စစ်မှန်သော ခေါင်းဆောင်မှုကို ရှာဖွေခြင်း

စစ်မှန်သော ခေါင်းဆောင်မှုကို ရှာဖွေခြင်း
Published 6 March 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ခေါင်းဆောင်မှုက အရေးပါတယ်။ ခေါင်းဆောင်မှု ကောင်းပါမှ အရာရာတိုင်းက တိုးတက်မှု၊ အောင်မြင်မှုတွေ ရရှိနိုင်ကြမှာ ဖြစ်တယ်။ မိသားစု တစ်စုမှာလည်း ခေါင်းဆောင်မှု လိုအပ်သလို အဖွဲ့အစည်းတွေမှာလည်း ခေါင်းဆောင်မှု လိုအပ်တယ်။ နိုင်ငံတွေမှာလည်း ခေါင်းဆောင်မှု လိုအပ်တယ်။ စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းကို ရှာဖွေတတ်ကြရမှာ ဖြစ်တယ်။ဘယ်လိုနေရာမှာဖြစ်ဖြစ် စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့က အလုပ်ကို ကြိုးစားလုပ်ကြရတယ်။ ဘယ်လိုကြိုးစား လုပ်ဆောင်မှုမှာဖြစ်စေ လူတော်ခေါင်းဆောင်တစ်ယောက် ဖြစ်လာစေရတာဖြစ်တယ်။ သင်နဲ့အတူ မွေးဖွားရာကနေ ပါရှိလာတဲ့ အခြားသူတွေနဲ့မတူ ကွဲပြားခြားနားတဲ့ အားတွေကို အသုံးပြုပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပြကြရတာ ဖြစ်တယ်။ ဒါမှ စံနမူနာပြခေါင်းဆောင် Role Model Leader ဖြစ်လာမှာ ဖြစ်တယ်။ မှန်ကန်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်စေဖို့မှာ သင်လုပ်ဆောင်မယ့် လုပ်ငန်းတွေအတွက် စိတ်ဇောအဟုန် ဗီဇကောင်းက မွေးရာပါဖြစ်ဖို့ လိုအပ်တယ်။ ဖြူစင်တဲ့ နှလုံးသားနဲ့ ရလဒ်ကောင်းတွေ ရရှိနိုင်စေဖို့ မိမိကိုယ်တိုင် စည်းကမ်းရှိစွာနဲ့ ဆက်နွှယ်လုပ်ဆောင်မှုတွေ ပြုလုပ်ကြရတာ ဖြစ်တယ်။စစ်မှန်တဲ့ခေါင်းဆောင် ဖြစ်လာစေဖို့-(၁) မိမိကိုယ်တိုင်နဲ့ မိမိရဲ့ စိတ်ရင်းအမှန်ကို ပထမဦးစွာ နားလည်အောင် လုပ်ဆောင်ရမယ်။ စိတ်ရင်းအမှန်ကနေ မှန်ကန်တဲ့ ခေါင်းဆောင်မှုဖြစ်စေဖို့ လမ်းကြောင်းဖော်ဆောင်ပေးမှာ ဖြစ်တယ်။(၂)  မိမိရဲ့ လုပ်ဆောင်ချက်တွေကို လမ်းပြပေးနိုင်စေမယ့် မိမိကိုယ်မိမိ ယုံကြည်မှုဖြစ်ထွန်းစေတဲ့ သင်ပိုင်ဆိုင်တဲ့ သင့်ရဲ့တန်ဖိုးတွေ ဖြစ်တယ်။ ဒါကို သင်ကိုယ်တိုင်ကလွဲပြီး အခြားသူတွေက ဆုံးဖြတ်မပေးနိုင်ပါ။ စစ်မှန်တဲ့ ခေါင်းဆောင်မှုမှာ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ဖော်ထုတ်လုပ်ဆောင်နိုင်ဖို့မှာ သင့်မှာရှိနေတဲ့ တန်ဖိုးတွေက ဦးဆောင်သွားစေမှာ ဖြစ်တယ်။ အကယ်၍ တန်ဖိုးတွေအတိုင်း မှန်ကန်စွာ လုပ်ဆောင်နိုင်မှု မရှိရင် သင့်ရဲ့ ခေါင်းဆောင်မှုမှာ လူတွေရဲ့ယုံကြည်မှု ဆုံးရှုံးမှုများစွာ ပေါ်ပေါက်လာစေမှာ ဖြစ်တယ်။(၃) မှန်ကန်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာစေဖို့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုတိုင်းမှာ နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ ပေါင်းစပ်လုပ်ဆောင်ရမှာဖြစ်တယ်။ ဒီနေရာမှာ စာဖတ်အားနည်းတဲ့ ဝန်ကြီးတစ်ဦးက နှလုံးသားနဲ့ အလုပ်မလုပ်ဘဲ ဦးနှောက်နဲ့ အလုပ်လုပ်ရမယ်လို့ ပြောတာ ကြားလိုက်ရတယ်။ အပြောဆင်ခြင်ဖို့ပါ။ ပြောတာမှားသွားတော့ မိမိကိုယ်မိမိ သိက္ခာကျသွားစေတာ ဖြစ်တယ်။ မိမိပြောမယ့် စကားတစ်ခွန်းက မပြောမီမှာ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေဖို့ စာများများ ဖတ်ကြရမှာ ဖြစ်တယ်။ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ သဘောပါ။(၄) ဆက်နွှယ်လုပ်ဆောင်မှုကောင်းတွေ ရှိမှုက မှန်ကန်တဲ့ခေါင်းဆောင်ရဲ့ လိုအပ်ချက်တစ်ခု ဖြစ်တယ်။ ဆက်နွှယ်မှုတွေရဲ့ လုပ်ဆောင်မှုအားလုံးမှာ စိတ်ရှည်သည်းခံနိုင်မှုနဲ့ ရေရှည်ဆက်နွှယ်မှုဖြစ်စေဖို့ လိုအပ်တယ်။ ပွင့်လင်းမြင်သာမှုနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နိုင်မှုက ယုံကြည်မှုနဲ့ ကတိကဝတ်ထားရှိ လုပ်ဆောင်မှုတွေ ဖြစ်ထွန်းပေါ်ပေါက်လာစေတာ ဖြစ်တယ်။(၅) မှန်ကန်တဲ့ခေါင်းဆောင်မှာ ရလဒ်ကောင်းတွေ စဉ်ဆက်မပြတ် ထုတ်ပေးနိုင်စေဖို့  မိမိကိုယ်တိုင် စည်းကမ်းရှိစေမှုကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးရမှာ ဖြစ်တယ်။ မိမိကိုယ်တိုင် စည်းကမ်းမရှိဘဲ အခြားသူတွေကို စည်းကမ်းလိုက်နာစေဖို့ မဖြစ်နိုင်ပါ။ ကိုယ်တိုင် စည်းကမ်းရှိစေမှုက မိမိရဲ့ ကိုယ်ကျင့်သိက္ခာ စံချိန်စံညွှန်းကို မြှင့်တင်ပေးသလို အခြားသူတွေကိုလည်း သူတို့ရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ တာဝန်ယူစိတ် ရှိလာစေတာ ဖြစ်တယ်။ တစ်ခါမိမိကလည်း မိမိအမှားတွေကို ဝန်ခံရဲတဲ့ သတ္တိတွေ ရှိလာစေကာ အမှားတွေကနေ အမှန်တွေဖြစ်လာစေတာ ဖြစ်တယ်။သံလိုက်အိမ်မြှောင်တွေမှာ မြောက်အရပ်ကို အမြဲပြသပေးနေတာမို့ အဲဒီမြောက်အရပ် မှန်ကန်စွာ သိရှိနိုင်မှုကနေ အခြားနေရာတွေကိုလည်း မှန်ကန်စွာ သိရှိနိုင်စေတာ ဖြစ်တယ်။ ဒါကြောင့် မှန်ကန်တဲ့ ခေါင်းဆောင်တွေက မှန်ကန်တဲ့ မြောက်အရပ်ကို ရှာတွေ့နိုင်ရမယ်လို့ ဆိုတယ်။ မှန်ကန်တဲ့မြောက်အရပ်ကို မှန်ကန်စွာ မရှာဖွေနိုင်တဲ့ ခေါင်းဆောင်က လုပ်ဆောင်ချက်မှာ အမှားမှားအယွင်းယွင်း ဖြစ်စေတာဖြစ်တယ်။စစ်မှန်တဲ့ခေါင်းဆောင်ဖြစ်မှသာ ခေါင်းဆောင်မှုခရီးမှာ လမ်းကြောင်းမှန်အတိုင်း လျှောက်လှမ်းနိုင်စေမှာ ဖြစ်တယ်။ စာရေးသူတို့နိုင်ငံမှာ ခေါင်းဆောင်နေရာ ရထားသူတွေကို မေးလိုတဲ့မေးခွန်းက မိမိကိုယ်မိမိ စစ်မှန်တဲ့ခေါင်းဆောင် ဖြစ်ပါရဲ့လားဆိုတာ ဖြစ်တယ်။ စစ်မှန်တဲ့ခေါင်းဆောင်တွေ ဖြစ်မှသာ မိမိနိုင်ငံ တိုးတက်သလို မိမိနိုင်ငံသားတွေရဲ့ ဘဝအရည်အသွေးလည်း မြင့်မားလာစေမှာဖြစ်တယ်။ မိမိကိုယ်မိမိ စစ်မှန်တဲ့ခေါင်းဆောင် ဟုတ်မဟုတ် ဆန်းစစ်ရာမှာ-(၁) မိမိရဲ့ နောက်ခံဘ၀ အခြေအနေ၊(၂) ရှေ့ကနေ သွားခဲ့ကြတဲ့ ခေါင်းဆောင်ဆိုသူတွေက ဘာကြောင့် လမ်းတွေ ပျောက်ခဲ့ကြတာလဲ၊(၃) မိမိနိုင်ငံအတွင်းမှာ ခေါင်းဆောင်က ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ပါသလားဆိုတဲ့ အချက်တွေနဲ့ ဆန်းစစ်ကြရမှာ ဖြစ်တယ်။ ရှေ့ကလူတွေလို လမ်းမပျောက်စေဖို့ မိမိနိုင်ငံ ဘက်စုံတိုးတက်လာစေဖို့ ခေါင်းဆောင်မှု အရည်အသွေးတွေ မြင့်မားအောင် လုပ်ဆောင်ကြပါလို့ ဆိုချင်ကြောင်းပါ။

Most Read

Most Recent