မြင်းခြံမြို့တွင် အထက်ဗမာပြည် ဗကသဥက္ကဋ္ဌဟောင်း ကိုသန့်ဇင်အား ဒေသအာဏာပိုင်များကဖမ်းဆီးခဲ့ပြီး ဆန္ဒပြရာ၌ပါဝင်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို ဖမ်းဆီးရန်ပြင်ဆင်နေ

မြင်းခြံမြို့တွင် အထက်ဗမာပြည် ဗကသဥက္ကဋ္ဌဟောင်း ကိုသန့်ဇင်အား ဒေသအာဏာပိုင်များကဖမ်းဆီးခဲ့ပြီး ဆန္ဒပြရာ၌ပါဝင်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို ဖမ်းဆီးရန်ပြင်ဆင်နေ
Published 31 March 2015
မိုးဟိန်း၊ ယဉ်မျိုးသွယ်

ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများပြန်လွှတ်ပေးရေး မတ် ၂၇ ရက်က မြင်းခြံမြို့၌ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် အထက်ဗမာပြည် ဗကသဥက္ကဋ္ဌဟောင်းနှင့် မြင်းခြံခရိုင်ဗကသအဖွဲ့ချုပ်နာယက ကိုသန့်ဇင်အား မတ် ၃၀ ရက်တွင် ထပ်မံဖမ်းဆီးခဲ့ပြီး ဆန္ဒပြရာ၌ပါဝင်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို ဆက်လက်ဖမ်းဆီးရန်ပြင်ဆင်နေကြောင်း သိရသည်။အထက်ဗမာပြည်ဗကသဥက္ကဋ္ဌဟောင်းနှင့် မြင်းခြံခရိုင်ဗကသအဖွဲ့ချုပ်နာယက ကိုသန့်ဇင်အား မျက်မြင်သက်သေနှင့် မှတ်တမ်းများအရ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးမြင့်နိုင်ထံမှ သိရသည်။"ပတ်ဝန်းကျင်မျက်မြင်သက်သေနဲ့ မှတ်တမ်းဓာတ်ပုံ အထောက်အထားတွေအရ သူ့ကိုဆက်လက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တရားရုံးမှာဖမ်းဝရမ်းရယူပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အခုရမန်ရယူထားပါတယ်" ဟု ၎င်းကပြောကြားသည်။ထို့အပြင် ဆန္ဒပြရာတွင်ပါဝင်ခဲ့သူများကိုစစ်ဆေးနေပြီး ဦးဆောင်လှုပ်ရှားသူများဖြစ်သည့် ကိုအောင်စိုးသိန်း (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ) ကိုတင်အောင်ကျော် (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)၊ ကိုကိုနိုင်(ခ)စူးရှ (ခ) ကျော်မျိုးထွန်း (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ) နှင့် ကိုဖြိုးဟန် (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ) တို့ကို ဖမ်းဆီးနိုင်ရန်ဆောင်ရွက်နေကြောင်းလည်း သိရသည်။မတ် ၂၇ ရက် နံနက် ၁၀ နာရီခန့်က ကျောင်းသားနှင့် ပြည်သူအချို့မှ ပင်မကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွဲခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ရန်စုဝေးထွက်ခွာစဉ် အာဏာပိုင်များက ဥပဒေနှင့်အညီထုတ်ဖော်ခြင်းမဟုတ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီးခဲ့ပြီး ဆန္ဒပြသူများအား လူစုခွဲဖမ်းဆီးခဲ့သည်။ ယင်းနေ့တွင်ပင် ကျောင်းသားခေါင်းဆောင် ကိုဉာဏ်မြင့်သန်း၊ ကိုစည်သူမြတ်၊ ကျော်ဆန်းထွန်း၊ မဖြူနှင့် ကိုစိန်ဝင်းတို့ကိုဖမ်းဆီးခဲ့ပြီး အများပြည်သူအထိတ်တလန့်ဖြစ်စေရန်နှင့် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်ပြားစေရန် ဆန္ဒပြပြောဆိုခဲ့သဖြင့် မြင်းခြံမြို့မရဲစခန်းတွင် ပြစ်မှုပုဒ်မ၁၄၃/ ၁၄၅/ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများပြန်လွှတ်ပေးရန် မတ် ၂၇ ရက်က ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် ကျောင်းသားများနှင့် ပြည်သူများက ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။ကျောင်းသားများအနေဖြင့် ပညာရေးအဆင့်မြင့်မားရန် တောင်းဆိုခြင်းဖြစ်ပြီး ကျောင်းသားများအပေါ် အကြမ်းဖက်ဖြိုခွဲခြင်းအား ကန့်ကွက်ရှုတ်ချကြောင်း မြင်းခြံမြို့ခံ ဒေါက်တာစိုးနိုင်ကဆိုသည်။"ပညာရေးဆိုတာ တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စပါ။ ပညာရေးအဆင့်မြှင့်ပေးဖို့တောင်းဆိုတာ ပြည်သူလူထုရဲ့ မျှော်လင့်လိုလားချက်ဖြစ်ပြီး တောင်းဆိုနေတဲ့ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲတာ အာဏာရှင်ဆန်တယ်၊ မင်းမဲ့စရိုက်ဆန်ပါတယ်။ ဖက်ဆစ်အစိုးရလုပ်ရပ်မျိုးဖြစ်နေပါတယ်။ ဒီအကြမ်းဖက်ဖြိုခွင်းမှုတွေကို ကန့်ကွက်ရှုတ်ချပြီး ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားတွေလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြဖို့စီစဉ်နေတဲ့ ကျောင်းသားတွေကို ထပ်မံရိုက်နှက်ဖမ်းဆီးတာလည်း ပြည်သူတစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်" ဟုဒေါက်တာစိုးနိုင်ကဆိုသည်။

Most Read

Most Recent