သူမှာ၊ပန်ဆုယူတာရေ သွန်းချိန်မို့၊လွမ်းလှတယ်လေး...။မဟာအတုလမင်းကြီးဆို ဆယ့်နှစ်ရာသီဖွဲ့ လွမ်းချင်းများမှ တန်ခူးလဖွဲ့ ဖြစ်ပါ၏။ ‘လွမ်းချင်း’ ဟုဆိုလေသဖြင့် မင်းကြီးက စိတ်လက်မကောင်း ဝမ်းနည်းကြေကွဲကာ လွမ်းတသည်မဟုတ်။ ကိုယ့်နိုင်ငံကိုယ့်ရေမြေ သဘာဝရာသီခွင် သဘာဝပြည်သူတို့၏ နှစ်သစ်ကူးပြောင်းချိန် အတာရေသွန်းကြသော သင်္ကြန်အခါသမယကို ချစ်ခင်မြတ်နိုစွာ ခံစားပြီး တေးသီချင်းသီဆိုခြင်းသာ ဖြစ်ပါလေသည်။ ရှေးရှေးကနှင့်မတူ ယခု အမှန်တကယ် လွမ်းရသည်က ကျွန်တော်တို့ ပြည်သူလူထု ဖြစ်ပါသည်။မိုးလားကွဲ့ မောင်တို့မောင်တို့။လေလားကွဲ့ မောင်တို့မောင်တို့။ဘုန်းတော်ထွန်းလို့ လေးကျွန်းသာရွှေမြို့အောင်ချာ နတ်ပြည်အလား။ဖန်ပြာခွက်နဲ့ ကျောက်စက်ရေအမေပြေအောင် တိုက်ပါမမ။အိုးစည်သားများ ကျက်သရေကမ္ဘာသင်္ချေပြောလိုမဆုံး။တေဇာဝေဖြာ ကြေညာကျော်မိုးပေါ်ဘိုးတော် မတဲ့ရပ်သားဟေ့လားမောင်တို့ဝါး။သီချင်းတို့အကြား ချပ်ညှပ်၍ တိုင်ကာ ဖောက်ကာ သီဆိုသော ‘သံချပ်’ ဟူသည် ဤသို့ ရှိလာခဲ့သည်။ မြန်မာလူထုက ကြိုက်နှစ်သက်ကြသည်။ အရေးအစပ်ကောင်း သံချပ်များ ဟန်ကျပန်ကျ အတိုင်အဖောက်သီ ဆိုကြသည် နားထောင်ချင်ကြသည်။ အစဉ်အလာ သံချပ်အစပ်ကောင်း အဆိုကောင်း အဖွဲ့တွေလည်း ရှိခဲ့ကြသည်။ သူတို့ကို လူထုက ချစ်ကြသည်။ သူတို့တွေက အမှန်တရားများ၊ လူမှုအဖွဲ့အစည်း၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အကျင့်တန်ဖောက်ပြန်သည်များကို ပြောပေးကြသည်ဖြစ်၍ သံချပ်သမားများနှင့် သံချပ်များကို လိုလိုလားလား သတိရနေကြသည်။ သို့သော် သံချပ်ထိုးလိုပါက ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုချက် တောင်းရသလိုမျိုးပင် ခွင့်ပြုချက်နှင့် အဖြတ်အတောက် ခံဖို့တင်ပြ။ မတင်ပြခွင့်မပြုဘဲ ထိုးခဲ့လျှင်...။ဟိုယခင်က သံချပ်သံတွေထွက်ပေါ် နားဆင်ဖို့ မဏ္ဍပ်တွေ ရှိခဲ့သည်။ အဆို၊ အက အလှ၊ သဘာဝစွယ်စုံဆု၊ တစ်ခုချင်းဆုတွေ အကဲဖြတ်ပြီး ချီးမြှင့်ပေးခဲ့သည့် ဆုပေးမဏ္ဍပ်တွေ ရှိခဲ့သည်။ မြို့နယ်တိုင်းမှာလိုဖြစ်သည်။ သင်္ကြန်ပိုး သင်္ကြန်မင်းသား မင်းသမီးများမှာ ဆုနှင့် ဆုငွေထက် တစ်နှစ်မှ တစ်ခါသာလျှင် ပျော်ရွှင်စွာ ဆင်နွှဲကြရသော နှစ်ကူးပွဲတွင် အပန်းပြေအောင် ခံစားကြပါစေ သဘောဖြင့် အပင်ပန်းခံ တင်ဆက်လိုကြခြင်း ဖြစ်သည်။ ပဲ့ပြင်သွားအောင် ထုတ်ဖော်ပြောပြသော သဘောလည်းဖြစ်သည်။ တကယ်နာစေချင်လျှင် သံချပ်ဘယ်ထိုးပါ့မလဲ နံပါတ်တုတ်ကို လုယူပြီး ရိုက်ပစ်မှာပေ့ါခင်ဗျာ။ဟိုတုန်းက မြို့နယ်မှာ မဏ္ဍပ်တစ်ခုစ နှစ်ခုစရှိတော့ ရပ်ကွက်လူထုက စုဝေးကြည့်ရှု ခံစားနိုင်ကြသည်။ မုန့်ပဲသရေစာလည်း လုပ်ကိုင်ရောင်းချ၍ရသည်။ သွားရင်းလာရင်း အဆာပြေ ကြိုက်ရာစားနိုင်ကြသည်။ အနီးအနားမှာ ကလေးများက ရေပက်ကစားကြ။ အနီးအနားမှာ ရပ်သူရွာသားများက စတုဒိသာ ကျွေးမွေးကြ။ လူပျိုကာလသားများက တစ်ရပ်သားချင်း ဟုတ်ဟုတ်မဟုတ်ဟုတ် ရေပက်ရေလောင်းကြ ပိုးကြပန်းကြနှင့် ပျော်ရွှင်စရာ။ သံချပ်ထဲတွင် သမဝါယမလူကြီး နို့ဆီ၊ သကြား၊ ဒူးယားမှန်လျှင် သူနှင့်သူ သင့်မြတ်သူတွေကိုသာ ပေးတတ်တဲ့အကြောင်း ထည့်ထိုးတော့ ဘာဖြစ်သလဲ။ အရပ်ထဲက မိန်းမပျိုလေး ဆတ်ကော့လတ်ကော့နေလို့ ဗိုက်ထွက်အရှက်ရတတ်တဲ့အကြောင်း ထည့်ထိုးတော့ ဘာဖြစ်သလဲ။ ရယ်မောရအောင်နဲ့ အသိဝင်ရအောင်လေ။ ဤသို့ပါပဲ ရဲတို့၊ တရားသူကြီးတို့၊ ဝန်ကြီးဝန်ကလေးတို့ လူထုအပေါ်မှာတော့ ဟန်တစ်လုံးပန်တစ်လုံး ဟိတ်ဟန်ထုတ်ပြီး ဟုတ်လို့ကျော် ပုပ်လို့ပေါ်တဲ့အကြောင်း သံချပ်ထဲပါတော့လည်း ဘာဖြစ်သလဲ။ ယဉ်ကျေးမှုအရ ပြုပြင်စေချင် ကောင်းစေချင်သည့် သဘောမို့ မဟုတ်ကြလျှင် သည်းခံ၊ ဟုတ်နေခဲ့ပါလျှင် ပြင်ကြဖို့ ဖြစ်သည်။ သံချပ်ထိုးစရာမျိုး မဖြစ်အောင် နေကြလုပ်ကြဖို့ ဖြစ်ပါသည်။ အခုတော့ သံချပ်အထိုး မခံနိုင်၊ လက်ညှိုးအထိုးမခံနိုင် ဖြစ်နေကြသည်။စာရေးသူ၏ သူငယ်ချင်းများတွင် သင်္ကြန်ပိုးများ ရှိကြသည်။ နှစ်စဉ် သူတို့တွေသည် ကိုယ့်မြို့လူထုကို ဖျော်ဖြေဖို့ အသိပေးဖို့ ရေးကြစပ်ကြ ဆိုကြဇာတ်တိုက်ကြနှင့် အချိန်ပေး ကြိုးစားကြသည်။ သူတို့ သင်္ကြန်ကား နာမည်ကိုက ‘ရွှေဘုံနိဒါန်း’ ဟု မှတ်သားမိနေသည်။ သံချပ်များ သီချင်းများအကြား သူတို့၏ ထိုးဇာတ်တစ်ခုမှာ ‘ဘုရင့်ဆင်မည်းကြီး