ပအို့ဝ်အမျိုးသားနှီးနှောဖလှယ်ပွဲ သထုံမြို့တွင်စတင်

ပအို့ဝ်အမျိုးသားနှီးနှောဖလှယ်ပွဲ သထုံမြို့တွင်စတင်
Published 16 February 2015

နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များနှင့် လိုက်လျောညီထွေသော ပအို့ဝ်အမျိုးသားများ၏ လုပ်ငန်းစဉ်များချမှတ်နိုင်ရေး ဆွေးနွေးမည့် ပအို့ဝ်အမျိုးသား နှီးနှောဖလှယ်ပွဲ/ပအို့ဝ်အမျိုးသားညီလာခံကို ဖေဖော်ဝါရီ ၁၆ ရက်ကစတင်၍ မွန်ပြည်နယ်သထုံမြို့၌ကျင်းပနေပြီး ဖေဖော်ဝါရီ ၁၉ ရက်အထိကျင်းပမည်ဖြစ်သည်။အဆိုပါပအို့ဝ်အမျိုးသားနှီးနှောဖလှယ်ပွဲသို့ ဒေသအနံှ့မှ ပအို့ဝ်အမျိုးသားများ၊  ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ ကိုယ်စားလှယ်များအပါအဝင် ၄၀၀ ဦးခန့် တက်ရောက်နေကြောင်းနှင့် ဆွေးနွေးချက်ရလဒ်များနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါနှီးနှောဖလှယ်ပွဲကျင်းပရေးကော်မတီ နာယကဖြစ်သူ ကရင်ပြည်နယ် ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်သန်းမြင့်ကပြောကြားသည်။အဆိုပါပအို့ဝ်အမျိုးသားနှီးနှောဖလှယ်ပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ရာ အမျိုးသားနှီးနှောဖလှယ်ပွဲတစ်ရပ်သည် ပအို့ဝ်တစ်မျိုးသားလုံးအတွက်သာမက ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးအားလုံးအတွက်ပါ ဒီမိုကရေစီနှင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကိုဦးတည်သည့် ထိရောက်သောနိုင်ငံရေးလမ်းစဉ်များကို အဖြေရှာပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်ဟုပါရှိသည်။ထို့ပြင် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်တစ်ရပ်ထူထောင်နိုင်ရေးအတွက် ကျွနု်ပ်တို့ UNFC အနေဖြင့် ပအို့ဝ်ပြည်သူများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူအားလုံးနှင့် အတူတကွ စုစည်းညီညွတ်စွာ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ချမှတ်လျက် ပအို့ဝ်အမျိုးသားနှီးနှောဖလှယ်ပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်သည်ဟု ဖော်ပြထားသည်။

Most Read

Most Recent