တတိယမဏ္ဍိုင်ရဲ့ ခံကတုတ်များ

တတိယမဏ္ဍိုင်ရဲ့ ခံကတုတ်များ
Published 4 March 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)

(၁)စစ်ဘုရင် နပိုလီယန်က တိုင်းပြည်တစ်ပြည်၊ မြို့ကြီးတစ်မြို့ သိမ်းပိုက်ပြီးတိုင်း ပထမဆုံးပေးသော အမိန့်မှာ မြို့တွင်းရှိ ရှေ့နေနှင့် ခွေးများကို မြို့ပြင်မောင်းထုတ်ခြင်း ဖြစ်သည်။ ခေတ်သစ် ၂၁ ရာစုတွင်လည်း အလားတူဖြစ်ရပ်များ ခေတ်ကုန်မသွားသေး။ ဗြိတိန်မှ ဥပဒေလောက အသိုင်းအဝိုင်းတွင် အကျယ်လောင်ဆုံး ဝေဖန်သူများအနက် တစ်ဦးဖြစ်သည့် မြို့စား HELENA KENNEDY က သူမ၏ အောင်မြင်ထင်ရှားလှသည့် 'Just Law' စာအုပ်တွင် ဤအချက်ကို မီးမောင်းထိုးပြခဲ့သည်။ ဤစာအုပ်ကို ပထမအကြိမ်အဖြစ် Random House က ဗြိတိန်တွင် ၂ဝဝ၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ သူမ၏ အခြားထင်ရှားကျော်ကြားသည့် စာအုပ်မှာ ‘အိဗ် အမှုဆင်ခံရခြင်း, အမျိုးသမီးနှင့် ဥပဒေ’ "Eve was framed,woman and the Law" ဖြစ်သည်။ HELENA KENNEDY ၏ Just Law စာအုပ် အခန်း ၇ မှ ပထမပိုင်းတွင် အောက်ပါအတိုင်း အစပျိုးထားသည်။‘ရှေ့နေတွေ အကုန်သတ်ပစ်’ (ဘုရင်ကြီး) ရှိတ်စပီးယား၏ ‘အမှတ်-၆..ဟင်နရီ ဘုရင်ကြီး’အပိုင်း (၂) တွင် သားသတ်သမား ‘ဒစ်’ က ကျုပ်တို့ ပထမဆုံး လုပ်ရမယ့်အလုပ်က ရှေ့နေတွေ အကုန်သတ်ပစ်ဖို့ဟု ဟစ်အော်လိုက်သည်နှင့် ရယ်သံများ ထွက်ပေါ်လာလေ့ ရှိသည်။ ရှေ့နေတို့၏ စာပေပုံရိပ်မှာ မကောင်း၊ အကြောင်းမှာ အများအမြင်တွင် လူ့အသိုင်းအဝိုင်းအတွက် မြင်သာသည့် အကျိုးပြုမှု အနည်းငယ်သာ ရှိသော်လည်း မြင့်မားသည့်ဝင်ငွေ ရကြသည်။ ထင်ရှားသည့် မြင်းပြိုင်ပွဲများတွင် မြေယာအကျိုးဆောင်များ၊ နိုင်ငံရေးသမားများနှင့်အတူ ရှေ့နေများကို တွေ့ရတတ်၏။ ဥပဒေအသက်မွေးဝမ်းကျောင်း၏ အခန်းကဏ္ဍသည် လူ့အဖွဲ့အစည်း၏ ဆင့်ကဲဖြစ်စဉ်တွင် အတိအကျ ကိုက်ညီမှု ရှိမရှိ လူထု၏ ကျယ်ပြန့်သောအမြင် မည်သို့ပင် ရှိစေကာမူ အမှန်စင်စစ် ဖိနှိပ်ချုပ်ချယ်မှု အတွေ့အကြုံရှိသည့် နိုင်ငံများတွင် ရှေ့ဆုံးတန်းမှ ခုခံနေကြသူများမှာ ရှေ့နေများပင် ဖြစ်ပါသည်။(၂)မြန်မာ့သမိုင်းတွင်လည်း ဤအတိုင်းပင် ဖြစ်ပါသည်။ ဒေါက်တာဘမော်၊ ဒေါက်တာသိန်းမောင် စသည့် ဥပဒေပညာရှင် အာဏာရ နိုင်ငံရေးသမားများ ရှိသည့်နည်းတူ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြနှင့် ဖက်ဆစ်ဆန့်ကျင်ရေး လှုံ့ဆော်ခဲ့သည့် လက်ပံတန်း ဦးဘတင် စသည့် ရှေ့နေများ ရှိခဲ့ပါသည်။၁၉၈၈ လူထုအရေးတော်ပုံကြီးတွင်လည်း