လက်ပံတန်းမြို့တွင် ပိတ်မိနေသည့် ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က မတ် ၁ဝ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက်ဖြိုခွဲခဲ့မှုနှင့် ပတ်သက်၍ မြန်မာအစိုးရအား ဖိအားပေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို လူထုအခြေပြု အဖွဲ့အစည်းများက တိုက်တွန်းထားကြောင်း သတင်းရရှိသည်။သက်ဆိုင်ရာ အစိုးရအသီးသီးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ တိုက်တွန်းမှုများအား ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်း ၂ဝဝ ကျော် ပါဝင်ဖွဲ့စည်းထားသည့် Myanmar CSOs Forum Coordinating Committee၊ ပြည်တွင်းနှင့် လူထုအဖွဲ့အစည်းများက ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။“မတ် ၁ဝ ရက် ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျွန်တော်တို့က ဒီငြိမ်းချမ်းစွာ လုပ်ဆောင်နေတဲ့ သူတွေအပေါ်မှာ အကြမ်းဖက်မှုကို ရှုတ်ချတယ်။ နောက် သူတို့အနေနဲ့ ဒီတာဝန်အရ လုပ်ဆောင်တယ်လို့ ကြွေးကြော်နေပေမယ့် လုပ်ဆောင်မှုတွေ ကြည့်တဲ့အချိန်မှာ မလိုအပ်ဘဲနဲ့ အင်အားတွေ များစွာသုံးပြီး လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါက တာဝန်အရတင် မဟုတ်ဘဲ ကျောင်းသားလေးတွေအပေါ်မှာ ဒီလိုပြင်းပြင်းထန်ထန် နစ်နာအောင် ရည်ရွယ်လုပ်ဆောင်တဲ့ လုပ်ဆောင်မှုတွေ တွေ့နေရပါတယ်။ အဲဒါတွေက ပြည်သူ့ရဲ လုပ်ဆောင်နေမှုတွေနဲ့လည်း မသက်ဆိုင်ပါဘူး။ အခုဟာက ပြည်သူရဲ့ လုံခြုံရေးကို ထိန်းသိမ်းတာမျိုး မဟုတ်ဘဲ တကယ့်ကို ပြည်သူ့ရဲတွေကပဲ အကြမ်းဖက်မှုကို လုပ်ဆောင်နေတဲ့ပုံစံမျိုးဖြစ်ခြင်းကို ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး။ ဒါကြောင့်မို့ ကုလသမဂ္ဂ အပါအဝင် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းတွေရော၊ အစိုးရရော ဖိအားပေးမှုတွေ လုပ်ဆောင်သင့်တယ်လို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီအာဆီယံအတွင်းမှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကလည်း ကြေညာချက် ထုတ်ပြန်ပြီးတော့ ဝိုင်းဝန်းကန့်ကွက်တဲ့အကြောင်း လုပ်ဆောင်ဖို့အတွက် လုပ်နေတာလည်း ရှိပါတယ်” ဟု Myanmar CSOs Forum Coordinating Committee မှ ဦးအောင်မျိုးမင်းက မတ် ၁၁ ရက်တွင် ပြောကြားသည်။ထို့ပြင် ကျောင်းသားသပိတ် အကြမ်းဖက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်သည့် အချက်အလက်များနှင့် နောက်ဆက်တွဲ အကြောင်းအရာများကို လူ့အခွင့်အရေးကော်မတီ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ ရန်ဟီလီ၊ ကုလသမဂ္ဂ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအရာရှိ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အရာရှိတို့ထံ ပေးပို့ထားကာ ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပလျက်ရှိသော လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲသို့လည်း ပေးပို့တင်ပြထားကြောင်း သိရသည်။လူထုအခြေပြု အဖွဲ့များ၏ တိုက်တွန်းချက်များတွင် အဆိုပါ အကြမ်းဖက်ဖြိုခွဲခံရမှု ဖြစ်စဉ်၌ အကြမ်းဖက်မှု ကျူးလွန်သူများကို အရေးယူပေးရန်၊ ဖမ်းဆီးခံထားရသည့်သူများအား ဆေးဝါးများပေး၍ အမြန်ဆုံး ပြန်လွှတ်ပေးရန်တို့အတွက် မြန်မာအစိုးရအား တွန်းအားပေးရန်တို့လည်း ပါဝင်ကြောင်း သိရသည်။လက်ပံတန်းမြို့မှ ဒီမိုကရေစီ ကျောင်းသားသပိတ်စစ်ကြောင်းကို အင်အားသုံး အကြမ်းဖက်ဖြိုခွဲမှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးနှင့် အမေရိကန် သံရုံးတို့ကလည်း အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ပြောဆိုခဲ့ကြသလို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးပြုလုပ်ရန် ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။
ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ မြန်မာအစိုးရအား ဖိအားပေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရများကို လူထုအခြေပြုအဖွဲ့များ တိုက်တွန်း