မြန်မာ ယူ-၂၀ အသင်း ဥရောပခြေစမ်းခရီးစဉ်တွင် ဆားဘီးယား၊ ဟန်ဂေရီ ယူ-၂၀ အသင်းတို့နှင့် ခြေစမ်းကစားမည်

မြန်မာ ယူ-၂၀ အသင်း ဥရောပခြေစမ်းခရီးစဉ်တွင် ဆားဘီးယား၊ ဟန်ဂေရီ ယူ-၂၀ အသင်းတို့နှင့် ခြေစမ်းကစားမည်
Published 16 March 2015

မြန်မာ ယူ-၂၀ အသင်းသည် ဥရောပနိုင်ငံများသို့ သွားရောက်၍ လေ့ကျင့်မှုများ ပြုလုပ်ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိထားသည့် ဆားဘီးယား ယူ-၂၀ အသင်း၊ ဟန်ဂေရီ ယူ-၂၀ အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာ ယူ-၂၀ အသင်းသည် ဆားဘီးယား ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားမှုအရ မတ်လ နောက်ဆုံးပတ်တွင် ခြေစမ်းပွဲများ သွားရောက်ကစားမည်ဖြစ်ပြီး မတ် ၂၆ ရက်နှင့် ၃၁ ရက်တို့တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။ မူလက ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း အခြားအသင်းများကို ဖိတ်ကြားမှု အဆင်မပြေခဲ့သောကြောင့် မြန်မာနှင့် ဆားဘီးယား အသင်းတို့သာ ခြေစမ်းပွဲကစားခြင်းဖြစ်သည်။ မြန်မာ ယူ-၂၀ အသင်းသည် ဆားဘီးယား ခြေစမ်းခရီးစဉ် အပြီးတွင် အခြားဥရောပ နိုင်ငံများသို့ သွားရောက်ကာ ခြေစမ်းပွဲများသွား ရောက်ကစားမည်ဖြစ်ပြီး ဂျာမနီနှင့် ဆလိုဗက်ကီးယား နိုင်ငံတို့တွင် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ အင်္ဂလန်နိုင်ငံတွင် လေ့ကျင့်ရန်အတွက် ကြိုးပမ်းလျက်ရှိသည်။ မြန်မာ ယူ-၂၀ အသင်းသည် ဟန်ဂေရီ ယူ-၂၀ အသင်းနှင့် ဆလိုဗက်ကီးယားနိုင်ငံတွင် ခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ပြီး အခြားကလပ်အသင်းများနှင့်လည်း ခြေစမ်းကစားရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာ ယူ-၂၀ အသင်းသည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ပြင်ဆင်မှုများစွာ ပြုလုပ်ရန် စီစဉ်ထားပြီး ပြီးခဲ့သည့် ဇန်နဝါရီလ စတုတ္ထပတ်ကလည်း တူရကီနိုင်ငံသို့ သွားရောက်၍ ခြေစမ်းပွဲခုနစ်ပွဲ ကစားခဲ့ကြောင်း သိရသည်။မြန်မာ ယူ-၂၀ အသင်းသည် ဆားဘီးယားနိုင်ငံသို့ မသွားရောက်မီ အာရှ ယူ-၂၃ ခြေစစ်ပွဲဝင်မည့် မလေးရှား ယူ-၂၂ အသင်းနှင့် ရန်ကုန်မြို့တွင် ခြေစမ်းကစားမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲကို မတ် ၁၉ ရက်တွင် သုဝဏ္ဏကွင်း၌ ကစားသွားမည်ဖြစ်ပြီး မြန်မာ ယူ-၂၀ အသင်းအနေဖြင့် ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများ ရရှိထားသည်။

Most Read

Most Recent