ရှေ့နေများက ရှေ့ဆုံးတန်းမှ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ် ဩဂုတ် ၁ဝ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြလူအုပ်ကြီးအား မဆလအစိုးရက ပစ်ခတ်ဖြိုခွင်းမှုနှင့် ပတ်သက်၍ ထိုစဉ်က မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (Bar Council) က အစိုးရသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂-၁ (ခ) အရ ကြိုတင်ကြံစည်၍ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း၊ ဂုဏ်ပြောင်လှသည့် ကြေညာချက်ထုတ်ပြီး တစ်နိုင်ငံလုံးရှိ ရှေ့နေအသင်းများကို သပိတ်မှောက်ရန် တပ်လှန့်ခဲ့သည်။ ဤသို့ဖြင့် နိုင်ငံတစ်ဝှန်းလုံးရှိ ရှေ့နေများ၊ လူထုသပိတ်တိုက်ပွဲကြီးအတွင်း ပါဝင်လာရာ မဆလ တရားစီရင်ရေးစနစ်ကြီး ရပ်ဆိုင်းသွားခဲ့ရသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီးအား စစ်တပ်က ရက်ရက်စက်စက်ချေမှုန်း အာဏာသိမ်းခဲ့ပြီးနောက်တွင် ရှေ့နေ အမြောက်အမြား ထောင်သွင်းအကျဉ်းချ ခံခဲ့ရသည်။ မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို ဖျက်သိမ်းပြီး ပြန်လည်ဖွဲ့စည်းရာတွင် အမှန်တကယ် အမှုလိုက်ပါ ဆောင်ရွက်နေသော ရှေ့နေကြီးများ ပါဝင်မလာတော့ဘဲ ၎င်းတို့၏ လက်ပါးစေ ဝန်ထမ်းဟောင်းများကိုသာ ရှေ့နေအဖြစ် ထည့်သွင်းဖွဲ့စည်းခဲ့ကြသည်။ အဆိုပါ ဘားကောင်စီများသည် စစ်အစိုးရ အလိုကျ၊ ရှေ့နေများကို ဖိနှိပ်ချုပ်ချယ်ခဲ့ကြသည်။ ထောင်ဒဏ်မှ ပြန်လည်လွတ်မြောက်လာသည့် ရှေ့နေများကို တည်ဆဲ ၁၉၂၉ ခုနှစ် ဘားကောင်စီဥပဒေနှင့် မညီဘဲ လိုင်စင်ရုပ်သိမ်းခဲ့ကြသည်။ ‘ခုခံချေပခွင့် လုံးဝမရှိ’ ဥပဒေအတိုင်း တရားလွှတ်တော်ချုပ် ရှေ့မှောက်တွင် ဘားကောင်စီ ကိုယ်စားလှယ်၊ ရှေ့နေချုပ်ရုံး၊ စွပ်စွဲခံရသူ တရားလွှတ်တော် ရှေ့နေတို့ကို ကြားနာပြီးမှ အဆုံးအဖြတ်ပြုရန် ပြဋ္ဌာန်းထားပါလျက် လုံးဝကြားနာခြင်းမရှိဘဲ စာရွက်တစ်ရွက်ဖြင့် လိုင်စင်ရုပ်သိမ်းခဲ့ကြသည်။ တရားမျှတမှု ကင်းမဲ့လှသည့် လုပ်ရပ်ဖြစ်ပါသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးခဲ့သော်လည်း ရှေ့နေများဘဝမှာ မပြောင်းလဲ။ ထုံးစံအတိုင်း ဥပဒေနှင့်အညီ တရားလွှတ်တော်ချုပ်ရှေ့တွင် ကြားနာခြင်းမရှိဘဲ ခုခံချေပခွင့် မရဘဲ လိုင်စင်ရုပ်သိမ်းခံရသည့် တရားလွှတ်တော်ရှေ့နေ ၂ဝဝ ကျော် ရှိနေဆဲ။
ရှစ်လေးလုံး အရေးတော်ပုံကြီးအား စစ်တပ်က ရက်ရက်စက်စက်ချေမှုန်း အာဏာသိမ်းခဲ့ပြီးနောက်တွင် ရှေ့နေ အမြောက်အမြား ထောင်သွင်းအကျဉ်းချ ခံခဲ့ရသည် . . . . .

