ပြည်နယ်များတွင် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းနိုင်ရန် အရည်အချင်းကိုက်ညီသည့်ဝန်ထမ်းရရှိရေး အဓိကအခက်အခဲဖြစ်နေဟု ကော်မရှင်ဒုတိယဥက္ကဋ္ဌပြောကြား

ပြည်နယ်များတွင် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းနိုင်ရန် အရည်အချင်းကိုက်ညီသည့်ဝန်ထမ်းရရှိရေး အဓိကအခက်အခဲဖြစ်နေဟု ကော်မရှင်ဒုတိယဥက္ကဋ္ဌပြောကြား
Published 11 March 2015
အောင်ဇော်ထွန်း

ပြည်နယ်များတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းနိုင်ရန်မှာ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် ဝန်ထမ်းရရှိရေးမှာ အဓိကအခက်အခဲဖြစ်နေသည်ဟု ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်ကပြောကြားသည်။မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်မှပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များအရ ၂၀၁၄ စက်တင်ဘာ ၂၄ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက် ကော်မရှင်အနေဖြင့် ပြည်နယ်များတွင် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ခွဲများဖွဲ့စည်းနိုင်သည့် လုပ်ပိုင်ခွင့်အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ယခင်ကထက် ပိုမိုလုပ်ပိုင်ခွင့်ရရှိထားကြောင်း သိရသည်။ပြည်နယ်များတွင် ကော်မရှင်အဖွဲ့ခွဲများဖွဲ့စည်းနိုင်ရန် ကြုံတွေ့နေရသည့်အခြေအနေများနှင့်ပတ်သက်၍ ဦးစစ်မြိုင်က "လူသားအရင်းအမြစ်ပေါ့။ HR ကျွမ်းကျင်တဲ့လူပုဂ္ဂိုလ်တွေလိုတာပေါ့။ ရန်ပုံငွေကတော့ နိုင်ငံတော်ကတော့ တောင်းရင်ပေးတာများပါတယ်။ ကျွန်တော်တို့ ပြည်နယ်နဲ့တိုင်းတွေ ဟောပြောပွဲသွားတဲ့အခါလည်း ဒီမေးခွန်းကအမြဲမေးပါတယ်။ ကျွန်တော်တို့ကတော့ လိုအပ်ချက်ပေါ့။ လိုအပ်ချက်ကဘယ်လောက်ရှိနေပြီလဲ။ နံပါတ်က ရုံးခွဲမယ်ဆိုရင် ကျွမ်းကျင်တဲ့ကော်မရှင်လူကြီးတွေ သက်မှတ်အရည်အချင်းနဲ့ကိုက်ညီတဲ့ ကော်မရှင်လူကြီးတွေ ထပ်ပြီးတော့ရရှိဖို့လိုတာပေါ့။ နောက်တစ်ခုက Staff ပေါ့။ Staff ကလည်း ကျွန်တော်တို့ သုံးနှစ်ရှိပြီ လေ့ကျင့်ပေးနေတာ။ ဒါပေမဲ့ လူ့အခွင့်အရေးဘာသာရပ်က နက်နဲပြီး ကျယ်ပြန့်တော့ အဲဒီ Staff တွေကလည်း အခုအချိန်ထိ လက်လွှတ်လို့မရသေးဘူးဖြစ်နေတယ်။ အဓိကအခက်အခဲကတော့ ဒါပါပဲ" ဟုပြောကြားသည်။ဆက်လက်၍ ဦးစစ်မြိုင်က "ဥပဒေကလည်း ကျွန်တော်တို့ကိုခွင့်ပြုပေးထားပါတယ်။ ကျွန်တော်တို့လည်းပဲ ဖွင့်ဖို့ဆိုတာ အာရုံရှိပါတယ်။ ကြိုးပမ်းနေပါတယ်။ လောလောဆယ် မစွမ်းဆောင်နိုင်သေးတာပဲရှိပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေကတော့ ပြည်ပကလာလေ့ကျင့်ပေးတာရော၊ ကျွန်တော်တို့ကိုယ်တိုင် သူတို့ကိုလေ့ကျင့်ပေးတာရော ကျွန်တော်တို့ဝန်ထမ်းက လောလောဆယ် ၃၅ ဦးလောက်ပဲရှိတယ်။ ဒီ ၃၅ ယောက်ကတော့ အတော်အတန်ရနေပါပြီ။ ဒီအထဲမှာ အရည်အချင်းမီတဲ့ ဒုညွှန်မှူးလက်ထောက်ညွှန်မှူးတွေလည်း ပေါ်ထွက်လာပါပြီ။ နောင်တစ်ချိန်မှာ လုပ်နိုင်ဖို့ကတော့ ရည်ရွယ်ချက်ထားပြီး ဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်" ဟုဆိုသည်။လက်ရှိတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု ရှိ မရှိ စစ်ဆေးခြင်းကိစ္စများဆောင်ရွက်ရန်ရှိပါက ဖြစ်ပွားရာဒေသများသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ စေလွှတ်စုံစမ်းခြင်းများပြုလုပ်လျက်ရှိသည်။မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် တပ်မတော်ကထိန်းသိမ်းထားစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ကိုအောင်နိုင်(ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသေဆုံးမှုဖြစ်စဉ်နှင့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်း အဓိကရုဏ်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် ဒေသခံဒေါ်ခင်ဝင်းသေဆုံးခဲ့သည့်ဖြစ်စဉ်များအား သွားရောက်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုထုတ်ပြန်ခြင်း၊ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ရမည်များကို အကြံပြုခြင်းတို့ပြုလုပ်ခဲ့သည်။         

Most Read

Most Recent