ဘယ်တော့ဖြူမလဲ’ ဖြစ်သည်။ ဆင်ဖြူတော်ကို အလွန်အလိုရှိနေသော ပေါတောတောဘုရင်ကို ဆင်ဖြူတော်ရှာမရသည့် မုဆိုးနှင့် သူ့ဝန်ကြီး ဝန်ကလေးတို့က ဆင်ဖြူတော်ပါပဲ။ နှစ် ၆၀ ပြည့်လျှင် ဖြူတော်မူပါလိမ့်မည်ဟု တစ်ပတ်ရိုက်တင်လျှောက်ခန်း ထိုးဇာတ်ကလေး ဖြစ်သည်။ နောက်တစ်ခုက နေ့တိုင်း ထမင်းစားရသည်မှာ ပဲပြုတ်နှင့် ကန်စွန်းရွက်ကြော်ချည်း စားရသဖြင့် စိတ်ကောက်ကာ ထမင်းပန်းကန် မှောက်ပစ်သည့် သားကို အဖေက ရိုက်မိသောဇာတ် ဖြစ်သည်။ သားငယ်ကို ရိုက်မိပြီး စိတ်မကောင်းပြန်ဖြစ်ရသော အဖေက သားကိုပြန်ပွေ့ဖက်ကာ ဝမ်းပန်းတနည်းဖြင့် “သားရယ်၊ သားကိုရိုက်တာ အဖေ့လက် မဟုတ်ပါဘူးသားရယ်” ဆိုသော စကားကို ဆိုပြောရင်း တစ်ခန်းရပ်သည့်ဇာတ် ဖြစ်သည်။ သို့ဆိုလျှင် ကလေးငယ်ကို မည်သူရိုက်ပါသလဲ။ ရပ်ကွက်လူထုက အနုပညာကို ခံစားနားလည် ကြပါသည်။သူတို့အဖွဲ့သည် စွယ်စုံဆုလည်း ရခဲ့သည်။ အကဲဖြတ် ဒိုင်ချုပ်တစ်ဦးဖြစ်သော ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေကလည်း သူ့အရပ်မဏ္ဍပ်၌ ပြိုင်ပွဲဝင်အပြီး ချီးမွမ်းခန်း ထုတ်ခဲ့ကြောင်း ဆိုပါသည်။ စင်စစ် သင်္ကြန်အနုပညာသည် လူထုထဲမှပင် ထွက်ပေါ်ကာ ပြည်သူလူထုကိုပင် ဖျော်ဖြေတင်ဆက်ခြင်း ဖြစ်သည်။ ယနေ့မျက်မှောက် အာဏာရှင်များ အုပ်စိုးလာသည့် ကာလတစ်လျှောက်မှာတော့ သည်အနုပညာများ မရှိသလောက် ရှားပါးသွားပြီဟု ခံစားရပါ၏။ လူထုမဏ္ဍပ်များလည်း မရှိတော့၊ ငွေရှာသည့် မဏ္ဍပ်များသာ ရှိနေပါတော့၏။ ထိုမဏ္ဍပ်များအတွက် သတ်မှတ်နေရာများမှာ ခွင့်ပြုချက်ရယူပြီး ငွေကြေးအမြောက်အမြား ကုန်ကျခံကာ ဆောက်လုပ်ကြရတော့ ရေကစားလိုသူများ တစ်ရက်လျှင် ကစားခွင့် ငွေပေးရသည့်နှုန်းမှာ သင်္ကြန်ကျလေ၊ ကြတ်လေ၊ တက်လေ များပြားလေ ဆိုသည့်နှုန်း ဖြစ်တော့သည်။ ငွေများမှ ရေကစားနိုင်သော သြော်-သင်္ကြန်ပါ။ မှားလို့မှားလို့ အ-အက္ခရာဖြင့် ‘အော်’ ပါ။ထိုရေကစားရေပက်သည့် မဏ္ဍပ်ကို ကြည့်ပါ။ မဏ္ဍပ်ပေါ်မှ ရေပိုက်ကြီးငယ်များဖြင့် အောက်ကလူတွေကို ထိုးပက်၏။ အောက်ကလူများမှာလည်း ‘နတ်ပူးတဲ့တိုင် ယိုင်ပါဘိလေး’ ဆိုသကဲ့သို့ ဖြစ်ကြပါသည်။ မြန်မာနှင့် တိုင်းရင်းသား အဆိုအကများမှာ အတာသင်္ကြန်ပွဲနှင့် တကယ်ပင် လိုက်ဖက်ကြပါ၏။ ထိုသို့သော အဆိုအကများ အကြားဝယ် ယခုမူ သရုပ်ပျက်လျှပ် ပေါ်လော်လည်မဝတ်ရ ဆက်ဆီဒန့်စ်မကရဆိုသော တားမြစ်ချက်များက ပေါ်တင်ရှိနေကြ၍ပင် မဟုတ်ပါလား။ ယနေ့ TV Spot ကြော်ငြာများတွင်ပင် ရှိနေသေးသည်ဟု ထင်ပါ၏။ လူ့ဘဝသို့ မကြာမတင်ကာလကမှ ရောက်ခါစ ကလေးသူငယ်များအဖို့ ထိုကဲ့သို့ ပျော်ပါးမှုမျိုးကို တွေ့မြင်သင့်ကြပါသည်လား။ ကျောင်းသူကျောင်းသား ငယ်လေးများလည်း အတုခိုး အပျော်လွဲမှားနိုင်ပါတော့သည်။ အရက်၊ ဘီယာ၊ မူးယစ်စေသော အဖျော်ယမကာများ၊ လူကောင်းစိတ်ကို ကာမစိတ်ဖြင့် ဖျက်ဆီးသော ဆေးဝါးဆိုသည်များ ဖမ်းဆီးနှိမ်နင်းနေကြရသည့် သတင်းများကလည်း သင်္ကြန်ကို ခုတုံးလုပ်သည့် စီးပွားရေးသောင်းကျန်းပုံ သရုပ်ပေါ်လှပါသည်။တစ်နှစ်တစ်နှစ် အရပ်ထဲလမ်းထဲမှ ကလေးငယ်များမှာ ရေကစားစရာ ရေမရှိ။ ရေပက်စရာ လူမရှိ ဖြစ်လာနေသည်။ မနှစ်ကဆိုလျှင် လမ်းထဲမုန့်လုံးရေပေါ်၊ မုန့်လုံးကြီး၊ ရွှေရင်အေး စသည့် ရိုးရာအစာအာဟာရ လှူ ဒါန်းသူပင် အတော်နည်းသွားသည်ကို သတိပြုမိသည်။ ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်များ နေထိုင်ရာ ရပ်ကွက်များ၌ စတုဒိသာ ထမင်းဟင်း အလျှံပယ် လှူဒါန်းကျွေးမွေးပုံကိုတော့ ရုပ်မြင်သတင်းထဲ တွေ့မြင်ရတော့ သာဓုခေါ်ရင်းက ဒါလည်းပဲ တို့ပြည်တို့မြေရဲ့ အသွင်သရုပ်တစ်ခု လေလားဟု ခံစားမိတော့သည်။‘လာလာလေလိုက်ခဲ့တော့တို့စရိုက်တို့ဘာသာနှစ်ဆန်းခါ ပိတောက်ကြွားချိန်မို့ကစားကာရေကြည်ကြည်နဲ့ပီပေသည် မြန်မာမျိုးကိုလတိုးဆင့်၍ ချစ်ခဲ့တာ။’မြန်မာ့စာဆိုကြီး ဆရာဇော်ဂျီက ‘တစ်ခုသော သင်္ကြန်အခါ’ ဆိုပြီး ယခုလို ချစ်ခဲ့ပါသည်။ ‘နှစ်သစ်ကူးတဲ့၊ တန်ခူးခါမှာ၊ ဒါနက တဝေေ၀၊ ရေတွေကတရွှဲရွှဲ၊ ပျော်ပွဲကတဝင့်ဝင့်၊ ကဲလို့သာဆင့်ရော့၊ အရွယ်သင့်အရွယ်ငယ်၊ မြန်မာတွေထည်လိုက်ကြ’ ဟု ဆရာ ဂုဏ်တွေယူခဲ့သည်။ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်းထဲမှ ချစ်စရာဓလေ့ကို ဆရာက ‘သင်္ကြန်အခါ အလံတိုင်ဘုရားမှာ’ ကဗျာထဲ ဖွဲ့ဆိုခဲ့ပါသေး၏။နေခြည်ကမှေးမှေး၊ စေတီကသေးသေးအမွှေးနှင့် ရေသပ္ပာယ်၊ဟိုမှာတစ်စုသည်တစ်စု၊ ရေလုလို့သယ်ကြအလယ်ကဘုရား၊စကားက တဖောင်ဖောင်၊မောင်တို့က ရေတွေသွန်း၊စေတီငယ်မွန်းရချည့်လွမ်းစရာ့ သည်နေရာမယ်တို့လည်းလာကြ၍၊ပိတောက်ဝါ ရင်ခတ်ပန်းတွေနဲ့ကြည်ညိုခန်းဖွင့်ကြပေါ့။