စာနယ်ဇင်းကောင်စီ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ သဘင်ကောင်စီ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရရှိသော်လည်း ရှေ့နေအသင်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရသေး။ ပြင်ဆင်ရန် ကြံစည်နေသည့် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေကြမ်းတွင်လည်း လွတ်လပ်သော ရှေ့နေများ ကိုယ်စားပြုခွင့်မရဘဲ ရှေ့နေချုပ်ကသာ ရှေ့နေ ၁၁ ဦး ရွေးချယ်ထားခွင့် ဆုပ်ကိုင်ထားသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ (Freedom of Association) နှင့် ၂ဝဝ၈ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ ပြဋ္ဌာန်းချက်များ ချိုးဖောက်ခံရခြင်းပင် ဖြစ်ပါတော့သည်။(၃)ယခုလည်း ရှေ့နေများကို ချုပ်ကိုင်ရန် နောက်ထပ်ခြေတစ်လှမ်း တိုးလာကြပြန်သည်။ အမျိုးသားပညာရေး ဥပဒေကြမ်းကို အများကန့်ကွက်နေသည့်ကြားမှ ဇွတ်အတည်ပြုခဲ့သည့်အတွက် မလိုလားအပ်သော ပြဿ နာများ ပေါ်ပေါက်လာပြီး တစ်တိုင်းပြည်လုံး ရင်တမမ ဖြစ်နေရသည့် အခြေအနေတွင် ဥပဒေ အထောက်အကူပြု ဥပဒေကြမ်း (Legal Aid Law) ဆိုသည်ကို ပဉ္စမံတပ်သားများက တင်သွင်းရန် ကြံစည်နေကြသည်ဟု ကြားသိရပြန်ပါသည်။ ကြားသိရသည်ဟု ဆိုရခြင်းမှာ အဆိုပါ ဥပဒေကြမ်း ဆိုသည်ကို အများပြည်သူ သိရှိစေခြင်းငှာ သတင်းစာတွင် ကြေညာဖော်ပြခြင်း မရှိဘဲ တိတ်တဆိတ် ဥပဒေအဖြစ် အသက်သွင်းရန် ကြံစည်ခဲ့သည့်အတွက် ဖြစ်ပါသည်။ ရှေ့နေများ သိရှိသွားက ဝေဖန်ထောက်ပြမည်စိုး၍ ထင်ပါသည်။ယခုတစ်ကြိမ်တော့ ရှေ့နေများကို ချုပ်ကိုင်ရန် ‘ရွှေဉာဏ်တော် စူးရောက်’ သူမှာ ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးတစ်ခု၏ အရပ်ဘက် လူ့အဖွဲ့အစည်းအမည်ခံ တစ်ဖွဲ့မှ နိုင်ငံခြားသားတစ်ဦးနှင့် ပုဆိန်ရိုး မြန်မာရှေ့နေအချို့ ပါဝင်သည်ဟု သိရပါသည်။ မြန်မာနိုင်ငံတွင် ကျင့်သုံးရမည့် ဥပဒေတစ်ရပ်ကို နိုင်ငံခြားတိုင်းပြည်တစ်ခုမှ ချမှတ်ပေးသည်ဆိုခြင်းမှာ အချုပ်အခြာအာဏာကို ထိပါးခြင်းပင်ဖြစ်သည်။ မြန်မာ့ရေ၊ မြေ၊ သမိုင်း၊ ယဉ်ကျေးမှုနောက်ခံ၊ နိုင်ငံရေးအခင်းအကျင်းနှင့် မြန်မာရှေ့နေများ၏ ဘဝရပ်တည်ရမှု အနေအထားကို နားမလည်ဘဲ ‘လူတတ်’ ဝင်လုပ်ခြင်းပင် ဖြစ်သည်။ သို့ရာတွင် ကုလသမဂ္ဂ အပါအဝင် ဂုဏ်သိက္ခာရှိသော နိုင်ငံတကာ အဖွဲ့အစည်းများက တစ်ခဲနက် ကန့်ကွက်ဆန့်ကျင်နေကြသည်။ နိုင်ငံတကာ ဥပဒေပညာရှင်များက ကူညီဝေဖန် ထောက်ပြနေကြသည်။ရှေ့နေအသင်းအဖွဲ့များဟူသည် အတိုက်အခံ အဖွဲ့အစည်း နိုင်ငံရေးပါတီတစ်ရပ် မဟုတ်ပါ။ ရှေ့နေတစ်ဦးချင်း နိုင်ငံရေး အယူအဆ မည်သို့ပင်ရှိစေ ရှေ့နေအသင်းများသည် ပြည်သူတို့၏ ‘နိုင်ငံရေးထီးရိပ်’ (Legal Umbrella) ဖြစ်သင့်ပါသည်။ လွတ်လပ်သော အမှီအခိုကင်းသော အဖွဲ့အစည်းအဖြစ် ပြည်သူကို ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်သူများ ဖြစ်သင့်ပါသည်။ ရှေ့နေရှေ့ရပ်တို့၏ ဘဝမြှင့်တင်ရေး၊ ရပိုင်ခွင့်နှင့် တာဝန်တို့ကို သယ်ဆောင်ပြဋ္ဌာန်းသင့်ပါသည်။ တတိယမဏ္ဍိုင်ဖြစ်သော တရားစီရင်ရေး တည့်မတ်စေရာတွင် ရှေ့နေရှေ့ရပ်တို့၏ အခန်းကဏ္ဍသည်လည်း တရားသူကြီး၊ ဥပဒေအရာရှိ၊ ရဲတပ်ဖွဲ့တို့နည်းတူ အရေးကြီးပါသည်။ကျွန်တော်တို့ခေတ်၏ မြန်မာနိုင်ငံ၌ အကျော်ကြားဆုံး ဥပဒေပညာရှင်များတွင် အပါအဝင်ဖြစ်သော ဆရာကြီးဦးမြက ၎င်း၏ (ဥပဒေပြဿနာအဖြာဖြာ) စာအုပ် စာမျက်နှာ ၈ တွင် “တရားလွှတ်တော်ကို ကိုလိုနီခေတ် တရားစီရင်ရေးစနစ် စတင်ပြီးနောက် နှစ် ၅ဝ ကြာမှ ၁၉၂၂ နှစ်ကုန်တွင် တည်ထောင်ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်မူ တရားဌာန မင်းကြီးရုံးကို ရှေ့ပြေးအဖြစ် တည်ထောင်ပြီး (၁၅-၂ဝ)နှစ်အကြာတွင် တရားလွှတ်တော်ကို တည်ထောင်ပေးခဲ့သည်။ “မြန်မာနိုင်ငံတွင် နယ်များ၌ အရည်အချင်းရှိသော ရှေ့နေများ ရရှိအောင် လေ့ကျင့်ခဲ့ရသည့်အတွက် တရားလွှတ်တော်ကို တည်ထောင်ရာ၌ အချိန်ယူခဲ့သည်ဟု သိရပါသည်။ အမှုများ တည်ဆောက်ရာ၌ မူလတရားရုံး၌ လိုက်ပါဆောင်ရွက်သော ရှေ့နေရှေ့ရပ်များ အရေးပါမှုကို မည်သူမျှငြင်းနိုင်မည် မဟုတ်” ဟု ဖော်ပြထားပါသည်။ယခုမူ လွတ်လပ်၍ အမှီအခိုကင်းသော နိုင်ငံလုံးဆိုင်ရာ ရှေ့နေအသင်းကြီး (သို့မဟုတ်) အမျိုးသားရှေ့နေအသင်းကြီး (National Bar) ပေါ်ပေါက်ရန် နိုင်ငံတကာ ရှေ့နေအသင်းကြီး (International Bar Association I.B.A)၊ နိုင်ငံတကာ တရားရေးကော်မရှင် (ICJ)၊ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတို့၏ ကူညီမှုဖြင့် တစ်နိုင်ငံလုံးမှ ရှေ့နေများ စုပေါင်းဆောင်ရွက်နေကြရာ ပြီးခဲ့သောနှစ် မန္တလေးကွန်ဖရင့်၊ တောင်ကြီးကွန်ဖရင့်၊ ရန်ကုန်ကွန်ဖရင့်နှင့် ယခု ဖေဖော်ဝါရီ ၂၈ ရက်တွင် ငွေဆောင်ကွန်ဖရင့် လေးကြိမ်တိုင်ပြီ ဖြစ်ပါသည်။ ဦးဆောင်ကော်မတီ ၄၈ ဦးနှင့် ယင်းမှ ဖွဲ့စည်းပုံစည်းမျဉ်းရေးဆွဲရေး ကော်မတီ ၁၅ ဦး ရွေးချယ်ပြီး ဆောင်ရွက်ခဲ့ရာ အသင်းကြီး၏ ဖွဲ့စည်းပုံစည်းမျဉ်းကို မကြာမီ အတည်ပြုနိုင်တော့မည် ဖြစ်ပါသည်။ ရှေ့နေများ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတော့မည့်အချိန် ‘ဓမ္မောဟဝေရက္ခတိ တရားကို စောင့်သူအား တရားက ပြန်စောင့်ချိန်’ မဝေးတော့ပြီ။

Most Read

Most Recent