တရားမျှတမှုမရှိသည့် မန္တလေးခရိုင်တရားသူကြီးအား အလိုမရှိကြောင်း အမှုရင်ဆိုင်နေရသူများက ခရိုင်တရားရုံးအနီးတွင် ဆန္ဒပြ

တရားမျှတမှုမရှိသည့် မန္တလေးခရိုင်တရားသူကြီးအား အလိုမရှိကြောင်း အမှုရင်ဆိုင်နေရသူများက ခရိုင်တရားရုံးအနီးတွင် ဆန္ဒပြ
Published 25 March 2015
ဌေးလှအောင်

တရားမျှတမှုမရှိသည့် မန္တလေးခရိုင် တရားသူကြီးအား အလိုမရှိကြောင်း အမှုရင်ဆိုင်နေရသူခြောက်ဦးက ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ခရိုင်တရားရုံးအနီးတွင် မတ် ၂၄ ရက် နံနက် ၁ဝ နာရီခွဲခန့်က တရားဝင် ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
 
အမှုဖြစ်စဉ်မှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်ရှိ “မြကလပ်” ကျောက်မျက်ရတနာရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင် ဒေါ်တင်တင်မော်က တရားလိုပြုလုပ်၍ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ၎င်း၏ ကျောက်မျက်များအား အလုပ်သမား ကျော်ဌေးအောင်က ခိုးယူသွားသည်ဟုဆိုကာ အမှတ်(၆) မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။ 
 
အဆိုပါအမှုတွင် ဦးအောင်ရွှေ၊ အောင်ကျော်ဆန်း၊ ဇော်မင်းထွေး(ခ) ရှည်ကြီး၊ ကျော်မင်းဦးနှင့် မချို(ခ) ချိုချိုတူးတို့အား ကျောက်များအား လက်ခံရောင်းချခဲ့ရာတွင် ပါဝင်သည်ဟုဆိုကာ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း အမှုဖြစ်စဉ်များအရ သိရသည်။
 
ယင်းနောက် အာမခံမရှိခဲ့ဘဲ မန္တလေး အိုးဘိုထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး တစ်နှစ်နှင့် ရှစ်လကြာ ချုပ်ရက်ဖြင့် အမှုရင်ဆိုင်ခဲ့ရပြီးနောက် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ချမ်းအေးသာစံမြို့နယ်ရုံးက အချုပ်လွတ်ထုချေခွင့် (အာမခံပေး)ပြုခဲ့ကြောင်း သိရသည်။ 
ယင်းသို့ အာမခံပေးရာတွင် ကျော်ဌေးအောင်တစ်ဦးမှာ အာမခံမရရှိခဲ့ကြောင်း သိရသည်။
 
ချမ်းအေးသာစံမြို့နယ် တရားရုံး၏ အာမခံပေးလိုက်ခြင်းအား တရားလိုဖြစ်သူ “မြကလပ်” ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင် ဒေါ်တင်တင်မော်က မကျေနပ်သဖြင့် မန္တလေးခရိုင်တရားရုံးသို့ ၂ဝ၁၅ ခုနှစ် မတ် ၅ ရက် တွင် အချုပ်လွတ်ထုချေခွင့်အား ပြင်ဆင်ခွင့်တင်သွင်းခဲ့ရာ တွဲဖက်ခရိုင်တရားသူကြီး(၄) ဦးဝင်းဆောင်က အချုပ်လွတ်ထုချေ ခွင့်ပြုသည့်အမိန့်အား ပယ်ဖျက်ခဲ့ကြောင်း အမှုတွဲဖြစ်စဉ်များအရ သိရသည်။
 
“ဒီနေ့ ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ရတာက မတရားတဲ့ စွပ်စွဲချက်တွေနဲ့ ကျွန်တော်တို့ အိုးဘိုထောင်ထဲမှာ ဒေါ်တင်တင်မော်ရဲ့ နှုတ်ထွက်စွဲချက်တစ်ခုတည်းနဲ့ တစ်နှစ် နဲ့ ရှစ်လ နေခဲ့ရပါတယ်။ ခုအချိန်ထိလည်း အမှုကို ဆက်လက်ရင်ဆိုင်နေရဆဲပါ။ ဒါကို မန္တလေးခရိုင်တရားသူကြီးက အမှန်တရားကို မျက်ကွယ်ပြုပြီးတော့ ဒေါ်တင်တင်မော်ရဲ့အလိုကျ အာမခံကို ပြန်ရုပ်သိမ်းပြီးတော့ တစ်ဖက်သတ်အမိန့်ချမှတ်လိုက်တဲ့အတွက် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ခဲ့ရတာပါ။ ကျွန်တော်တို့မှာ ဥပဒေအကာအကွယ်မဲ့နေသလို ဖြစ်နေပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တရားဥပဒေတွေနဲ့အညီ ကျွန်တော်တို့ကို ဖြေရှင်းပေးစေလိုပါတယ်။ တရားသူကြီးတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အဂတိလိုက်စားတဲ့အတွက် ကျွန်တော်တို့အမှုဟာ အမှန်တရားမပေါ်ပေါက်ဘဲ လပေါင်း ၂ဝ ကျော် ကြာမြင့်နေရပါတယ်” ဟု အမှုရင်ဆိုင်နေရဆဲဖြစ်သည့် ကိုကျော်မင်းဦးက ပြောကြားသည်။
 
“ဒီနေ့ ဆန္ဒပြတယ်ဆိုတာက သူတို့ အခွင့်အရေးအရ သူတို့ဘက်က လုပ်ကြတာပေါ့။ အမှုမှာ ဘက်လိုက်တယ်ဆိုတာ မရှိပါဘူး။ ဘက်လိုက်လို့လည်း မရပါဘူး။ ဥပဒေနဲ့အညီ စီရင်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အာမခံပြန်ရုပ်သိမ်းတာနဲ့ ပတ်သက်လို့ ဒါက ဒီအမှုကိုစီရင်တဲ့ တရားသူကြီးက သူ့ရဲ့ဆင်ခြင်တုံတရားအရ ပေးမယ်ဆိုရင် ပေးလို့ရတယ်။ ဒါကို တစ်ဖက်က အထက်ရုံးအဆင့်ဆင့်ကို တက်လာတဲ့အခါ အဲဒီတရားသူကြီးက အာမခံကို ပြန်ရုပ်သိမ်းနိုင်တာလည်း ရှိပါတယ်”ဟု အာမခံပြန်လည်ရုပ်သိမ်းမိန့် ချမှတ်ခဲ့သည့် တွဲဖက်ခရိုင်တရားသူကြီး(၄) ဦးဝင်းဆောင် ကိုယ်စား ဒုခရိုင်တရားသူကြီး ဦးဇေယျာတင့်ညိုက ပြောကြားသည်။     
 

Most Read

Most Recent