လယ်ယာမြေပြဿနာများအားပြေလည်စေချင်သည့် စိတ်ထားစေတနာဖြင့်ဆောင်ရွက်ပေးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြောကြား

လယ်ယာမြေပြဿနာများအားပြေလည်စေချင်သည့် စိတ်ထားစေတနာဖြင့်ဆောင်ရွက်ပေးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြောကြား
Published 11 March 2015
စိုးမင်းထိုက်

လယ်ယာမြေပြဿနာများအား ဖြေရှင်းရာတွင် ပြေလည်စေချင်သည့်စိတ်ထားစေတနာဖြင့် ဆောင်ရွက်ပေးရန်နှင့် အမှန်တကယ်နစ်နာသူများအား ဘတ်ဂျက်တွင် တင်ပြတောင်းခံပြီး ဖြေရှင်းပါက လွယ်ကူကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မတ် ၁၀ ရက်တွင်ပြောကြားသည်။မတ် ၁၀ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တပ်သိမ်းမြေများအတွက် ဆောင်ရွက်ပေးမှုအခြေအနေများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့ခြင်းဖြစ်သည်။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က "လယ်ယာမြေနဲ့ အခြားမြေကိစ္စနဲ့ပတ်သက်လို့ စုံစမ်းတဲ့အခါမှာ အမှန်တကယ်နစ်နာခြင်းရှိမရှိဆိုတာ ဦးတည်ပြီးစုံစမ်းဖို့လိုပါတယ်။ အမှန်တကယ်နစ်နာတယ်၊ ဒီနေ့ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးနဲ့ပေးလျော်သင့်တယ်ဆိုရင် ဘတ်ဂျက်မှာထည့်တောင်းလို့ရပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဒါကိုကန့်ကွက်မယ်မထင်ပါဘူး။ ဒါတွေနဲ့ပတ်သက်လို့ ဘတ်ဂျက်မှာထည့်တောင်းပြီးတော့ ဟိုတယ်တွေကိုငှားတာ နိုင်ငံတော်ဘဏ္ဍာငွေထဲဝင်သွားပြီဆိုရင် နိုင်ငံတော်ဘဏ္ဍာက ပြန်ပြီးတော့ တင်တောင်းပြီးတော့မှ ပြန်ပေးလျော်လိုက်မယ်ဆိုရင် ဒီဟာတွေက လွယ်လွယ်ကူကူတွေပဲ။ ဘာမှခဲခဲယဉ်းယဉ်းမရှိပါဘူး။ ဒီမူလေးကိုကိုင်ထားပြီးတော့မှ ဒေါက်တာအေးမောင်ပြောသလိုပေါ့။ ပြဿနာကိုဖြေရှင်းတဲ့အခါမှာ နိုင်ငံတော်နဲ့ ပြည်သူအကြားမှာ ပြေလည်သွားအောင်၊ အဖုအထစ်ဆိုတာမရှိအောင်  ဦးတည်ချက်နဲ့ဆောင်ရွက်ဖို့လိုတယ်" ဟုပြောကြားသည်။    ဆက်လက်၍ "လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကလည်း ဒီအတိုင်းရှိမယ်ထင်ပါတယ်။ ဘတ်ဂျက်နဲ့တင်တောင်း၊ ပြီးရင် လျော်ပေးလိုက်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေယူဖို့လည်းမဟုတ်ပါဘူး။ နစ်နာသူတွေ အမှန်တကယ်သာနစ်နာတယ်ဆို ရင် နစ်နာသူတွေရအောင် နစ်နာခြင်း ရှိ မရှိ၊ ပိုင်ဆိုင်ခြင်း ရှိ မရှိ၊ ကြိုက်သလိုစုံစမ်း၊ နစ်နာပြီဆိုရင် ဒီနေ့ပေါက်ဈေးနဲ့ပဲဖြစ်ဖြစ်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့လျော်ကြေးကို ဘတ်ဂျက်နဲ့ဖြေရှင်းပေးရင် လွယ်လွယ်ကူကူပါပဲ။ ကိုယ့်အိတ်ထဲကလည်း စိုက်စရာမလိုဘူး။ ကိုယ့်ဌာနကစိုက်စရာလည်းမလိုဘူး။ ပြည်သူ့ငွေနဲ့ ပြန်လျော်ကြေးပေးရတဲ့သဘောဖြစ်ပါတယ်။ ပြဿနာတွေပြေလည်အောင် ဖြေရှင်းတဲ့အခါမှာ ပြေလည်စေချင်တဲ့စိတ်ထားစေတနာလေးနဲ့ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်" ဟုပြောကြားသည်။    ဒေါက်တာအေးမောင်က "ကျွန်တော် ဒီမေးခွန်းမေးတာက အရပ်ဘက်၊ စစ်ဘက် အဆင်ပြေဖို့ မေးမြန်းရခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလတုန်းက အာဏာရယူထားတဲ့ ဘာမဆိုဆောင်ရွက်နိုင်စွမ်းရှိခဲ့စဉ်တုန်းက သိမ်းယူခဲ့တဲ့မြေတွေပါ။ အစိုးရနဲ့ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးပိုမိုကောင်းမွန်လာဖို့အတွက် ရည်မှန်းချက်ကြီးကြီးဖြင့် မေးမြန်းရခြင်းဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်က သံတွဲမှာ ခလရ ၅၅ က တိုးချဲ့ဖို့သိမ်းယူခဲ့တာရှိပါတယ်။ ရွာမြေလို့သတ်မှတ်လို့ရတဲ့နေရာ ၃၅ ဒသမ ၅ ဧကကို ခြိမ်းခြောက်မှုတွေနဲ့သိမ်းယူခဲ့တယ်။ ကာလပေါက်ဈေး သိန်း ၅၀၀၀ လောက်ရှိခဲ့တဲ့မြေကို တစ်ဧကကို ကျပ် ၂၈၀၀၀ ဈေးနှုန်းနဲ့  ကာကွယ်ရေးဝန်ကြီးဌာနက သိန်း ၃၀ ကျော်လောက်နစ်နာကြေးပေးပြီးကာမှ သိမ်းယူခဲ့ပါတယ်။ မူလအတိုင်းအသုံးမပြုဘဲ ဟိုတယ်တွေဆောက်ခဲ့ပါတယ်။ ထို့အတွက် နစ်နာခဲ့သူများအား ထိုက်တန်သည့်လျော်ကြေးများပေးရန် မေးမြန်းရခြင်းဖြစ်ပါတယ်" ဟုပြောကြားသည်။    ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က "ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဟိုတယ်ဆောက်လုပ်ခဲ့တာရှိပါတယ်။ ဟိုတယ်တွေရဲ့ မြေငှားရမ်းခတွေကိုလည်း မည်သည့်အဖွဲ့အစည်းမျှ သုံးစွဲမှုမရှိဘဲ နိုင်ငံတော်ဘဏ္ဍာသို့ပေးသွင်းလျက်ရှိပါတယ်။ တပ်မတော်အနေဖြင့် ပိုလျှံသည့်မြေများအား ပြန်လည်စွန့်လွှတ်လျက်ရှိပါတယ်" ဟုဖြေကြားသည်။      

Most Read

Most Recent