အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာအသင်း ဟောင်ကောင်ကို အနိုင်ယူကာ နှစ်ပွဲဆက် အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက် ပိုကောင်းလာ

အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာအသင်း ဟောင်ကောင်ကို အနိုင်ယူကာ နှစ်ပွဲဆက် အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက် ပိုကောင်းလာ
Published 29 March 2015

တရုတ်(တိုင်ပေ)တွင် ကျင်းပလျက်ရှိ်သည့် အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု(စ) ဒုတိယနေ့ပွဲစဉ်များကို မတ် ၂၉ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ဟောင်ကောင်အသင်းကို (၂- ၁)ဂိုးဖြင့် အနိုင်ရရှိပြီး နှစ်ပွဲဆက် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ဦးဆောင်ဂိုး ပေးခဲ့ရသလို တစ်ယောက် အထုတ်ခံခဲ့ရသော်လည်း ဒုတိယပိုင်း၌ နှစ်ဂိုးပြန်သွင်းကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်ထားပြီး တရုတ်(တိုင်ပေ)အသင်းကို အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းမှ ချစ်စုမိုးနေရာတွင် အောင်ရှိုးသာမောင်၊ သီဟဇော်နေရာတွင် ဇွန်မိုးအောင်တို့ ပါဝင်ကစားခဲ့သည်။ ပွဲဦးထွက်ပွဲ၌ ရှုံးပွဲကြုံတွေ့ထားသည့် ဟောင်ကောင်အသင်းမှာ ယခုပွဲ၌ အားထည့်ကစားခဲ့ပြီး ၃၂ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ၃၅ မိနစ်တွင် မြန်မာအသင်း ကွင်းလယ်ကစားသမား လှိုင်းဘိုဘို အနီကတ်ဖြင့် အထုတ်ခံရ၍ တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။ မြန်မာအသင်းသည် ချေပဂိုးရရှိရန်အတွက် ဒုတိယပိုင်း၌ အားထည့်ကစားခဲ့ပြီး ၅၄ မိနစ်တွင် တောင်ပံကစားသမား ဇွန်မိုးအောင်က ချေပဂိုးပြန်သွင်းပေးခဲ့သည်။ မြန်မာအသင်းသည် တစ်ယောက်လျော့သွားသော်လည်း ကစားပုံ ပျက်မသွားဘဲ ဟောင်ကောင်အသင်းဘက်သို့ ဆက်လက်ဖိကစားနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးကို ၆၃ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဇွန်မိုးအောင်ကပင် သွင်းယူခဲ့ခြင်းဖြစ်သည်။ အုပ်စု(စ)၏ အခြားပွဲစဉ်တွင် သြစတြေးလျအသင်းက တရုတ်(တိုင်ပေ)အသင်းကို (၄-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။မြန်မာအသင်းသည် နှစ်ပွဲကစားအပြီးတွင် နှစ်ပွဲစလုံး အနိုင်ရရှိကာ ရမှတ်ခြောက်မှတ် ရရှိထားပြီး နောက်ဆုံးပွဲစဉ်အဖြစ် မတ် ၃၁ ရက်တွင် သြစတြေးလျအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ သြစတြေးလျအသင်းမှာလည်း နှစ်ပွဲနိုင်၊ ခြောက်မှတ်ရရှိထားပြီး မြန်မာအသင်းအနေဖြင့် အကောင်းဆုံး အုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက် ပိုကောင်းသွားပြီဖြစ်သည်။
မြန်မာ ယူ-၂၃ အသင်း ဟောင်ကောင်ဘက်သို့ အနိုင်ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနေစဉ် (Photo - MFF)

Most Read

Most Recent