အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲကို မတ် ၁၇ ရက် စတင်မည်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲကို မတ် ၁၇ ရက် စတင်မည်
Published 15 March 2015

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) တို့၏ မတ် ၁၅ ရက်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲကြောင့် မူလကမတ် ၁၆ ရက်တွင် စတင်ပြုလုပ်ရန် ရည်ရွယ်ထားသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲကို မတ် ၁၇ ရက်မှသာ စတင်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့၏ ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲကို မူလက ရန်ကုန်မြို့၌ မတ် ၁၆ ရက်မှ ၂ဝ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားသော်လည်း လက်ရှိအခြေအနေအရ ၁၇ ရက်မှသာ စတင်နိုင်မည်ဖြစ်ကြောင်း၊ UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲကို ငါးရက် သက်မှတ်ထားသော်လည်း လိုအပ်ပါက ရက်တိုးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း NCCT ဒုတိယခေါင်းဆောင်(၁)ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲ အခြေအနေနှင့် ပတ်သက်၍ ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော်တို့ မူလက ၁၆ ရက်မှာ စဖို့။ အခုက UPWC က အလုပ်တစ်ခု ရှိလို့တဲ့ ၁၇ ရက် စမယ်လို့တော့ ပြောတယ်။ ကျွန်တော်တို့က အကုန်လုံး သဘောတူညီချက်ရဖို့တော့ မျှော်လင့်တာပေါ့။ မျှော်လင့်တယ် ဆိုတာကလည်း နှစ်ဖက်စလုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှု အပေးအယူမျှမှုအပေါ် မူတည်တာကိုး။ ကျွန်တော်တို့က ဖြစ်စေချင်တာပေါ့။ မဖြစ်လို့ရှိရင် ဘယ်လိုဆက်ပြီးတော့ ညှိနှိုင်းမယ်ဆိုတာ အဲဒီမှာပဲ ဆွေးနွေးရမယ်” ဟု ပြောကြားသည်။“ခဏခဏတွေ့ရတာ မဟုတ်ဘူး တွေ့တဲ့အချိန်မှာ အဖြေရနိုင်တဲ့အထိ ဆွေးနွေးလို့ရှိရင် ကောင်းတာပေါ့။ တချို့ကတော့ အကြံပေးတာပေါ့။ ပြီးတဲ့အထိ ဆွေးနွေးဆိုတာ။ ဒါပေမဲ့ နှစ်ဖက်လုံးကလည်း အားလပ်မှု ရှိဦးမှကိုး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။UPWC နှင့် NCCT တို့သည် အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးရန် အချက် ၁ဝ၃ ချက်ဖြင့် စတင်ညှိနှိုင်းခဲ့ရာ လက်ရှိတွင် တပ်ပိုင်းဆိုင်ရာကိစ္စ အပါအဝင် အချက် ၁၅ ချက် ပြေလည်မှုရရန် ကျန်နေသေးကြောင်း၊ ကျန်ရှိနေသေးသော အချက်များမှာ စကားလုံးသုံးစွဲမှုနှင့် ပတ်သက်ပြီး ပြေလည်မှုရရန် ငါးချက်၊ လက်မှတ်ရေးထိုးခြင်းနှင့်ဆိုင်သည့် နှစ်ချက်၊ ကော်မတီဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး လေးချက်၊ လူမှုစီးပွားရေး ကိစ္စများနှင့် ပတ်သက်သည့် တစ်ချက်၊ တပ်ပိုင်းဆိုင်ရာ အချက် သုံးချက်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent