ဒီမိုကရေစီကျင့်စဉ်များအရ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်မှုကို အသိအမှတ်ပြုရမည့်နည်းတူ တည်ဆဲဥပဒေနှင့် စည်းကမ်းများကို လေးစားလိုက်နာရန်လိုဟု သမ္မတပြောကြား

ဒီမိုကရေစီကျင့်စဉ်များအရ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်မှုကို အသိအမှတ်ပြုရမည့်နည်းတူ တည်ဆဲဥပဒေနှင့် စည်းကမ်းများကို လေးစားလိုက်နာရန်လိုဟု သမ္မတပြောကြား
Published 3 April 2015
အောင်ဇော်ထွန်း

ဒီမိုကရေစီကျင့်စဉ်များအရ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်မှုများကို အသိအမှတ်ပြုရမည့်နည်းတူ တည်ဆဲဥပဒေများနှင့် စည်းကမ်းများကို လေးစားလိုက်နာကြရန်လိုအပ်သည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဧပြီ ၃ ရက်က ပြည်သူများသို့ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုများနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားသည်။အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးဆန္ဒပြမှုဖြစ်စဉ်နှင့်ပတ်သက်သည့်ကိစ္စ၊ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးညှိနှိုင်းမှုကိစ္စ၊ ကိုးကန့်အရေးကိစ္စ၊ ရခိုင်ပြည်နယ်တွင် အောင်တံခွန်ရေယာဉ်နစ်မြုပ်ခဲ့သည့် ကိစ္စတို့အပါအဝင် မတ်လအတွင်းဖြစ်ပွားခဲ့သည့်ကိစ္စရပ်များနှင့် ပတ်သက်သည်များကို နိုင်ငံတော်သမ္မတက ရေဒီယိုမိန့်ခွန်းတွင် ရှင်းလင်းပြောကြားသည်။နိုင်ငံတော်သမ္မတက ]]အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒပြတဲ့နည်းလမ်းနဲ့ ကြိုးပမ်းတဲ့ကိစ္စရပ်များမှာ စိတ်မကောင်းစရာ၊ ဝမ်းနည်းဖွယ်ရာကိစ္စရပ်တွေများစွာဖြစ်ပွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်တွေမှာ ကျွန်တော်တို့အားလုံး သင်ခန်းစာတစ်ရပ်အနေနဲ့ ရယူဖော်ထုတ်နိုင်တာကတော့ ဒီမိုကရေစီရဲ့ကျင့်စဉ်တစ်ရပ်ဖြစ်တဲ့ သည်းခံနိုင်စွမ်းရှိခြင်းဆိုတာကို အနေဝေးခဲ့တဲ့ အကျိုးဆက်တွေပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီးတော့ အင်အားစုအားလုံးဟာ နောင်ကြုံတွေ့လာရမယ့်ဖြစ်စဉ်များမှာ ပိုမိုပြီး စည်းကမ်းတကျဆောင်ရွက်နိုင်ဖို့အတွက် မိမိတို့ရဲ့အရည်အသွေးတွေကို မြှင့်တင်ကြရမှာလည်းဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲ ဒီမိုကရေစီကျင့်စဉ်များအရ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်မှုတွေကို အသိအမှတ်ပြုရမှာဖြစ်တဲ့နည်းတူ တည်ဆဲဥပဒေတွေနဲ့ စည်းကမ်းများကို လေးစားလိုက်နာကြဖို့လည်း လိုအပ်မှာဖြစ်ပါတယ်" ဟုပြောကြားသည်။လွတ်လပ်ရေးရပြီးကတည်းက ကာလရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်ရပ်စဲပြီး နိုင်ငံရေးအရဖြေရှင်းနိုင်ရန်အတွက် အရေးအကြီးဆုံးမှတ်တိုင်တစ်ခုဖြစ်သည့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရန် စာချုပ်ပါအချက်အလက်များအားလုံးကို သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း၊ များမကြာမီကာလအနည်းငယ်အတွင်းမှာပင် နှစ်ဖက်ဆွေးနွေးဖက်များ သဘောတူအတည်ပြုထားသည့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့မှာဖြစ်ကြောင်း၊ ခက်ခဲသည့်အကျပ်အတည်းများကိုကျော်လွှားပြီး နိုင်ငံရေးဆွေးနွေးပွဲများကိုဦးတည်သော ငြိမ်းချမ်းရေးလမ်းကြောင်းကြီးကို ဖွင့်လှစ်နိုင်ပြီဖြစ်သည်ဟု နိုင်ငံတော်သမ္မတကပြောကြားသည်။ဆက်လက်၍ နိုင်ငံတော်သမ္မတက "တစ်ဆက်တည်းမှာပဲ ကိုးကန့်အရေးနဲ့စပ်လျဉ်းပြီးတော့ အနည်းငယ်ပြောကြားလိုပါတယ်။ လက်ရှိအချိန်မှာ ကိုးကန့်ဒေသမှာ အရေးကြီးလုပ်ငန်းစဉ်အနေနဲ့ တည်ငြိမ်အေးချမ်းမှုရရှိရေးကို အဓိကထားလုပ်ဆောင်နေတဲ့အဆင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ကြိုးပမ်းတည်ဆောက်နေတဲ့ နိုင်ငံတော်သစ်မှာ တိုင်းရင်းသားများ၊ လူနည်းစုများရဲ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ဆိုတဲ့ကိစ္စရပ်တွေကိုလည်း ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင် အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားရမှာပဲဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ ဆက်ဆံရေးကောင်းရှိဖို့ လိုအပ်နေတဲ့အချိန်မှာ ဒီလိုပဋိပက္ခတွေကြောင့် ကျွန်တော်တို့နိုင်ငံရဲ့မဟာဗျူ ဟာမြောက်ဆက်ဆံရေးကို အထိခိုက်ခံမှာမဟုတ်ဘူးဆိုတာကိုလည်း ပြောကြားလိုပါတယ်" ဟုပြောကြားသည်။ရခိုင်ပြည်နယ်တွင် မတ်လအတွင်းကဖြစ်ပွားခဲ့သော အောင်တံခွန်ရေယာဉ်နစ်မြုပ်ခဲ့သည့် ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်နှင့်ပတ်သက်၍ မိသားစုဝင်များဆုံးရှုံးခဲ့ရသည့် ကျန်ရစ်သည့်မိသားစုများနှင့် ထပ်တူဝမ်းနည်းမိသည်ဟု နိုင်ငံတော်သမ္မတကပြောကြားသည်။"အစိုးရဌာနများ၊ ဝန်ထမ်းအဖွဲ့အစည်းများရဲ့လိုအပ်ချက်၊ အားနည်းချက်နဲ့ပေါ့ဆမှုတွေကြောင့် နောက်နောင်မှာ အခုလိုဝမ်းနည်းစရာဖြစ်ရပ်တွေ ထပ်မံမပေါ်ပေါက်စေဖို့အတွက် လိုအပ်တဲ့စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ အဆင့်ဆင့်ညွှန်ကြားထားပြီးလည်းဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ ကူးသန်းသွားလာရေးမှာ ပြည်သူများအနေနဲ့ လုံခြုံစိတ်ချစွာသွားလာနိုင်ဖို့အတွက် လက်ရှိပေါ်ပေါက်နေတဲ့ အခြေခံအဆောက်အအုံစီမံခန့်ခွဲမှု၊ နည်းပညာဆိုင်ရာအာနည်းချက်တွေကို အလျင်အမြန်ဖြည့်ဆည်းဆောင်ရွက်သွားကြရမှာလည်းဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတကပြောကြားသည်။တိုင်းပြည်၏ လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်အတွင်းမှာ အဓိကကျခဲ့သည့် ဖက်ဆစ်တိုက်ဖျက်ရေးနှင့်အတူ ပေါ်ပေါက်လာသော မြန်မာ့တပ်မတော်သည် နှစ်ပေါင်း ၇၀ သက်တမ်းကိုရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊  မြန်မာနိုင်ငံကဲ့သို့ မဟာဗျူဟာကျသည့်နေရာတွင်တည်ရှိပြီး သေးငယ်သည့် နိုင်ငံငယ်များအတွက် ကျစ်လျစ်ပြီး အင်အားတောင့်တင်းသော တပ်မတော်တစ်ရပ်ဟာ မရှိမဖြစ်လိုအပ်သည်ဆိုသည်မှာလည်း လက်ရှိကမ္ဘာ့အခြေအနေများနှင့် ဒေသတွင်းအခြေအနေများက အခိုင်အမာသက်သေထူလျက်ရှိသည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းတွင် ရှင်းလင်းပြောကြားသည်။               

Most Read

Most Recent