လှိုင်သာယာ ရွှေလင်ပန်းအိမ်ရာတွင် အိမ်ခန်း ၂၄ ခန်းကို ပါတီရုံးခန်းများဖွင့်လှစ်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရောင်းချ၊ငှားရမ်းပေးရန်ကမ်းလှမ်းမှု နိုင်ငံရေးပါတီ ၂၃ ခုလျှောက်ထား

လှိုင်သာယာ ရွှေလင်ပန်းအိမ်ရာတွင် အိမ်ခန်း ၂၄ ခန်းကို ပါတီရုံးခန်းများဖွင့်လှစ်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရောင်းချ၊ငှားရမ်းပေးရန်ကမ်းလှမ်းမှု နိုင်ငံရေးပါတီ ၂၃ ခုလျှောက်ထား
Published 31 March 2015
ကျော်ဇင်ဝင်း

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာစီမံကိန်းတွင် အိမ်ခန်း ၂၄ ခန်းအား ပါတီရုံးခန်းများဖွင့်လှစ်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရောင်းချ၊ ငှားရမ်းပေးရန်ကမ်းလှမ်းမှုအား နောက်ဆုံးလျှောက်ထားရက်ဖြစ်သည့် မတ် ၃၁ ရက်ထိ နိုင်ငံရေးပါတီ ၂၃ ခု လျှောက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။အဆိုပါတိုက်ခန်းများအားဝယ်ယူရန် လျှောက်ထားသည့်ပါတီများမှာ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)၊ အရှိုချင်းအမျိုးသားပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ စုစုပေါင်း ၁၂ ပါတီဖြစ်ကြောင်း သိရသည်။ထို့ပြင် ငှားရမ်းရန်နှင့်ဝယ်ယူရန် နှစ်မျိုးစလုံးမှ မည်သည့်အမျိုးအစားရရှိသည်ဖြစ်စေ ရယူရန်လျှောက်ထားသည့်ပါတီများမှာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့ဖြစ်ကြောင်း သိရသည်။ထို့အတူ ငှားရမ်းရန်လျှောက်ထားသည့်ပါတီများမှာ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများဒီမိုကရေစီပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ဗမာပြည်သူ့ပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ စုစုပေါင်း ကိုးပါတီတို့ဖြစ်ကြောင်း သိရသည်။"ကျွန်တော်တို့ကတော့မလျှောက်ပါဘူး။ ဒီထက်အရင်ကလည်း ကားပါမစ်ပေးမယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ စာတွေတွေ့ရတယ်။ အဲဒီတုန်းကလည်းမယူပါဘူး။ မယူရတဲ့အကြောင်းရင်းကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့အလုပ်လား။ သေချာရဲ့လား။ အဲဒါကိုလည်း ကျွန်တော်တို့စိစစ်တာပေါ့နော်။ နောက်တစ်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန္ဒနဲ့လုပ်တာလား။ သူ့ရဲ့လုပ်ပိုင်ခွင့်ထဲကနေ ကောက်လုပ်တာလားပေါ့။ အဲဒါတွေပါစဉ်းစားပြီးတော့ မလျှောက်ဖြစ်တာပါ။ ယူသင့်တယ်လို့လည်းမယူဆဘူး။ ပေးသင့်တယ်လို့လည်းမမြင်ဘူး။ အဲဒါကြောင့်မို့ ကျွန်တော်တို့စိတ်လည်းမဝင်စားဘူး။ လျှောက်လည်းမလျှောက်ဖြစ်ဘူး" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကပြောကြားသည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများအားပေးပို့ခဲ့သည့်အကြောင်းကြားစာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အိမ်ခန်း ၂၄ ခန်းအား ရောင်းချ/ငှားရမ်းပေးရန် စီစဉ်ဆောင်ရွက်ထားမှုအား ကော်မရှင်မှနိုင်ငံရေးပါတီများအား အကြောင်းကြားပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။အဆိုပါအခန်းများအား ဝယ်ယူမည်ဆိုပါက ဈေးနှုန်းမှာ ကျပ်သိန်း ၁၁၀ မှ ၁၂၅ သိန်းထိ အထပ်ပေါ်မူတည်၍သတ်မှတ်ထားရှိပြီး ငှားရမ်းမည်ဆိုပါက တစ်လလျှင်တစ်ခန်းအတွက် ငွေကျပ်လေးသောင်းနှုန်းဖြစ်သည်။လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ တရားဝင်မှတ်ပုံတင်ထားသည့် ပါတီစုစုပေါင်း ၇၀ ကျော်ရှိပြီဖြစ်သည်။               

Most Read

Most Recent