ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိအတည်ပြု

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိအတည်ပြု
Published 20 February 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိအတည်ပြုခဲ့သည်။နိုင်ငံတော်သမ္မတရုံး၏ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်(၁/၂၀၁၅) အရေးပေါ်အခြေအနေကြေညာခြင်းနှင့် အမိန့်အမှတ် (၂/၂၀၁၅) စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုနိုင်ရန်အတွက် သမ္မတရုံးဝန်ကြီးဦးအောင်မင်းက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစ၍ ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ ယင်းသို့တိုက်ခိုက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားလာကြောင်း၊ ပြည်သူများ၏လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရုံဖြင့် မလုံလောက်သည့်အတွက် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခြင်းမရှိတော့ကြောင်း၊ ထို့အတွက် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ကို (၁/ ၂၀၁၅) ဖြင့် အမိန့်စတင်ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၉၀ အထိ အရေးပေါ်အခြေအနေကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း ဦးအောင်မင်းကပြောကြားသည်။ထို့အပြင် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်(၁/၂၀၁၅)ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မူလအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်များနှင့် တာဝန်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ကျင့်သုံးဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာအပ်နှင်းခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစ၍ ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ စတင်တိုက်ခိုက်ခဲ့ကြောင်း၊ မော်ထိုက်မြို့အနီးရှိ အမှတ် ၁၂၈ ခြေလျင်တပ်ရင်းအား လက်နက်ကြီးလက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတွက် ဝန်ထမ်းများအား မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် ဟုံအိုင်ရွာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ကုန်းကြမ်း၊ တာရွှေထန်၊ မော်လိုက်ဒေသများတွင် တပ်မတော်နှင့် ကိုးကန့်သောင်းကျန်းသူများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ရကြောင်း၊ ဆီအောအကျဉ်းထောင်တိုက်ခိုက်ခံရမှုတွင် ဒုရဲအုပ်တစ်ဦးကျဆုံးခဲ့ကြောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် ကိုးကန့်ရဲတပ်ဖွဲ့ဝင်ခြောက်ဦးကျဆုံးခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

တိုက်ပွဲများကြောင့် တရုတ်နိုင်ငံဘက်ခြမ်းတွင် ပိတ်မိနေသော ဆရာ၊ ဆရာမများနှင့် ကလေးငယ်များ မြန်မာ-တရုတ်နယ်စပ်ချောင်းကို ဖေဖော်ဝါရီ ၂၀ ရက်က ဖြတ်ကျော်နေစဉ် (ဓာတ်ပုံ-အောင်ရဲကို)ဖေဖော်ဝါရီ ၁၁ ရက်မှစကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်မှ စ၍ နေ့စဉ် ၁၈း၀၀ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် လောက်ကိုင်မြို့အတွင်းသို့ ကိုးကန့်သောင်းကျန်းသူများ စိမ့်ဝင်ရောက်ရှိကာ နေ့အချိန်တွင် အိမ်များအတွင်းပုန်းအောင်းနေကာ ညပိုင်းအချိန်များတွင် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးများအား အလစ်ဝင်ရောက်တိုက်ခိုက်ကြောင်း၊ ထို့အတွက် ၎င်းတို့ပုန်းအောင်းနေသည့်နေရာများအား မြို့တွင်းစစ်ဆင်ရေများဆောင်ရွက်ခဲ့ရကြောင်း ဦးအောင်မင်းကပြောကြားသည်။လောက်ကိုင်ခရိုင်အတွင်း ကိုးကန့်သောင်းကျန်းသူအဖွဲ့များသည် နေရာအနှံ့အပြား၌ စိမ့်ဝင်လျက်ရှိပြီး ကိုးကန့်ဒေသအား ပြန်လည်သိမ်းဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အရပ်သားများအသွင်ယူလျက် လုံခြုံရေးအဖွဲ့အစည်းများအား တိုက်ခိုက်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ယင်းအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတင်မောင်ဦး၊ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်မှ ဦးမန်းဂျော်နီနှင့် ဒေါက်တာဇော်မြင့်မောင်တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမန်းဂျော်နီက "ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ကျွန်တော်တို့မြန်မာနိုင်ငံကပိုင်တဲ့ ပြည်ထောင်စုနယ်မြေဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုနယ်မြေလုံခြုံရေးနဲ့ တည်တံ့ခိုင်မြဲရေးအတွက် အခုလိုအမိန့်ကြော်ငြာစာထုတ်တာကို ထောက်ခံပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားညီအစ်ကိုများအတွင်း မလိုလားအပ်တဲ့စိုးရိမ်ကြောင့်ကြမှုတွေမဖြစ်ပေါ်စေဖို့ တပ်မတော်အနေဖြင့် ဆောင်ရွက်ပေးဖို့တိုက်တွန်းလိုပါတယ်" ဟုဆွေးနွေးသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးတင်မောင်ဦးက "ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့အခြေအနေဟာ ဒေသတွင်းရှိ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုတဲ့ အရေးပေါ်အခြေအနေကိုရောက်နေပါတယ်။ ဒီဒေသရဲ့တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တပ်မတော်ကသာလျှင် အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။အဲဒီအတွက် နိုင်ငံတော်သမ္မတရုံးရဲ့ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/ ၂၀၁၅) အရေးပေါ်အခြေအနေကြေညာခြင်းနဲ့ အမိန့်အမှတ်(၂/၂၀၁၅) စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းသည် နိုင်ငံတော်၏အချုပ်အခြာအာဏာထိပါးမှုကို ကာကွယ်ရန်လည်းကောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန်လည်းကောင်း၊ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာမှာတွေ့ကြုံရတဲ့ အနှောင့်အယှက်တွေကိုဖယ်ရှားပြီး အောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံပေါ်ပေါက်ရန်အတွက်လည်းကောင်း မဖြစ်မနေဆောင်ရွက်သင့်တဲ့လုပ်ငန်းဖြစ်တဲ့အတွက် အလေးအနက်ထောက်ခံပါတယ်" ဟုဆွေးနွေးသည်။

Most Read

Most Recent