တောင်ဒဂုံမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်ပြီး နှစ်ဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရ

တောင်ဒဂုံမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်ပြီး နှစ်ဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရ
Published 22 March 2015

တောင်ဒဂုံမြို့နယ်ရှိ ၇ဝ နှင့် ၇၁ ရပ် ကွက်ဘက်မှ လှော်ကားလမ်းမကြီးအတိုင်း မောင်းနှင်လာသော ၁၈၇ ခရီးသည်တင် ယာဉ်လိုင်းမှ ဘီအမ်အမျိုးအစားယာဉ် တစ်စီး မတ် ၂၁ ရက် ညနေ ၅ နာရီခွဲတွင် အရှိန်လွန် တိမ်းမှောက်ရာမှ ယာဉ်မောင်းအပါအဝင် လူနှစ်ဦး သေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
 
အဆိုပါ ခရီးသည်တင်ယာဉ်သည် တောင်ဒဂုံမြို့နယ်၊ ၇ဝ နှင့် ၇၁ ရပ်ကွက်ဘက်မှ လှော်ကားလမ်းမကြီးအတိုင်း  မောင်းနှင်လာစဉ် ဘုန်းကြီးကျောင်းကွေ့မှတ်တိုင် မရောက်မီတွင် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်ပေါ်ရှိ ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့် ခရီးသည်အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ဒဂုံမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ်မောင်မောင်ဦး၏ ပြောပြချက်အရ သိရသည်။
 
“လတ်တလောမှာတော့ နှစ်ယောက်သေတယ်လို့ သိရပါတယ်၊ အမျိုးသားတစ်ယောက် နဲ့ အမျိုးသမီးတစ်ယောက်ပါ။ အလောင်းတွေကိုတော့ ဆေးရုံကား လာခေါ်သွားပြီလို့ပြောပါတယ်။ တခြားဒဏ်ရာရရှိသွားသူ ကိုးဦးရှိပါတယ်။ သူတို့တွေကိုတော့ စံပြဆေးရုံကို ပို့ဆောင်ထားပါတယ်” ဟု တောင်ဒဂုံမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ်မောင်မောင်ဦးက မတ်၂၁ ရက် ည ၈ နာရီခန့်တွင် ဆိုသည်။
 
ယင်းလိုင်းကားမှာ အခြားယာဉ်တစ်စီး နှင့် ယှဉ်ပြိုင်မောင်းနှင်လာပြီး တစ်ဖက်ယာဉ်ကြောမှ ကားလာသဖြင့် ရှောင်တိမ်းလိုက်စဉ် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်းလည်း အခင်းဖြစ်ပွားရာအနီးရှိ အဆိုပါ ယာဉ်တိမ်းမှောက်စဉ် မျက်မြင်တွေ့သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
 
 “ကားမှောက်သွားချိန် အန်တီပြေးကြည့်လိုက်တော့ ဒရိုင်ဘာမောင်းတဲ့ ဘယ်ဘက်ခြမ်းက မှောက်သွားတာပါ။ အဲဒီမှာ လူတွေက ပိနေကြတယ်။ တချို့မိန်းမတွေဆို ကားပေါ်က လန့်ဖျပ်ပြီး အော်ကြတယ်၊ ဝိုင်းကူပြီး ဆွဲထုတ်ပေးတော့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးက သေဆုံးနေပြီ။ ကျန်တဲ့ဒဏ်ရာရသွားတဲ့ အမျိုးသမီးတွေထဲမှာ ဒဏ်ရာ ပြင်းထန်တာတွေပါတယ်။ လူနာတွေက ကားထဲမှာ ပိနေတော့ ကားခေါင်မိုးကို ကရိန်းနဲ့ လှန်ပြီး ဆွဲထုတ်နေတာတွေ့ တယ်”ဟု ယင်း အခင်းဖြစ်နေရာ ပတ်ဝန်းကျင်တွင် ဈေးရောင်းနေသည့် ဈေးသည်တစ်ဦးက ဆိုသည်။
 
တောင်ဒဂုံ၌ ပြေးဆွဲလျက်ရှိသော ၁၈၇ ဘီအမ်ယာဉ်လိုင်းမှာ တောင်ဒဂုံမှ တာမွေသို့ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တောင်ဒဂုံရဲစခန်းမှ အမှုဖွင့်အရေးယူမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 

Most Read

Most Recent