ကျွန်တော်တို့တွေသည် ပွဲကြိုက်ကြပါသည်။ အပျော်လည်းမက်ကြပါသည်။ ထုံးဓလေ့များကို မမေ့မပျောက်မဖျက်ပစ်သော အပျော်မျိုး ရေရှည်တည်တံ့ ခိုင်မြဲရှိစေသင့်ပါသည်။ ခရစ်နှစ်သစ်ကူးဆိုလည်း ညသန်းခေါင်တိုင်အောင် စောင့်ကာ ဟက်ပီးနယူးယီးယား အော်ကြသည်။ တရုတ်နှစ်ကူးပွဲဆိုလည်း ကမ်ပေ့လုပ်ကြသည်။ အကြိုက်အနှစ်သက်ဆုံး ကိုယ့်မြန်မာနှစ်သစ်ကူးပွဲတွင် အလွန်တန်ဖိုးထားစရာ ကောင်းလှသည့် နှစ်ဟောင်းက ပြုမိမှားကြံမိမှား အကုသိုလ် အညစ်အကြေးတို့ကို ဆေးလျှော်သော ယဉ်ကျေးမှုကို မည်ကဲ့သို့ အရိုးပေါ် အရွက်ဖုံးသင့်ကြပါမည်နည်း။ နှစ်ဟောင်းမှာလည်း မကောင်းတာတွေ ရှိခဲ့ပြီး နှစ်သစ်သို့ပါ အကုသိုလ် အညစ်အထေးတွေ တစ်လုံးတစ်ခဲကြီးဖြင့် မည်ကဲ့သို့ ကူးပြောင်းဝင်ရောက် သင့်ကြပါမည်နည်း။ ကွက်ကွက်ကလေး အပျော်ကြူးကြသော သင်္ကြန်မျိုး မဟုတ်ဘဲ အားလုံးက ဆင်နွှဲနိုင်ကြသည့် ပျော်ရွှင်ဖွယ်ရပ်ရွာ သင်္ကြန်မျိုးအတွက် ပြန်လည်သတိပြုသင့်ကြပါပြီ။အာဏာပိုင်ပုဂ္ဂိုလ် ဆိုသူများလည်း သင်္ကြန်အနုပညာများကို မကြောက်သင့်၊ မြတ်နိုးလက်ခံသင့်ကြပါသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးဓလေ့စရိုက်များ ရှင်သန်အားကောင်းသော နှစ်သစ်ကူးရိုးရာ အတာသင်္ကြန်များ ဖြစ်ဖို့လည်း ကောင်းပါလေရဲ့ဟု ခံစားနေမိပါသည်။ဘယ်မြေဟာ စေတီပေါမယ်လဲ့ဘယ်ပြေဟာ အပျော်ကျောမယ်လဲ့စိတ်ဇောမြန် ဗမာမှာဖြင့်၊သံသရာဂရုထားသူမို့၊ပါးလိုက်ကြပျော်ပျော်သာ အခါကနှစ်ဆန်း။.... လကလဲ ရွှင်လန်းရွက်ဟောင်းကျကြွေ၊ ရွက်သစ်ကယ်ဝေ၊လေပြေဖျန်းလာတော့လွမ်းစရာပေါ့....။(ဇော်ဂျီ)စာကိုး - ရာသီသဘင် (ဦးသော်ဇင်) - ကဗျာပေါင်းချုပ်သစ် (ဇော်ဂျီ) - မြန်မာ့ဘဝ၊ မြန်မာ့ဝန်းကျင်နှင့် မြန်မာ ကဗျာ(စာတမ်း) - မြန်မာကဗျာဖွဲ့နည်း (တင်မိုး)










